Top News

ဘက်တစ်နှင့်သရေကျသည့်ပွဲတွင် အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည့်အတွက် ဘာစီလိုနာနည်းပြ ဖလစ်ခ် စိတ်ပျက်နေပြီး ၎င်းတွင် အပြစ်မရှိဟု ယုံကြည်နေ
24htopnews | December 9, 2024 7:12 PM CST

ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်သည် ဘက်တစ်အသင်းနှင့်သရေကျသည့်ပွဲတွင် အနီကတ်ဖြင့် ထုတ်ပယ်ခံရခြင်းအတွက် စိတ်ပျက်နေပြီး ၎င်းတွင် အပြစ်မရှိဟု ယုံကြည်နေကြောင်း သိရသည်။

ဘာစီလိုနာအသင်းသည် ဒီဇင်ဘာ (၇) ရက်(စနေနေ့)က ကစားခဲ့သည့် လာလီဂါပွဲစဉ်တွင် ဘက်တစ်အသင်းကို အဝေးကွင်းတွင် နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ပြီးမှ ပွဲအပြီးတွင် (၂-၂) ဂိုးဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။

အဆိုပါပွဲစဉ်တွင် ဘာစီလိုနာအသင်းသည် (၁-၀)ဂိုးဖြင့်ဦး ဆောင်နေသည့် ပွဲချိန် (၆၈) မိနစ်တွင် ဘက်တစ်အသင်းကို ပယ်နယ်တီပေးခဲ့ရခြင်းဖြစ်သည်။

ပယ်နယ်တီဧရိယာအတွင်း ပြေးဝင်လာသည့် ဘက်တစ်တိုက်စစ်ကစားသမား ရိုကေးအား ဘာစီလိုနာကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းက တွန်းခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်ကို VAR ပြန်ကြည့်ကာ ကွင်းလယ်ဒိုင် မူနစ်ဇ်က ဘက်တစ်အသင်းကို ပယ်နယ်တီပေးခဲ့ခြင်းဖြစ်သည်။

ယင်းဆုံးဖြတ်ချက်ကို ဒေါသထွက်ခဲ့သည့် ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်အား ကွင်းလယ်ဒိုင် မူနစ်ဇ်က တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

ဟန်ဆီဖလစ်ခ်သည် အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီးနောက် ကွင်းဘေးစည်းတွင် ရှိနေသည့် စတုတ္ထဒိုင်ကို ထုတ်ပယ်ခံရခြင်းအတွက် အကြောင်းပြချက်ပေးရန် ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

ဘက်တစ်နှင့်ပွဲအပြီးတွင် ဟန်ဆီဖလစ်ခ်က မိမိအနေဖြင့် အနီကတ်ဖြင့် ထုတ်ပယ်မခံရသင့်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဟန်ဆီဖလစ်ခ်က ''ကျွန်တော် ဘယ်သူ့ကိုမှ ဘာမှမပြောခဲ့ပါဘူး။ ဒါက ကျွန်တော့်ရဲ့တုံ့ပြန်မှုပဲ ဖြစ်ပါတယ်။ ပယ်နယ်တီ ဟုတ်၊ မဟုတ် စစ်ဆေးတာ အရမ်းကြာပါတယ်။ အဲဒီလို ကြာပြီဆိုရင် မေးခွန်းတွေက ထွက်လာမှာပဲ မဟုတ်လား။  ကျွန်တော် ထုတ်ပယ်ခံရတာနဲ့ပတ်သက်ပြီး သဘောမတူပါဘူး။ အရင်တုန်းက ဒီလိုမျိုးမဖြစ်ဖူးပါဘူး။ ဒါပေမဲ့ ဒီမှာတော့ အဲဒီလိုဖြစ်တယ်ထင်တယ်။ ကျွန်တော် ဘယ်သူ့ကိုမှ ဒေါသမထွက်ခဲ့ပါဘူး။ ကို်ယ့်ကိုယ်ကိုပဲ ဒေါသထွက်ခဲ့တာပါ''ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဟန်ဆီဖလစ်ခ်က မိမိတို့အသင်းအနေဖြင့် များစွာတိုးတက်ရန် လိုအပ်နေသေးကြောင်းလည်း ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK