Top News

Set-piece နည်းပြ နီကိုလက်စ်ဂျိုဗာကို သက်တမ်းတိုးရန် အာဆင်နယ်အသင်း ဆွေးနွေးနေ
24htopnews | December 9, 2024 7:12 PM CST

အာဆင်နယ်အသင်းသည် Set-piece နည်းပြ နီကိုလက်စ်ဂျိုဗာကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးနေကြောင်း သိရသည်။

ဂျိုဗာ(၄၃ နှစ်)သည် ၂၀၁၆ ခုနှစ်တွင် ဘရန့်ဖို့ဒ်အသင်း၌ Set-piece နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်တွင် ဂွါဒီယိုလာက ၎င်းကို မန်စီးတီးသို့ ခေါ်ယူခဲ့ပြီး ၎င်းအား ခန့်အပ်ရန် အာတီတာက အဓိကထောက်ခံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာတီတာ အာဆင်နယ်နည်းပြ ဖြစ်လာပြီးနောက် ၂၀၂၁ ခုနှစ်တွင် ဂျိုဗာသည် အာဆင်နယ်အသင်းထံ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် ဂျိုဗာကို မခန့်အပ်မီက Set-piece များတွင် စွမ်းဆောင် ရည်ညံ့ဖျင်းသည့်အသင်းအဖြစ် ရပ်တည်ခဲ့ပြီး ၂၀၂၀-၂၁ ရာသီ၌ Set-piece မှ (၆)ဂိုးသာ သွင်းယူနိုင်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်အသင်း(၂၀)ထဲတွင် အဆင့်(၁၈)နေရာသာ ရရှိခဲ့သည်။

၂၀၂၁-၂၂ ရာသီတွင် (၁၆)ဂိုးဖြင့် အဆင့် (၃)နေရာ၊ ၂၀၂၂-၂၃ ရာသီတွင် (၁၅)ဂိုးဖြင့် အဆင့်(၄)နေရာ၊ ၂၀၂၃-၂၄ ရာသီတွင် (၂၀)ဂိုးဖြင့် အဆင့်(၁)နေရာ ရရှိလာခဲ့သည်။

ထို့ကြောင့် အာဆင်နယ်အသင်းသည် အသင်းအတွက် အကောင်းဆုံးအကျိုးပြုနေသည့် ဂျိုဗာကို သက်တမ်းတိုးစာချုပ်ချုပ်ဆို၍ အသင်းတွင် ရေရှည်ထိန်းသိမ်းသွားနိုင်ရန် လိုလားနေခြင်းဖြစ်ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ဂျိုဗာကို လစာနှုန်းထား တိုးမြှင့်ပေး၍ စာချုပ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်ပြီး ၎င်းကလည်း အာဆင်နယ်အသင်းနှင့် ရေရှည်လက်တွဲသွားရန် ဆန္ဒရှိနေကြောင်း သိရသည်။

အာတီတာက ဂျိုဗာကို အသင်းအတွက် မရှိမဖြစ်ဟု ပြောကြားထားကြောင်း သိရသည်။


READ NEXT
Cancel OK