မြန်မာနိုင်ငံတွင် အတက်ရောဂါ ခံစားနေသူ ငါးသိန်းခန့်ရှိနေကြောင်း ခန့်မှန်းထားပြီး အတက်ရောဂါသည် ကုသ၍ရသည့် ရောဂါဖြစ်သော်လည်း အတက်ရောဂါရှိသူ ၉၅ ရာခိုင်နှုန်းသည် ကုသမှုနှင့် လက်လှမ်း မမီဘဲရှိနေကြောင်း သိရသည်။
နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်ရှိ မင်္ဂလာသီရိ ဟိုတယ်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံ အတက်ရောဂါ စီမံချက် ၂၀၁၃-၂၀၁၇ ခုနှစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် ၂၀၁၈-၂၀၂၁ တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်ကို တင်ပြခြင်း အခမ်းအနားတွင် အထက်ပါကဲ့သို့ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
“ဒီရောဂါ ဖြစ်လာတဲ့အခါမှာ တခြားရောဂါနဲ့ မတူတာကတော့ လူတစ်ယောက် တက်နေလို့ရှိရင် သူ့ရဲ့ တက်တဲ့ ပုံပန်းသဏ္ဌာန်ကို ကြောက်စရာလိုမျိုးလည်း ဖြစ်တယ်။ ရှက်စရာလိုမျိုးလည်း ဖြစ်တယ်။ အဲဒီလို လူနာရှိတဲ့ လူနာရှင်တွေကလည်း လူနာရှိကြောင်းကို မသိစေချင်ဘူး။ အဲဒီလူနာက ကျောင်းသားဖြစ်လို့ ရှိရင်လည်း သူကျောင်းတက်တဲ့အချိန်မှာ ကျောင်းက ဆရာမတွေက ကြောက်တတ်တော့ လက်မခံချင်ဘူး။ နောက် အလုပ်လုပ်လို့ရှိရင်လည်း အလုပ်ရှင်တွေက သူတက်တာကို သိသွားရင် သူရဲ့ အလုပ်အကိုင်ပါ ထိခိုက်နိုင်တယ်။ ဒါတွေ အကြောင်းတွေရှိတဲ့အတွက် လူမှုရေးအရ ခွဲခြားဆက်ဆံခံရတဲ့ ရောဂါအမျိုးအစား တစ်ခုလည်း ဖြစ်နေတာပါတယ်။ နောက် တစ်ခုကျတော့လည်း ဒီရောဂါက ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါဆိုတာကို မသိကြတာလည်းတစ်ကြောင်း ဖြစ်ပါတယ်။ ကုလို့ရတယ်ဆိုတာကိုလည်း လူတွေက မသိကြ တာလည်း ပါတယ်။ နောက်ကုရင်လည်း စားဆေးနဲ့ ကုလို့ရတယ်။ အများကြီးစျေးနှုန်းလည်း မကြီးမြင့်ဘူး။ မကုဘူးဆိုရင် ဘာဖြစ်နိုင်လဲ မသိတာတွေလည်း ပါပါတယ်” ဟု မြန်မာနိုင်ငံ အတက်ရောဂါစီမံချက် မန်နေဂျာ ပါမောက္ခဒေါက်တာဆန်းဦးက ပြောကြားသည်။
အတက်ရောဂါရှိသူများ ကုသမှုနှင့် လက်လှမ်းမမီခြင်းသည် အခြေခံကျန်းမာရေးဝန်ထမ်းများ အတက်ရောဂါ ကုသမှုဆိုင်ရာ သင်တန်းများမရရှိခြင်း၊ ဆေးဝါးများမရရှိနိုင်ခြင်း၊ ဆေးဝါး ကုန်ကျစရိတ်မတတ်နိုင် ခြင်းတို့ကြောင့်ဖြစ်ပြီး အတက်ရောဂါရှိသူများနှင့် မိသားစုဝင်များသည် ခွဲခြားဆက်ဆံခံရခြင်းနှင့် သိမ်ငယ်ခြင်းများအား ကြုံတွေ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အတက်ရောဂါကြောင့်ဖြစ်သည့် ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖြေရှင်းနိုင်ရန်၊ အတက်ရောဂါသည်များကုသမှုနှင့် လက်လှမ်းမီရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပူးပေါင်း၍ ပြီးခဲ့သည့် ငါးနှစ်တာကာလတွင် မြန်မာနိုင်ငံအတက်ရောဂါစီမံချက်ကို တိုင်းဒေသကြီး/ပြည်နယ် ငါးခုရှိ မြို့နယ် ၁၂ မြို့နယ် တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းလူဦးရေ ၂ ဒသမ ၉ သန်းတွင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
ပါမောက္ခ ဒေါက်တာဆန်းဦးက “အတက်ရောဂါဟာဆိုလို့ရှိရင် ဦးနှောက်ထဲမှာ မူမမှန်တဲ့ လျှပ်စီးကြောင်းလေးတွေဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာ သူ့တစ်ကိုယ်လုံး ဆတ်ခနဲတုန်တယ်။ သတိလစ်သွားတယ်။ အဲဒီ လက္ခဏာမျိုးနဲ့ လာပါတယ်။ သူ့ဖြစ်ပွားနှုန်းကတော့ အရမ်းနည်းတယ်လို့ တော့ ပြောလို့မရပါဘူး။ တစ်ထောင်မှာ ငါးယောက်လောက် ကမ္ဘာမှာတော့ တွေ့ရတယ်။ ဒါပေမဲ့ မြန်မာပြည်မှာတော့ အတက်ရောဂါ စီမံချက်မှာ စစ်တမ်းကောက်ချက်အရတော့ တစ်ထောင်မှာ နှစ်ယောက်ဝန်းကျင်လောက်တော့ တွေ့ရတယ်” ဟု ပြောကြားသည်။
“အတက်ရောဂါနဲ့ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ဦးစားပေးဆောင်ရွက်တဲ့ စီမံချက်တွေ၊ စီမံကိန်းတွေထဲမှာ အတက်ရောဂါက ၂၀၁၃ မတိုင်ခင်အထိ လုံးဝပါဝင်ခဲ့ခြင်း မရှိပါဘူး။ အဲဒီတော့ ၂၀၁၃ မှာ စလုပ်ခဲ့တဲ့အခါမှာ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ရော တစ်နိုင်ငံလုံးမှာရှိတဲ့ အတက်ရောဂါလူနာတွေည်အနေနဲ့ရော အတက်ရောဂါသည် မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် ကုသမှုပေးနေပြီ ဆိုတာကိုလည်း သိစေချင်ပါတယ်။ နောက်လေးနှစ်မှာလည်း ကျွန်တော်တို့ အစွမ်းကုန် တိုးချဲ့သွားပါမယ်။ အဲဒီလေးနှစ်ပြီးရင်လည်း နောက်ထပ် ကျန်ရှိနေသေးတဲ့ ပြည်နယ်/တိုင်းတွေကို ဆက် လက်ပြီးတော့ လွှမ်းခြုံနိုင်အောင် ကြိုးစားသွားပါမယ်” ဟု ၎င်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
