Top News

MIC အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုရာတွင် ပညာရေးကဏ္ဍအား လက်တည့်စမ်း၍ မလုပ်သင့်ဟု လွှတ်တော်ကိုယ်စားလှယ် ပြောကြား
24htopnews | December 9, 2024 12:12 PM CST

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုရာတွင် ပညာရေးကဏ္ဍအား လက်တည့်စမ်း၍ မလုပ်သင့်ဟု ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးကျော်ထွေးက  ပြောဆိုသည်။

နေပြည်တော်၌ နိုဝင်ဘာ ၁၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး၏ ဖြေကြားချက်နှင့်ပတ်သက်၍ မီဒီယာများအား ပြောကြားရာ၌ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခြင်းဖြစ်သည်။

“ဝန်ကြီးပြောသွားတာကတော့ ပုဂ္ဂလိက ပညာရေးဥပဒေမထွက်သေးတော့ မကြီးကြပ်နိုင်သေးဘူးပေါ့။ ပညာရေးအနေနဲ့က MIC က ခွင့်ပြုထားတဲ့ကျောင်းတွေဖြစ်တဲ့အတွက် သူတို့က ကိုင်လို့မရဘူးပေါ့။ MIC က ညှိနှိုင်းလာမှသာ သူတို့က သတ်မှတ်ထားတဲ့အချက်တွေနဲ့ ညှိနှိုင်းပေးလို့ရတယ်ပေါ့။ MIC ခွင့်ပြုချက်မပြုဘဲ ဖွင့်တဲ့ကျောင်းတွေရှိတယ်။ အဲဒီလိုကျောင်းတွေကို ဘယ်လို ဆောင်ရွက်ဖို့ရှိလည်း ထပ်မေးခဲ့တာ။ ဘယ်သူ့မှာ တာဝန်ရှိလည်းပေါ့။ ပညာရေးဝန်ကြီးဌာနမှာ တာဝန်မရှိဘူးလို့ ပြောပါတယ်။ MIC မှာ တာဝန်ရှိတဲ့ သဘောဖြစ်သွားတာပေါ့။ MIC အနေနဲ့ကလည်း ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုတဲ့အခါမှာ ပညာရေးကိုတော့ လက်တည့်စမ်းပြီး မလုပ်သင့်ဘူးလို့ မြင်တယ်။ ကာစီနိုတွေ၊ ကျန်တဲ့ ကုန်ထုတ်မှု လုပ်ငန်းတွေကို ခွင့်ပြုတာထက်စာရင် ပညာရေးကကျတော့ တိုင်းပြည်ရဲ့အနာဂတ်နဲ့ လည်းဆိုင်တယ်။ လက်တွေ့ကျောင်းသူ တွေရော၊ ပြည်သူတွေရော၊ ကျောင်းသားမိဘတွေရော ပတ်သက်တာပေါ့။ ပညာရေးကို သေသေချာချာ စိစစ်ကြပ်မတ်ပြီးတော့ ခွင့်ပြုဖို့လိုတယ်လို့ ယူဆပါတယ်။ လွှတ်တော်မှာ ဝန်ကြီးဖြေသွားတာတွေကို ပြန်ကြည့် ပြီးတော့ ဘယ်ဌာနမှာ တာဝန်ရှိလည်းဆိုတာကိုတော့ လွှတ်တော်ဘက်ကနေ လုပ်စရာရှိတာတော့ ဆက်လုပ်သွားမှာပါ” ဟု ဦးကျော်ထွေးက ဆိုသည်။

အမျိုးသား လွှတ်တော်အစည်းအဝေးတွင် ဦးကျော်ထွေးက ပြည်တွင်းရှိ ပုဂ္ဂလိက သင်တန်းကျောင်းများ၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်ပတက္ကသိုလ် (သို့မဟုတ်) ပညာရေးအဖွဲ့အစည်းများ ပူးပေါင်း သင်ကြား၍ ပေးအပ်နေသော ဒီပလိုမာ၊ ဒီဂရီ၊ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့လက်မှတ်များကို မှန်ကန်ခိုင်မာမှုနှင့် အရည်အသွေး ပြည့်မီမှုတို့ကို စိစစ်၍ မှန်ကန်မှုမရှိပါက အရေးယူပေးရန် အစီအစဉ်ရှိမရှိနှင့် ပညာရေးနှင့်ပတ်သက်သော သင်တန်းကျောင်းကြော်ငြာများတွင် အတုအယောင် မက်လုံးပေးဆွဲဆောင်မှုများကြောင့် ကျောင်းသား ကျောင်းသူများ နစ်နာဆုံးရှုံးမှုမရှိစေရန် မည်သို့စီမံထားသည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ထိုသို့မေးမြန်းမှုအပေါ် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက “ကျွန်တော်တို့ဆီမှာ မှတ်ပုံတင်မထားရင် ကျွန်တော်တို့က သွားလုပ်လို့ မရဘူး။ ကျွန်တော်တို့ရဲ့ဥပဒေနဲ့ပဲ ကျွန်တော်တို့က လုပ်လို့ရတယ်။ ကိုယ်ပိုင်ကျောင်းတွေကျတော့ ပညာရေးဝန်ကြီးဌာနရဲ့ သင်ရိုးကို သင်ရင် ဆိုင်တယ်။ သင်ရိုးကိုမသင်ရင် မဆိုင်ဘူး။ ဥပဒေထဲမှာပါတယ်။ ပုဂ္ဂလိက ကျောင်းဥပဒေထွက်ပြီးရင်တော့ ကိုယ်ပိုင် ကျောင်းတွေအကုန်လုံးက အဲဒီဥပဒေထဲ ရောက်သွားမယ်။ ပညာရေးဝန်ကြီးဌာနက သင်ရိုးကိုသင်တဲ့ကျောင်းတွေရော၊ နိုင်ငံတကာသင်ရိုးအတိုင်းသင်တဲ့ကျောင်းတွေရော အကုန်ပါသွားမယ်။ အခုထိကတော့ ကျွန်တော်တို့ အသိအမှတ်ပြုတဲ့ ကျောင်းကတော့ တစ်ကျောင်းမှမရှိသေးဘူး။ စိစစ်ဆဲကျောင်း တွေပဲ ရှိသေးတယ်။ ခိုင်မာမှသာ မိဘတွေယုံကြည်တဲ့ အရည်အသွေးပြည့်တဲ့ ကျောင်းတွေဖြစ်လာမှာ” ဟု ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသည် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင် ဥပဒေနှင့်အညီ ဖွင့်လှစ်သင်ကြားနေသော အခြေခံပညာအဆင့် ကိုယ်ပိုင်ကျောင်းနှင့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများကို သာ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါကိုယ်ပိုင်ကျောင်းများ၏ ပညာသင်ကြားမှု အရည်အသွေး ပြည့်မီရေးကို အစိုးရအခြေခံပညာကျောင်းများနည်းတူ ကြပ်မတ်ဆောင်ရွက်ရှိကြောင်း၊ လက်ရှိဖွင့်လှစ်ထား သော ပုဂ္ဂလိကသင်တန်းကျောင်းများ၊ ပညာရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်ပ တက္ကသိုလ် သို့မဟုတ် ပညာရေးဆိုင်ရာအဖွဲ့ အစည်းများသည် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ဥပဒေများအရ ခွင့်ပြုထား ခြင်းမျိုးမဟုတ်ဘဲ ကုမ္ပဏီမှတ်ပုံတင်ဥပဒေနှင့် နည်းဥပဒေအရ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ပညာရေးဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီအဖြစ် မှတ်ပုံတင်၍ ဖွင့်လှစ်ခွင့်ပြုထားသည့် ကျောင်းများဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။


READ NEXT
Cancel OK