Top News

၂၀၂၄ အာဆီယံဖလားပြိုင်ပွဲတွင် ဆုကြေးများ အပြောင်းအလဲရှိမည်မဟုတ်ဘဲ လာမည့် ၂၀၂၆ ပြိုင်ပွဲမှစ၍ ဆုကြေးအပြောင်းအလဲဖြစ်ဖွယ်ရှိဟု AFF အကြောင်းပြန်
24htopnews | December 10, 2024 4:12 AM CST

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် လက်ရှိကျင်းပနေသည့် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲတွင် ဆုကြေးများ အပြောင်းအလဲရှိမည်မဟုတ်ကြောင်းနှင့် လာမည့် ၂၀၂၆ ပြိုင်ပွဲမှသာ ဆုကြေးများ အပြောင်းအလဲဖြစ်ဖွယ်ရှိကြောင်း Eleven Sports သို့ အတည်ပြုအကြောင်းပြန်ခဲ့သည်။

Eleven Sports သည် လက်ရှိကျင်းပနေသည့်  ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲတွင် ဆုကြေးများ အပြောင်းအလဲရှိ၊ မရှိနှင့် ပတ်သက်၍ အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ထံသို့ Email ပို့၍ မေးမြန်းခဲ့ရာ ယခုကဲ့သို့ အကြောင်းပြန်ကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) ၏ အကြောင်းပြန်ကြားမှုတွင် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲတွင် ဆုကြေးများမှာ မူလအတိုင်းသာရှိမည်ဖြစ်ကြောင်းနှင့် နောက်တစ်ကြိမ်ကျင်းပမည့်ပြိုင်ပွဲ(၂၀၂၆) မှသာ အပြောင်းအလဲဖြစ်ဖွယ်ရှိနိုင်ကြောင်း၊ ဆုကြေးများ အပြောင်းအလဲရှိမည်ဆိုပါက မိမိတို့ AFF အနေဖြင့် သတင်းဖော်ပြပေးသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆက်သွယ်လာမှုအပေါ် ကျေးဇူးအထူးတင်ရှိကြောင်း ပါရှိခဲ့သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) သည် အာဆီယံဖလားပြိုင်ပွဲ(ယခင် အာဆီယံချန်ပီယံရှစ်) ကို ၁၉၉၆ ခုနှစ်မှစ၍ နှစ်နှစ်တစ်ကြိမ် ကျင်းပပြုလုပ်ခဲ့သည်။

ဂျပန် မော်တာကုမ္မဏီဖြစ်သည့် ဆူဇူကီးသည် အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF)  နှင့် လက်တွဲ၍ အာဆီယံဖလားပြိုင်ပွဲကို ၂၀၀၈ ခုနှစ်မှ ၂၀၂၀ ပြိုင်ပွဲအထိ ပြိုင်ပွဲ ၇ ကြိမ်ဆက်  Title Sponsor ပေးခဲ့သည်။

ဆူဇူကီးကုမ္မဏီသည် ၂၀၀၈ နှင့် ၂၀၁၀ ပြိုင်ပွဲများအတွက် ဆုကြေးများအဖြစ် ချန်ပီယံဆု ဒေါ်လာ တစ်သိန်း၊ ဒုတိယဆု ဒေါ်လာ ၅ သောင်း၊ ၂၀၁၂ မှ ၂၀၁၆ ပြိုင်ပွဲအထိ ပြိုင်ပွဲ သုံးကြိမ်ဆက်ကို ချန်ပီယံဆု ဒေါ်လာ နှစ်သိန်း၊ ဒုတိယဆု ဒေါ်လာ ၇၅၀၀၀၊ ၂၀၁၈ နှင့် ၂၀၂၀ ပြိုင်ပွဲများအတွက် ချန်ပီယံဆု ဒေါ်လာ သုံးသိန်း၊ ဒုတိယဆု ဒေါ်လာ တစ်သိန်း၊ ဆီမီးဖိုင်နယ်၌ ရှုံးနိမ့်သည့်အသင်းနှစ်သင်းကို ဒေါ်လာ ငါးသောင်းစီ၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ဒေါ်လာတစ်သောင်း ပေးအပ်ခဲ့သည်။

ထို့နောက် ဆူဇူကီးကုမ္မဏီသည် ၂၀၂၀ ပြိုင်ပွဲအပြီးတွင် AFF နှင့် လမ်းခွဲခဲ့ပြီး ၂၀၂၂ ပြိုင်ပွဲတွင် မစ်ဆူဘီရှီအီလက်ထရစ်ကုမ္မဏီက အစားထိုးဝင်ရောက်ခဲ့သည်။

မစ်ဆူဘီရှီအီလက်ထရစ်ကုမ္မဏီသည် ၂၀၂၂ နှင့် ၂၀၂၄ ပြိုင်ပွဲများတွင် မူလဆုကြေးများအတိုင်း ပေးအပ်မည်ဖြစ်သည်။


READ NEXT
Cancel OK