Top News

ဗိုလ်ချုပ်အောင်ဆန်းရုပ်တု မတည်ဆောက်ရန်နှင့် ကရင်နီသမိုင်းအမှန် စာရွက်ဖြန့်ဝေသဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် တရားစွဲဆိုခံထားရသော ကရင်နီလူငယ်များ၏အမှုအား လွိုင်ကော်တရားရုံးတွင် ဆက်လက် ရုံးထုတ်စစ်ဆေး
24htopnews | December 10, 2024 8:12 AM CST

ဗိုလ်ချုပ်အောင်ဆန်းရုပ်တုမ တည်ဆောက်ရန်နှင့် ကရင်နီသမိုင်းအမှန် စာရွက်ဖြန့်ဝေသဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှုနှင့် တရားစွဲဆိုခံထားရသော ကရင်နီလူငယ်များ၏ လွိုင်ကော်မြို့နယ်ရုံးချိန်းကို အောက်တိုဘာ ၁၈ ရက်တွင် စစ်ဆေးရာ တရားလိုဖြစ်သူ ဒုအထွေထွေအုပ်ချုပ်ရေးမှူးက လူငယ်များစာဝေချိန်တွင် မရှိခဲ့ဘဲ ရဲတပ်ဖွဲ့ဝင်များထံမှရသော အချက်အလက်များဖြင့် တရားစွဲဆိုခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု ကရင်နီလူငယ် ခွန်းမျိုးလှိုင်ဝင်းထံမှ သိရသည်။

“သူက တရားလိုတော့လုပ်တယ်။ ကျွန်တော်တို့ စာဖြန့်ဝေတဲ့အချိန်မှာ မရှိခဲ့ဘူး။ ဓာတ်ပုံမှတ်တမ်းမှတ်ရာတွေလည်း ကိုယ်တိုင်မရိုက်ခဲ့ဘဲနဲ့ ရဲတပ်ဖွဲ့ဝင်တွေအပေါ်ကရတဲ့ အချက်အလက်တွေကို တရားလိုလုပ်ပြီး စွဲတာပေါ့နော်။ ဖြစ်နေတဲ့ အခြေအနေအပေါ် အကြောင်းပြုပြီး စာတွေလိုက်ဖြန့်နေတာ သိလားဆိုတော့ မသိပါဘူးတဲ့။ သူ့ခမျာမှာလည်း ဘာမှမဖြေတတ်ဘူး” ဟု တရားစွဲ ခံနေရသော ကရင်နီလူငယ် ခွန်းမျိုးလှိုင်ဝင်းက ပြောကြားသည်။

ယခုအမှုအား ဇူလိုင် ၁၇ ရက်တွင် စတင်ရုံးတင် စစ်ဆေးခဲ့သော်လည်း တရားစွဲဆိုထားသော ကရင်နီလူငယ် ၁၀ ဦးမှ အချို့မှာ အမည်၊ ဖခင်အမည်၊ နေရပ်၊ အလုပ်အကိုင်များမှာ တိကျသေချာမှု မရှိသောကြောင့် တရားသူကြီးက အကြိမ်ကြိမ် ပြန်လည်စိစစ်တင်ပြရန် ပြောဆိုသဖြင့် ယနေ့ အောက်တိုဘာ ၁၈ ရက် ရုံးချိန်းတွင် လူငယ် ခုနစ်ဦးကိုသာ ဆက်လက် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ရုံးချိန်းသို့ ကရင်နီလူငယ်အင်အားစုများမှ လာရောက်၍ လူငယ်များအား ဖိနှိပ်မှုရပ်၊ တိုင်းရင်းသားသမိုင်းအမှန် ဖော်ထုတ်ခြင်းသည် ရာဇဝတ်မှုမဟုတ် စသည်ဖြင့် တီရှပ်များ ဝတ်ဆင် ကမ်ပိန်းပြုလုပ်ကြကြောင်းလည်း သိရသည်။

ကရင်နီလူငယ်များမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုအပြင် ငြိမ်းစုစီပုဒ်မများဖြင့်လည်း ယနေ့လွိုင်ကော်မြို့နယ် ရုံးချိန်းတွင် တစ်ဆက်တည်း တရားရင်ဆိုင်နေကြရကြောင်း သိရသည်။

ဇူလှိုင်လမှ စတင်ကာ ကရင်နီသမိုင်းအမှန် စာရွက်ဖြန့်ဝေသဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိများမှ တရားလိုပြုလုပ်၍ ပုဒ်မ ၅၀၅ (ခ) (ဂ) ဖြင့် လွိုင်ကော် တရားရုံးတွင်လည်းကောင်း၊ ပုဒ်မ ၅၀၅ (ခ) ဖြင့် ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းမြို့တရားရုံးတို့တွင် စုစုပေါင်းလူငယ် ကိုးဦးအားလည်းကောင်း တရားစွဲဆိုထားကြောင်း သိရသည်။ လွိုင်ကော်တရားရုံးတွင် ငြိမ်းစုစီပုဒ်မဖြင့်လည်းကောင်း ကရင်နီလူငယ် ၁၃ ဦးမှာ တရားရင်ဆိုင်နေကြရကြောင်း သိရသည်။

ဇွန် ၂၆ ရက်မှ စတင်ကာ ကယားပြည်နယ်တွင် မယ်စဲ့၊ ဖားဆောင်း၊ ဖရူဆို၊ ဒီးမော့ဆို၊ ရှားတော၊ လွိုင်ကော်စသည့် မြို့နယ်များသို့လည်းကောင်း ရှမ်းပြည်တောင်ပိုင်း မိုးဗြဲနှင့် ဖယ်ခုံမြို့များသို့ ဗိုလ်ချုပ်ရုပ်တု တည်ဆောက်ခြင်းအား ကန့်ကွက်ကြောင်းနှင့် ကရင်နီသမိုင်းအမှန်အား ရေးသားထားသောစာများ ဖြန့်ချိခဲ့ကြောင်း သိရသည်။  


READ NEXT
Cancel OK