စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအတွင်းနှင့် ကားလမ်းမနံဘေး တရားမဝင် ရွှေတူးဖော်နေမှုများကြောင့် ကျေးရွာနှင့် ကားလမ်းထိခိုက်ပျက်စီးမည်ကို ရွှေတွင်းကျေးရွာသားများမှ စိုးရိမ်နေကြကြောင်း သိရသည်။
တရားမဝင် ရွှေတူးဖော်မှုများကို ယခင်က ရွှေတွင်း ကျေးရွာအနီးတစ်ဝိုက်တွင် ပြုလုပ်ခဲ့ကြပြီး ယခုအခါ ကျေးရွာအတွင်းတွင်ပါ ပြုလုပ်လာကြကာ ရွှေတူးဖော်ထားသည့်နေရာနှင့် စွန့်ပစ်မြေစာပုံများကြောင့် ကျေးရွာအတွင်းရှိ လူနေအိမ်၊ ကားလမ်းမနှင့် ကျေးရွာစာသင်ကျောင်း ထိခိုက်ပျက်စီးမည်ကို စိုးရိမ်နေရကြောင်း ရွှေတွင်းကျေးရွာသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“အရင်ကတော့ ရွာနံဘေးမှာတူးရင်းကနေ တဖြည်းဖြည်းနဲ့ ရွာထဲအထိပါ တူးလာကြတာ။ ကျေးရွာအတွင်းက လူနေအိမ်တွေဖျက်ပြီး တူးကြတယ်။ တချို့တွေလည်း လုပ်ငန်းရှင်တွေက အိမ်ခြံကို ပိုက်ဆံပေးဝယ်ပြီး တူးကြတာရှိတယ်။ ကာလပေါက်စျေးရဲ့ နှစ်ဆလောက် ပေးဝယ်ကြတော့ အိမ်ပိုင်တွေကလည်း ရောင်းကြတာပေါ့။ တချို့ကျတော့လည်း အိမ်ရှင်ကိုယ်တိုင်က သူတို့အိမ်ကိုဖျက်ပြီး တူးကြတာလည်း ရှိတယ်။ အခုလို လုပ်နေကြတော့ ရွာထဲက ကျန်တဲ့လူနေအိမ်တွေပါ ထိခိုက်ပျက်စီးလာမှာ စိုးရိမ်နေကြတယ်။ နောက်ပြီး ကျေးရွာသားတွေအားထားပြီး အသုံးပြုနေကြတဲ့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမှတ် ၂ ဗျူဟာလမ်းမကြီးဘေးမှာပါ တူးနေကြတာ။ လမ်းမကြီးနဲ့ဆိုရင် သုံးပေတောင် မကွာတော့ဘူး။ ရွာအတွင်းနဲ့ လမ်းမကြီးပေါ်သွားလာနေကြတဲ့ လူတွေ၊ ဆိုင်ကယ်၊ ကားတွေ တူးပြီးသားကျင်းထဲ မတော်တဆပြုတ်ကျမှာ စိုးရိမ်ရသလို သွားလာနေရတာလည်း တော်တော်လေးကို အန္တရာယ်များပါတယ်။ ရပ်ကွက်မှာနေပြီး အိမ်ကိုဖျက်ပြီးမှ တရားမဝင်ရွှေတူးနေတဲ့ ကိစ္စတွေကို ကျန်တဲ့ရွာသားတွေက ၀ိုင်းပြောကြတားကြပေမယ့် အရာမထင်ဘူးဖြစ်နေတာ။ အခုဆိုရင် NLD ပါတီက ဆောက်လုပ်လှူဒါန်းထားတဲ့ဆေးခန်း၊ သံယောဇဉ်ရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွေနဲ့ပါ အရမ်းကို နီးကပ်လာတယ်။ ကျောင်းဖွင့်ချိန်ဆိုရင် ကလေးတွေ ကျောင်းသွားလာတဲ့အခါ ကျင်းထိပ်ကနေပြုတ်ကျမှာ အန္တရာယ်ဖြစ်မှာ စိုးရိမ်နေရသလို မိုးရာသီဆိုရင်လည်း ကျင်းထဲမှာ ရေတွေက ပြည့်နေတော့ ရေထဲပြုတ်ကျမှာ ရေနစ်မှာ ကျောင်းသားမိဘတွေက စိုးရိမ်နေရတယ်” ဟု ရွှေတွင်းကျေးရွာသားတစ်ဦးက ပြောကြားသည်။
ကျေးရွာအတွင်းရှိ လူနေခြံများ၊ ကားလမ်းမကြီးနံဘေးတွင် တရားမဝင် ရွှေတူးဖော်နေမှုများကို သက်ဆိုင်ရာသို့ တိုင်တန်းခဲ့သော်လည်း ထိရောက်မှုမရှိခဲ့ကြောင်း သိရသည်။
“ရွာထဲမှာ မတူးဖို့ ကားလမ်းနံဘေးမတူးဖို့ ကျွန်တော်တို့ရွာသားတွေ တားလို့မရတော့ မြို့နယ်၊ ခရိုင်နဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုပါ စာနဲ့တင်ပြဖူးတယ်။ တင်ပြခါစမှာတော့ မြို့နယ်စစ်ဆေးရေးအဖွဲ့တွေ ဆင်းလာတယ်။ သူတို့ဆင်းလာတဲ့အချိန်မှာ ဒီကလူတွေက ကြိုသိထားပြီး ပစ္စည်းတွေဖွက် ကြိုပြီးရှောင်နေကြပြီး သူတို့ပြန်သွားတာနဲ့ ပြန်လုပ်ကြတာပဲ။ နောက်တစ်ခါ ထပ်တိုင်တော့လည်း ဖမ်းဆီးရေးအဖွဲ့ လာပြန်ပြီ၊ တားခိုင်းပြန်ပြီ။ နားခိုင်းပြန်ပြီ။ သူတို့ပြန်သွားရင် ပြန်တူးကြပြန်ပြီနဲ့ လုံးချာပတ်ချာလည်နေပြီး မထိရောက်ဘူး” ဟု ရွှေတွင်းကျေးရွာသားတစ်ဦးက ဆက်လက်ပြောကြားသည်။
ရွှေတွင်းကျေးရွာသည် ဟုမ္မလင်းမြို့နယ်နှင့် ကချင်ပြည်နယ်အကြား ဟုမ္မလင်းမြို့နယ် နယ်နိမိတ်အစွန်းတွင် တည်ရှိပြီး အိမ်ခြေ ၂၄၀ ခန့်ရှိသော ကျေးရွာတစ်ရွာဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွှေထွက်ရှိရာဒေသများရှိ ဒေသခံပြည်သူများ အနေဖြင့် မိမိတို့စားဝတ်နေရေးကို အကြောင်းပြု၍ တရားမဝင် ရွှေတူးဖော်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိခြင်းအပေါ် သက်ဆိုင်ရာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ ကျေးရွာတာဝန်ခံများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာအုပ်စုစာရေးများ၊ အပိုင်ရဲကင်းစခန်းမှ တာဝန်ရှိသူများအနေဖြင့် ဦးစွာသိ ရှိနိုင်သူများဖြစ်ပြီး တရားမဝင်ရွှေတူးဖော်ရန် ပစ္စည်းများ စုဆောင်းခြင်း၊ ပြင်ဆင်ခြင်း၊ တူးဖော်လုပ်ကိုင်နေသူများကို တွေ့ရှိပါက အထက်ဌာနများသို့ အချိန်နှင့်တစ်ပြေးညီ တင်ပြရန်နှင့် သတင်းပို့ရန် ပျက်ကွက်သူများအား ထိရောက်သော အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ်ဌာနဆိုင်ရာများသို့ သတိပေး အကြောင်းကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
