Top News

စီးရီးအေတွင် ဂျူဗင်တပ်စ်အသင်းကို ဘယ်အသင်းမှ မကြောက်ကြတော့ဟု အသင်းဂန္ထဝင်တိုက်စစ်မှူး ဒယ်လ်ပီယာရို သုံးသပ်
24htopnews | December 9, 2024 7:12 PM CST

ဂျူဗင်တပ်စ်ဂန္ထဝင်တိုက်စစ်မှူး ဒယ်လ်ပီယာရိုက စီးရီးအေပြိုင်ပွဲတွင် ဂျူဗင်တပ်စ်အသင်းကို ဘယ်အသင်းမှ မကြောက်ကြတော့ကြောင်းနှင့် ယင်းမှာ အသင်းအတွက် ပြဿနာဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် စနေနေ့က စီးရီးအေပွဲစဉ်အဖြစ် ဘိုလော့ဂ်နာအသင်းကို အိမ်ကွင်းတွင် လက်ခံကစားခဲ့ရသော်လည်း (၂-၂) ဂိုးဖြင့် သရေကျခဲ့သည်။

အဆိုပါပွဲစဉ်တွင် ဘိုလော့ဂ်နာအသင်းသည် အိမ်ရှင် ဂျူဗင်တပ်စ်အသင်းကို အသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ပွဲချိန် (၆၂) မိနစ်အထိ (၂-၀) ဂိုးဖြင့် ဦးဆောင်နေခဲ့သည်။

ဂျူဗင်တပ်စ်အတွက် ပွဲချိန် (၆၂) မိနစ်တွင် ကော့စ်မိုင်နာ ပထမချေပဂိုး သွင်းယူခဲ့ပြီး ပွဲချိန် (၉၀+၂) မိနစ်တွင် လူစားဝင် လူငယ်တိုက်စစ်မှူး အမ်ဘန်ဂူလာ ချေပဂိုးသွင်းခဲ့ခြင်းကြောင့်သာ ပွဲအပြီးတွင် (၂-၂) ဂိုးဖြင့် သရေကျကာ တစ်မှတ်ရခြင်းဖြစ်သည်။

ယင်းပွဲစဉ်အပြီးတွင် ဂျူဗင်တပ်စ်ဂန္ထဝင်တိုက်စစ်မှူး ဒယ်လ်ပီယာရိုက စီးရီးအေတွင် ဘယ်အသင်းမှ ဂျူဗင်တပ်စ်အသင်းကို မကြောက်တော့ခြင်းက အသင်းအတွက် ပြဿနာဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒယ်လ်ပီယာရိုက  ''ဒီနေ့မှာ ဂျူဗင်တပ်စ်အနေနဲ့ ကြီးကျယ်တဲ့ Comeback ကိုု လုပ်ပြနိုင်ခဲ့ပါတယ်။ အိမ်ကွင်းမှာ (၀-၂)နဲ့ ရှုံးပြီးမှ ပြန်လာနိုင်တာ ကောင်းပါတယ်။ ဒါပေမဲ့ စီးရီးအေမှာ ဘယ်အသင်းမှ မကြောက်ကြတော့ခြင်းက ဂျူဗင်တပ်စ်အတွက် ပြဿနာပါပဲ။ အသင်းတိုင်းက ဂျူဗင်တပ်စ်ကို သက်သောင့်သက်သာ ကစားနေကြပြီး ဂျူဗင်တပ်စ်ကို သူတို့နိုင်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုလည်း ရှိနေပါတယ်''ဟု ပြောကြားခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ယခုရာသီတွင် ရုန်းကန်နေရပြီး စီးရီးအေပွဲစဉ် (၁၅) အပြီးတွင် ရမှတ်(၂၇)မှတ်ဖြင့် အဆင့်(၆)နေရာ ရပ်တည်နေသည်။


READ NEXT
Cancel OK