Top News

ဆော်ဒီတွင် လစာငွေများစွာ ရရှိနေသည့် စီရော်နယ်လ်ဒိုအနေဖြင့် ဖီနာဘာချီသို့ လာစရာအကြောင်းမရှိကြောင်း မော်ရင်ဟို ပြောကြား
24htopnews | December 9, 2024 7:12 PM CST

ဖီနာဘာချီနည်းပြ မော်ရင်ဟိုက စီရော်နယ်လ်ဒိုအား ခေါ်ယူမည်ဆိုသည့်သတင်းများကို ငြင်းဆန်ပယ်ချခဲ့ပြီး ဆော်ဒီတွင် လစာငွေများစွာ ရရှိနေသည့် စီရော်နယ်လ်ဒိုအနေဖြင့်လည်း ဖီနာဘာချီအသင်းသို့ပြောင်းရွှေ့လာစရာ အကြောင်းမရှိကြောင်း ပြောကြားခဲ့သည်။

အသက် (၃၉)နှစ်ကျော်ပြီဖြစ်သည့် နာမည်ကျော် ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုသည် ယခုရာသီကုန်တွင် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ထို့ကြောင့် စီရော်နယ်လ်ဒို၏အနာဂတ်နှင့်ပတ်သက်ပြီး သတင်းများစွာထွက်ပေါ်လျက်ရှိသည်။

စီရော်နယ်လ်ဒိုအနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းတွင် လက်တွဲခဲ့ဖူးသည့် နည်းပြ မော်ရင်ဟို ကိုင်တွယ်နေသော တူရကီကလပ် ဖီနာဘာချီအသင်းသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟုလည်း သတင်းထွက်ပေါ်နေသည်။

ယခုအခါ ဖီနာဘာချီနည်းပြမော်ရင်ဟိုက အဆိုပါသတင်းများနှင့်ပတ်သက်ပြီး တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

မော်ရင်ဟိုက ''စီရော်နယ်လ်ဒို လာမှာ မဟုတ်ပါဘူး။ ပထမဆုံးအကြောင်းပြချက်က ကျွန်တော့်မှာ တိုက်စစ်မှူးကောင်း (၃)ဦးရှိပြီး တခြားတိုက်စစ်မှူးတစ်ဦးကို မလိုပါဘူး။ စီရော်နယ်လ်ဒိုက အမြဲစီရော်နယ်လ်ဒို ဖြစ်နေမှာပါ။ ဒါပေမဲ့ သူ့ကို ကျွန်တော် မလိုပါဘူး။ ဘာလို့လဲဆိုတော့ အခုရှိနေတဲ့ တိုက်စစ်မှူးတွေနဲ့ ကျွန်တော် ကျေနပ်နေတာကြောင့်ပါ။ စီရော်နယ်လ်ဒိုကဆော်ဒီမှာ ငွေတွေအများကြီးရနေပြီး သွင်းဂိုး (၁၀၀၀) ရည်မှန်းချက်က နီးစပ်နေပါပြီ။ အစ္စတန်ဘူလ်အလှကလွဲလို့ ဘာမှ မက်စရာမရှိတဲ့ တူရကီကို စီရော်နယ်လ်ဒိုက ဘယ်လိုစိတ်နဲ့လာမှာလဲ''ဟု ပြောကြားခဲ့သည်။


READ NEXT
Cancel OK