Top News

ချမ်းမြသာစည်မြို့နယ်တွင် လမ်းဘေးကျူးကျော် ဆောက်လုပ်ထားသည့် နေအိမ် ၁၁၇ လုံးကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အထွေထွေ အုပ်ချုပ်ရေးက နှစ်ရက်ဆက်တိုက် အင်အားသုံးဖယ်ရှား
24htopnews | December 9, 2024 12:12 PM CST

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ် (၅) ရပ်ကွက် ၇၄ လမ်းနှင့် ၇၅ လမ်းကြား၊ ပြင်ဦးလွင် သံလမ်းနံဘေးရှိ ကျူးကျော်နေအိမ် ၁၁၇ လုံးကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့က နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် အင်အားသုံးဖယ်ရှား ရှင်းလင်းခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ် မြို့သစ်အမှတ် (၅) ရပ်ကွက် မန္တလေး-ပြင်ဦးလွင်သွား သံလမ်းနံဘေးရှိ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေပေါ်တွင် ကျူးကျော် ဆောက်လုပ်ထားသည် ဟုဆိုသည့် နေအိမ် ၁၁၇ လုံးခန့်ကို မန္တလေးစည်ပင်သာယာ ရဲတပ်ဖွဲ့နှင့် စည်ပင်သာယာမှ ဝန်ထမ်းများ၊ ထွေအုပ်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များက နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်ဆက်တိုက် အင်အားသုံး ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်အလုံး ၁၀၀ ကျော် ကျူးကျော်ဆောက်လုပ် ထားသည်ဆိုသည့် မြေနေရာမှာ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက ကုမ္ပဏီတစ်ခုသို့ မြေဂရန်ချထား ပေးထားသည့် နေရာဖြစ်သည်ဟု သိရပြီး ယင်းနေရာမှ ဖယ်ရှားထွက်ခွာပေးရန် နိုဝင်ဘာ ၃ ရက်နှင့် ၉ ရက်က အကြောင်းကြားစာနှစ်ကြိမ် ပေးပို့ထားပြီး ဖြစ်သည်။

ယင်းသို့ ဖယ်ရှားထွက်ခွာပေးရန် အကြောင်းကြားစာ ပေးပို့ရာတွင် နိုဝင်ဘာ ၃ ရက် ရက်စွဲနှင့်ပေးပို့ချိန်က ကုမ္ပဏီ နာမည်ပေါက်ဖြင့်ဖြစ်ပြီး ဒုတိယအကြိမ် ပေးပို့ချိန်တွင်မူ စည်ပင်သာယာရေး ကော်မတီမှ ဖြစ်နေ၍ ကွဲလွဲမှု ရှိနေကြောင်း အဆိုပါနေရာ၌ နေထိုင်သူများ၏ အဆိုအရ သိရသည်။

“ဒီနေရာကို စည်ပင်သာယာက ကုမ္ပဏီတစ်ခုကို ဂရန်ချထားပေးထားတယ်လို့ သိရတယ်။ အဲဒါဆိုရင် အခုလို လာဖျက်သိမ်းတာ စည်ပင်ဌာနနဲ့ ရဲဌာနက ဦးဆောင်ပြီးလာတာ မဖြစ်သင့်ဘူး။ ကုမ္ပဏီက လာဖျက်ရမှာ။ အခုတော့ ရဲဌာနနဲ့ စည်ပင်ကကုမ္ပဏီ လခစားလား။ အခုဖြစ်နေတဲ့ ပြဿနာက ကျူးကျော်တဲ့ ပြဿနာ မဟုတ်ဘူး။ မူလလက်ငုပ် ခြံပိုင်ရှင်တွေနဲ့ ဂရန်ပေါက်ရရှိထားတဲ့ ကုမ္ပဏီတို့ကြားမှာ ဖြစ်နေတဲ့ပြဿနာ။ ဒါကိုလည်း ကျွန်တော်တို့ မြေယာမှုခင်းတွေ ဖွင့်ထားပြီး သက်ဆိုင်ရာ အဆင့်ဆင့်ကို တင်ပြထားဆဲပါ။ ဒီမြေယာ အငြင်းပွားမှု ပြဿနာနဲ့ ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဘက်ကလည်း တိုင်းဒေသကြီး အစိုးရဘက်ကို ပြန်လည်တင်ပြပေးဖို့အတွက် ပြောကြားထားပြီးသားဖြစ်တယ်။ ဒီလိုမြေယာ အမှုတွဲတွေနဲ့ အထောက်အထားတွေ အပြည့်အစုံနဲ့ ရှိနေတာကို ကျူးကျော်ဆိုပြီး ဘာကြောင့်လာဖျက် နေရတာလဲ။ ကျူးကျော်တယ်ဆိုရင် ဟိုတုန်းကတည်းက ဖျက်ရမှာလေ” ဟု အဆိုပါနေရာတွင် နေထိုင်သူ တစ်ဦးက ပြောကြားသည်။              


READ NEXT
Cancel OK