Top News

နှစ်နှစ် သက်တမ်းရှိ ယာယီအလုပ်လုပ်ကိုင်ခွင့် ပြုလုပ်ရာတွင် မြန်မာသံရုံးသို့ စလစ်ကြေး ဘတ် ၁၈၀၀ ပေးသွင်း ရမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ထိုင်းရှိ မြန်မာသံရုံးထုတ်ပြန်
24htopnews | December 9, 2024 4:12 PM CST

 



    နှစ်နှစ် သက်တမ်းရှိ ယာယီအလုပ်လုပ်ကိုင်ခွင့် ပြုလုပ်ရာတွင် မြန်မာသံရုံးသို့ စလစ်ကြေး ဘတ် ၁၈၀၀ ပေးသွင်း ရမည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း ထိုင်းရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။



    နိုင်ငံကူးလက်မှတ် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI - စာအုပ်အစိမ်း) ကိုင်ဆောင်ထားသည့် လုပ်သားများအနေဖြင့် ထိုင်းနိုင်ငံအတွင်း နှစ်နှစ်သက်တမ်းရှိ ယာယီနေထိုင်အလုပ် လုပ်ကိုင်ခွင့်ပြုချက်ပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

    ယင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်ရေးအတွက် အချို့သော အေဂျင်စီများ၏ ဖော်ပြချက်တွင် “မြန်မာသံရုံးသို့ စလစ်ကြေး ၁၈၀၀ ဘတ်” ဟု ဖော်ပြနေကြကြောင်း တွေ့ရှိရကြောင်း၊ မြန်မာသံရုံး (ဗန်ကောက်) သည်လည်းကောင်း၊ ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်) သည်လည်းကောင်း၊ အလုပ်သမားသံမှူးရုံး (ဗန်ကောက်) သည်လည်းကောင်း လုပ်ငန်းစဉ်အတွက် ငွေကြေးကောက်ခံရန်မရှိ (မရှိ) ကြောင်း၊ မြန်မာလုပ်သားများအနေဖြင့် ထိုင်းနိုင်ငံ၊ သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်မှုနှင့်အညီ ဆက်လက်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း သံရုံးက အသိပေးထားသည်။

    ထို့ပြင် နှစ်ရာခိုင်နှုန်း အခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ သီးသန့်ကောက်ခံခြင်းမပြုဘဲ နိုင်ငံကူးလက်မှတ်နှင့် CI စာအုပ်အသစ်လဲလှယ်ချိန်တွင်သာ သတ်မှတ်နှုန်းထားများအတိုင်း ဗန်ကောက်ဘဏ်နှင့် 7/11 ဆိုင်များသို့ တိုက်ရိုက်ငွေပေးသွင်းရမည်ဖြစ်ပြီး၊ ပေးသွင်းပြေစာပြသ၍ စာအုပ်များ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ သက်တမ်းကုန်ခါနီးဖြစ်သော CI စာအုပ်များအား အသစ်ပြုလုပ်ပေးနိုင်ရေးလုပ်ငန်းစဉ် စတင်နိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ အလုပ်သမားဉီးစီးဌာနနှင့် ညှိနှိုင်းထားရှိပြီးဖြစ်ကြောင်း၊ အထောက်အထားမရှိသော မြန်မာလုပ်သားများ (နိုင်ငံကူးလက်မှတ်နှင့် CI မရှိသူများ) အတွက် ထိုင်းနိုင်ငံမှ ပန်းရောင်ကတ်ထုတ်ပေးရေးလုပ်ငန်းစဉ်ဆောင်ရွက်ချိန်တွင် ယခင်နှစ်များကဲ့သို့ CI စာအုပ်ကိုပါ ပူးတွဲထုတ်ပေးနိုင်ရေး စီစဉ်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။

    " ထိုင်းမှာ အေဂျင်စီတွေနဲ့ ပွဲစားတွေက စလစ်ကြေးဆိုပြီး ကောက်နေလို့ အခုရက်ပိုင်း ပြသာနာတက်တာတွေရှိတယ်။ အခုလို ထုတ်ပြန်ပေးတာ ကောင်းတယ်" ဟု ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။

    လက်ရှိတွင် ထိုင်းနိုင်ငံရှိ အချို့အလုပ်ရုံများနှင့် လုပ်ငန်းခွင်များတွင် ယာယီအလုပ်လုပ်ကိုင်ခွင့်အတွက်ဟုဆိုကာ ဘတ် တစ်သောင်းနီးပါးခန့် ကောက်ခံနေခြင်းများရှိနေသည်ဟု ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားအချို့ထံမှ သိရသည်။

    ထိုင်းအစိုးရက ခွင့်ပြုမည့် ယာယီအလုပ်လုပ်ကိုင်ခွင့်မှာ နှစ်နှစ်သက်တမ်းရှိမည်ဖြစ်ပြီး ထပ်မံသက်တမ်းတိုးပါက နောက်ထပ်နှစ်နှစ် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK