Top News

၂၀၂၄ အာဆီယံဖလားပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) က "A"Match အဆင့်ပြိုင်ပွဲအဖြစ် သတ်မှတ်
24htopnews | December 9, 2024 2:12 PM CST

 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) သည် အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) က ဦးဆောင်ကျင်းပနေသည့် ၂၀၂၄ အာဆီယံဖလားပြိုင်ပွဲကို "A"Match အဆင့်ပြိုင်ပွဲအဖြစ် သတ်မှတ်လိုက်ကြောင်း အတည်ပြုထုတ်ပြန်လိုက်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) အာဆီယံဖလားပြိုင်ပွဲ(ယခင် အာဆီယံချန်ပီယံရှစ်) ကို ၁၉၉၆ ခုနှစ်မှစ၍ (၂) နှစ်တစ်ကြိမ်  ကျင်းပလာခဲ့သည်မှာ ယခု ၂၀၂၄ ပြိုင်ပွဲဆိုပါက (၁၅) ကြိမ်တိုင်လာခဲ့ပြီဖြစ်သည်။ သို့သော် ကျင်းပပြီးစီးခဲ့သည့် (၁၄) ကြိမ် မြောက်ပြိုင်ပွဲအထိ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) သည် အာဆီယံဖလားပြိုင်ပွဲကို "A"Match အဆင့်ပြိုင်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ခြင်းမရှိဘဲ ယခုနှစ်ပြိုင်ပွဲမှစကာ အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။ 

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA) အသိအမှတ်ပြု "A"Match အဆင့်ပြိုင်ပွဲဆိုသည်မှာ FIFA လက်အောက်၌ ကမ္ဘာတစ်ဝှမ်းကျင်းပနေသည့် နိုင်ငံတကာပြိုင်ပွဲများတွင် အဆင့်အမြင့်ဆုံး ထိပ်တန်းပြိုင်ပွဲအဖြစ် အသိအမှတ်ပြုခြင်းဖြစ်သည်။ FIFA လက်အောက်၌ ကျင်းပနေသည့် "A"Match အဆင့်ပြိုင်ပွဲများတွင် FIFA ကမ္ဘာ့ဖလားပြိုင်ပွဲ၊ UEFA ယူရိုပြိုင်ပွဲ၊ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲနှင့် AFC အာရှဖလားပြိုင်ပွဲများကဲ့သို့ ကမ္ဘာ့အဆင့်အမြင့်ဆုံး ထိပ်တန်းနိုင်ငံတကာပြိုင်ပွဲများ ပါဝင်နေသည်။ 

"A"Match အဆင့်ပြိုင်ပွဲများကို နိုင်ငံလက်ရွေးစင် စီနီယာအသင်းများသာ ဝင်ရောက်ယှဉ်ပြိုင်ခြင်း၊ ကွင်းလယ်ဒိုင်နှင့် အကူဒိုင်များမှာ FIFA အသိအမှတ်ပြု လက်မှတ်များရရှိပြီးသူများသာ တာဝန်ယူကိုင်တွယ်စေခြင်း၊ FIFA က ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများအတိုင်း ကျင်းပရခြင်း၊ ပွဲတစ်ပွဲချင်းအလိုက် FIFA နှင့် AFC ထံသို့ အချိန်နှင့် တပြေးညီတင်ပြရခြင်း အစရှိသည့်အချက်များ အကျုံးဝင်ကြောင်း သိရသည်။


READ NEXT
Cancel OK