Top News

အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝပ်သ်နှင့် မန်ယူအသင်း နှစ်ဦးသဘောတူလမ်းခွဲခဲ့ပြီး နည်းပြခန့်အပ်မှုတွင် သဘောထားကွဲလွဲမှုကြောင့်ဖြစ်သည်ဟု သတင်းထွက်နေ
24htopnews | December 9, 2024 7:12 PM CST

မန်ယူအသင်းသည် အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝပ်သ်နှင့် နှစ်ဦးသဘောတူလမ်းခွဲမည်ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် အတည်ပြုကြေညာခဲ့သည်။

ဒန်အက်ရှ်ဝပ်သ်သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့ကမှ မန်ယူအသင်း၏ အားကစားဒါရိုက်တာအဖြစ် စတင်ဆောင်ရွက်ခဲ့သူဖြစ်ပြီး (၅)လကျော်အကြာတွင်ပင် လမ်းခွဲခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ဆာဂျင်ရက်ကလစ်ဖ်၏ ဦးဆောင်မှုအောက်တွင် ပြောင်းလဲပြင်ဆင်မှုများစွာ ပြုလုပ်လျက်ရှိရာ နယူးကာဆယ်အသင်း၏ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်နေသော ဒန်အက်ရှ်ဝပ်သ်ကို ဆာဂျင်ရက်ကလစ်ဖ်က သဘောကျခဲ့သည့်အတွက် နယူးကာဆယ်အသင်းထံ လျော်ကြေး ပေါင် (၃)သန်းဝန်းကျင်ပေးချေကာ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မန်ယူအသင်းအတွက် အလွန်ကောင်းမွန်သည့် အားကစားဒါရိုက်တာ ဖြစ်လာလိမ့်မည်ဟုလည်း ဆာဂျင်ရက်ကလစ်ဖ်က ပြောကြားခဲ့ဖူးသည်။

ဒန်အက်ရှ်ဝပ်သ်(၅၃ နှစ်)သည် ဝက်စ်ဘရွန်းနှင့် ဘရိုက်တန်အသင်းတို့တွင် နည်းစနစ်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့ဖူးသလို၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)တွင်လည်း ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်သည်။

ထို့ကြောင့် ဆာဂျင်ရက်ကလစ်ဖ်က ၎င်းအား သဘောကျခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ နည်းပြသစ်ခန့်အပ်မှုနှင့်ပတ်သက်၍ သဘောထားကွဲလွဲကာ လမ်းခွဲသည့် အခြေအနေ ဆိုက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒန်အက်ရှ်ဝပ်သ်သည် မန်ယူအသင်းတွင် နည်းစနစ်ဒါရိုက်တာ ဂျေဆန်ဝီလ်ကော့စ်၊ အမှုဆောင်ချုပ် အိုမာဘာရာဒါတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်နေရသူဖြစ်ပြီး အဲရစ်တန်ဟက်ဂ်ကို ထုတ်ပယ်ပြီး နည်းပြသစ် အစားထိုးခန့်အပ်ရာ၌ ဒန် အက်ရှ်ဝပ်သ်က အင်္ဂလန်လက်ရွေးစင်နည်းပြဟောင်း ဆောက်ဂိတ်ကို ခန့်အပ်ရန် လိုလားခဲ့ကြောင်း သိရသည်။

သို့ရာတွင် အာမိုရင်မ်ကို ခန့်အပ်ရန်သာ ရွေးချယ်ခဲ့သည့်အတွက် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဗြိတိန်မီဒီယာအချို့က ဖော်ပြခဲ့ကြသည်။

မန်ယူအသင်းကမူ ''ဒန်အက်ရှ်ဝပ်သ်အနေဖြင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှုဖြင့် အားကစားဒါရိုက်တာရာထူးမှ ထွက်ခွာတော့မည်ဖြစ်ကြောင်း၊ အကူးအပြောင်းကာလအတွင်း အသင်းအတွက် လုပ်ဆောင်ပေးခဲ့သည်များအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ကောင်းမွန်သည့် အနာဂတ်ကို ပိုင်ဆိုင်ရရှိစေရန် ဆန္ဒပြုကြောင်း''သာ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

မန်ယူအသင်းသည် ဒန်အက်ရှ်ဝပ်သ်၏နေရာတွင် အစားထိုးခန့်အပ်ရန်အတွက် အက်သလက်တီကိုအသင်းမှ အားကစားဒါရိုက်တာ အန်ဒရီယာဘာတာကို ချိန်ရွယ်နေကြောင်းလည်း Sky Sports ဂျာနယ်လစ် ဒီမာဇီယိုက ဖော်ပြခဲ့သည်။

ဘာတာသည် အက်သလက်တီကိုအသင်းနှင့် ဆယ်စုနှစ်တစ်ခုကျော် လက်တွဲခဲ့သူဖြစ်ပြီး လာမည့်နွေရာသီ ၌ အသင်းနှင့်လမ်းခွဲရန် စီစဉ်ထားသူဖြစ်သည်။

၎င်းသည် အက်သလက်တီကိုအသင်းအတွက် ထိပ်တန်းအပြောင်းအရွှေ့များစွာကို လုပ်ဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် မန်ယူအသင်း၏ တာဝန်ရှိသူများက မျက်စိကျနေခြင်းဖြစ်သလို၊ ပြင်သစ်ထိပ်သီးကလပ် PSG အသင်းကလည်း ၎င်းနှင့် လက်တွဲရန် ဆန္ဒရှိနေကြောင်း သိရသည်။

အက်သလက်တီကိုကလည်း ၎င်းနေရာ အစားထိုးရန် ပြင်ဆင်ထားပြီးပြီဟု သိရသည်။


READ NEXT
Cancel OK