Top News

ပါတီ စည်းကမ်းမလိုက်နာမှုကြောင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအားNLD ပါတီက စည်းကမ်းအရအရေးယူခဲ့ပြီး ရာထူးကို မထိခိုက်ဟုဆို
24htopnews | December 9, 2024 12:12 PM CST

ပါတီစည်းကမ်း မလိုက်နာမှုကြောင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား NLD ပါတီက စည်းကမ်းအရ အရေးယူခဲ့ပြီး ရာထူးကို မထိခိုက်ဟု တိုင်ကြားစာများ ကော်မတီတာဝန်ခံ၊ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ဝန်ကြီးချုပ်ရာထူးက ဖြုတ်တယ်ဆိုတာတော့ မဟုတ်ပါဘူး။ ပါတီစည်းကမ်းအရ အရေးယူတယ်။ ရာထူးကိုတော့ မထိခိုက်ပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

မည်သည့်စည်းကမ်းချက်အား ချိုးဖောက်ခဲ့သည့်အတွက် မည်ကဲ့သို့ အရေးယူခဲ့သည်ကိုမူ ပြောကြားရန် ဒေါက်တာမျိုးညွန့် က ငြင်းဆိုခဲ့ပြီး ပါတီတွင်းကိစ္စဖြစ်သည့်အတွက် အသေးစိတ်ပြောပြ၍ မရကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့ အဲဒါတော့ အဖွဲ့ဖွဲ့ထားပါတယ်။ အဲဒါ ခေါ်ပြီးတော့ အသိပေးပါမယ်။ ဒါက ပါတီတွင်းကိစ္စဆိုတော့ အသေးစိတ်တော့ ကျွန်တော်တို့ မပြောပါဘူး။ သူက ဥပဒေနဲ့တော့ ငြိစွန်းခြင်းမရှိပါဘူး။ သို့သော် ကျွန်တော်တို့ ပါတီကနေ လိုက်နာဖို့ဆိုပြီး စည်းကမ်းချက်ကို သက်သက်သတ်မှတ်ထားပါတယ်။ အဲဒီဟာတွေကို အပြည့်အဝ မလိုက်နာရင် ပါတီစည်းကမ်းအရ အရေးယူတာပါ။ (အရေးယူမှုပုံစံက) အဆင့်ဆင့်ရှိပါ တယ်။ အဲဒါကို ကျွန်တော်တို့ ထုတ်တော့ မပြောပါဘူးခင်ဗျာ” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

သို့သော်လည်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား NLD ပါတီမှ အရေးယူခြင်းသည် ၎င်းအနေဖြင့် မယ်စဲ့တိုက်နယ် ကက်သလစ်သာသနာမြေတချို့ကို သိမ်းယူထားခြင်းနှင့် ဆက်စပ်မှုရှိ နိုင်ကြောင်း သုံးသပ်မှုများရှိနေပြီး အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မကြာမီ အဖြေသိရမည်ဟုလည်း ဒေါက်တာမျိုးညွန့်က သတင်းမီဒီယာအချို့တွင် ပြောကြားထားသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် လွိုင်ကော် မယ်စဲ့တိုက်နယ်ရှိ သာသနာမြေကို မယ်စဲ့မြို့နယ် လက်ထောက်ပညာရေးမှူး ဖြစ်စဉ်ကတည်းက ခြံခတ်ခဲ့ပြီး ဝန်ကြီးချုပ်ဖြစ်ပြီးနောက်ပိုင်းတွင် တရားဝင် သိမ်းယူခဲ့သည်ဆိုသောကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်အကြီးအကဲများထံ စာပေးပို့ တိုင်ကြားခဲ့သော်လည်း ထူးခြားမှုမရှိသောကြောင့် တာဝန်ရှိသူများက နိုဝင်ဘာ ၈ ရက် တွင် ရန်ကုန်မြို့ရှိ မြန်မာဂျာနယ်လစ်ကွန်ရက် (MJN) ရုံးခန်း၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ကျောင်းထိုင်ဘုန်းတော်ကြီး ရစ်ချက်သူရထွန်း၊ သာသနာ အကျိုးဆောင်အဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်တရေးစာဝင်းနှင့် အတွင်းရေးမှူး ဦးဂျိုးဇက်တို့က တက်ရောက် ရှင်းလင်းခဲ့ကြသည်။

၂၀၁၄ ခုနှစ် မေလတွင် (ဘုန်းတော်ကြီးများ တာဝန်ကျနေရာ ပြောင်းရွှေ့ချိန်အ တွင်း) မယ်စဲ့မြို့နယ် လက်ထောက်ပညာရေးမှူး ဆရာဦးဖိုးချို (ခေါ်) ဦးအယ်လ်ဖောင်းရှိုက မယ်စဲ့မှ BP14 ကားလမ်းနံဘေးရှိ မယ် စဲ့ကက်သလစ် သာသနာပိုင်မြေအတွင်း အရှေ့မြောက်ထောင့် ကုန်းစောင်းနေရာတွင် ခြံမြေပြုလုပ်ရန်အတွက် ချုံနွယ်သစ်ပင်များကို လာရောက်ခုတ်ထွင် ရှင်းလင်းခဲ့ကြောင်း၊ တာဝန်ရှိသူများက သာသနာမြေ ဖြစ်သဖြင့် မယူရန် ကန့်ကွက်သော်လည်း လက်မခံဘဲ ခြံခတ်ယူခဲ့ကြောင်း ကျောင်းထိုင်ဘုန်းတော်ကြီး ရစ်ချက်သူရထွန်းက သတင်းမီဒီယာများအား ရှင်းပြသည်။

ဦးအယ်လ်ဖောင်းရှိုအနေဖြင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာပြီးနောက် ၂၀၁၇  မေတွင် သာသနာမြေအချို့ပါသော ခြံကို သူ၏ခြံအဖြစ် သတ်မှတ်ခဲ့ပြီး စက်များဖြင့် မြေညှိခြင်း၊ မြောင်းတူးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ကက်သလစ်ဘုန်းတော်ကြီးနှင့် သာသနာ့အကျိုးဆောင်အဖွဲ့များ၊ ကက်သလစ်ဘာသာဝင်များအား တရားဝင် အသိပေးသဘောထားယူခြင်းမရှိဘဲ ဝန်ကြီးချုပ် လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ မြေပိုင်ဆိုင်မှု စာရွက်စာတမ်းများကို တစ်ဖက်သတ်ပြုလုပ်၍ သိမ်းယူခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ယင်းကိစ္စကို ဖြေရှင်းဆောင်ရွက်နိုင်ရန် နိုင်ငံတော်အကြီးအကဲများထံသို့လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများထံသို့လည်းကောင်း စာရွက်စာတမ်း အထောက်အထားများနှင့်တကွ တင်ပြတိုင်ကြားခဲ့ရာ တစ်နှစ်ကျော်ကြာမြင့်သည်အထိ ထူးခြားမှု မရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားချက်များအရ သိရသည်။


READ NEXT
Cancel OK