Top News

ထိုင်းနိုင်ငံတွင် မြန်မာလုပ်သားလုပ်သား ၄၀၀ ဦးနှင့်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများသို့ Mobile Team ‌စေလွှတ်ပြီး နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ်သက်တမ်းတိုးခြင်းများ ဆောင်ရွက်ပေးမည်
24htopnews | December 9, 2024 7:12 PM CST

ထိုင်းနိုင်ငံ စက်ရုံ၊ အလုပ်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများရှိ လုပ်သား ၄၀၀ ဦးနှင့်အထက် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားများအား Mobile Team ‌စေလွှတ်ပြီး နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ် သက်တမ်းတိုးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၇ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်သည်။

ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ စက်တင်ဘာ ၂၄ ရက် ထုတ်ပြန်ချက်အရ နိုင်ငံကူးလက်မှတ်နှင့် CI ကိုင်ဆောင်ထားသော မြန်မာလုပ်သားများအား ထိုင်းနိုင်ငံအတွင်း နှစ်နှစ် သက်တမ်းရှိသည့် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုမှုကို ပေးအပ်မည်ဖြစ်ရာ နိုင်ငံကူးလက်မှတ်များနှင့် CI စာအုပ်များ သက်တမ်းတိုးရန် လိုအပ်လာကြောင်း၊ နိုင်ငံကူးလက်မှတ်စာအုပ်များအနေဖြင့် နှစ်နှစ် သက်တမ်းတိုးနိုင်ရန်အတွက် ပုံမှန်အားဖြင့် စာအုပ်သက်တမ်း အနည်းဆုံး နှစ်နှစ် ခြောက်လခန့် ကျန်ရှိရန် လိုအပ်ကြောင်း သံရုံး၏ထုတ်ပြန်မှုအရ သိရသည်။

သို့ရာတွင် ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာဌာနများအနေဖြင့် စာအုပ်၏ လက်ကျန်သက်တမ်းအတွင်း ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့် (Work Permit / Visa) ကို ခွင့်ပြုဆောင်ရွက်ပေးမည်ဆိုပါက စာအုပ်သက်တမ်းကုန်ချိန်ရောက်ရှိပါက မြန်မာသံရုံး (ဗန်ကောက်) နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) တို့တွင် စာအုပ်အသစ်ပြုလုပ်ခြင်း၊ စာအုပ်နှစ်အုပ်မှာ တစ်ဦးတည်းဖြစ်ကြောင်း ထောက်ခံချက် (လိုအပ်လျှင်) ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စက်ရုံ/အလုပ်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရမည့်သူအရေအတွက် ၄၀၀ ဦးနှင့်အထက်ရှိပါက လုပ်ငန်းမရပ်တံ့စေရေးနှင့် လုပ်သားများနေ့တွက်စရိတ်မဆုံးရှုံးစေရေးကို ရည်ရွယ်၍ စက်ရုံ/အလုပ်ရုံနှင့် လုပ်ငန်းခွင်သို့ Mobile Team ‌စေလွှတ်လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ လုပ်သားစာရင်းအား သတ်မှတ်ပုံစံဖြည့်စွက်၍ လုပ်ငန်းခွင်၏ HR Manager ထောက်ခံချက်နှင့်အတူ မြန်မာသံရုံး/ ကောင်စစ်ဝန်ချုပ်ရုံးတို့၏ ကောင်စစ်ဌာနသို့ ဒီဇင်ဘာ ၉ ရက်မှစတင်၍ လာရောက်တင်ပြရန်လိုအပ်ကြောင်း သိရသည်။

CI စာအုပ်များ သက်တမ်းတိုးရေးလုပ်ငန်းစဉ်အား ဆက်လက်အသိပေးသွားမည်ဖြစ်ကြောင်း၊ စက်ရုံ/အလုပ်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ရှိသော မြန်မာလုပ်သားများအနေဖြင့် ဖော်ပြပါကိစ္စအား HR Manager များထံသို့ ဆက်လက်အသိပေးကြရန်လိုအပ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။


READ NEXT
Cancel OK