Top News

ထိုင်းနိုင်ငံသို့ လူပွဲစားများမှတစ်ဆင့် တရားမဝင်သွားရောက်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၄၅ ဦးထိုင်းနိုင်ငံတွင်ဖမ်းဆီးခံရပြီး ကောေ့သာင်းမြို့သို့ပြန်ပို့ခြင်းခံရ
24htopnews | December 8, 2024 10:12 PM CST

တစ်ဖက်ထိုင်းနိုင်ငံသို့ လူပွဲစားများမှ တစ်ဆင့်တရားမဝင်သွားရောက်ခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄၅ ဦးမှာ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံခဲ့ရပြီး ကော့သောင်းမြို့သို့ နိုဝင်ဘာ ၂၂ ရက်က ပြန်လည်ပို့ခြင်းခံခဲ့ရကြောင်း သိရသည်။

ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ ပုလောမြို့နယ်များမှ မြန်မာရွှေ့ပြောင်းလုပ်သားများမှာ နိုဝင်ဘာ ၁၄ ရက်က ကော့သောင်းမြို့နယ် ဆိပ်ဖူးကျေးရွာမှ ထိုင်းနိုင်ငံသို့ ပွဲစားများမှတစ်ဆင့်တရား မဝင်သွားရောက်သွားခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ကရဘူရီမြို့နယ်တွင် လူကုန်တားအဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ရဲအချုပ်စခန်းတွင် ရှစ်ရက်အချုပ်ကျခဲ့ကြောင်း သိရသည်။

အဆိုပါအလုပ်သမားများကို ထိုင်းနိုင်ငံမှ ပြန်လည်ပေးပို့ရာတွင် တရားဝင်ခွင့်ပြုချက်မရသောကြောင့် မြန်မာအလုပ်သမားများမှာကော့သောင်းမြို့နယ်၊ ငါးအိမ်စုကျေးရွာအနီး ပါချန်မြစ်ကမ်းမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာကြကြောင်း သိရသည်။

“ကော့သောင်းမြို့နယ် ရွှေပြည်စိုးကျေးရွာအုပ်စု ငါးအိမ်စုကျေးရွာအနီးမှာ လာရောက်ပို့ဆောင်ခဲ့ကြတာပါ။ ပါချန်မြစ်ကမ်း ရွှံ့နွံတွေထဲကနေ တက်လာကြတော့ ရွှေပြည်စိုးကျေးရွာအုပ်ချုပ်ရေးမှူး မီးသတ်ရဲဘော်တွေက လာရောက်တွေ့ဆုံပြီး ခေါ်သွားကြတယ်။ မြန်မာရွှေ့ပြောင်းလုပ်သားတွေက ရခိုင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းက လူတွေဖြစ်တယ်။ ထိုင်းနိုင်ငံ ရနောင်းမြို့ ပါနန်နယ်မြေ ခေါင်နန်ရပ်ကွက်အကောက်ခွန်ဆိပ်ခံတံတားကနေ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကူညီပေးနေတဲ့သူတွေရဲ့ စီစဉ်ပေးတဲ့လှေနဲ့ရောက်လာတာလို့ သိရတယ်” ဟု ကော့သောင်းမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်ပြီး ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သားများကို တရားဝင်ပြန်လည်ဆက်သွယ်ပြီး ပေးပို့ခြင်းမရှိခဲ့ကြောင်း၊ လက်ရှိအနေထားတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၅၀ ခန့်ကိုနေရပ် သို့ ပြန်နိုင်ရန် စီစဉ်ပေးပြီးဖြစ်ကြောင်း ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

“အဲဒီကိစ္စက ကျွန်တော်တို့ဆီတရားဝင် ဆက်သွယ်လာခြင်းမရှိဘဲ ကော့သောင်းဘက်ကို လာပြီးပစ်တဲ့သဘောမျိုး ဖြစ်နေတယ်။ အမှန်တကယ်ဆိုရင် မြန်မာသံအရာရှိနဲ့ ဆက်သွယ်ပြီး အလုပ်သမားသံရုံးကနေတစ်ဆင့် ဆက်သွယ်လိုက်ရင် တစ်ရာကျော်စလုံးကို အဆင်ပြေအောင်ဆောင်ရွက်ပေးနိုင်တယ်။ အခုက အယောက်  ၅၀ ကျော်ပဲ ကျွန်တော်တို့ကူညီပေးလိုက်ရတယ် သူတို့လာ ပို့လို့လက်ခံရရှိတာ မဟုတ်ဘူး။ တိုင်းဒေသကြီးအစိုးရကလည်း ညွှန်ကြားချက်ပေးထားတာရှိတယ်။ အလုပ်သမားတွေ ဝင်ရောက်လာရင် တရားဝင်လက်ခံပြီးကူညီဆောင်ရွက်ပေးဖို့ ခွင့်ပြုပေးထားပြီးသားပါ။ ကျွန်တော်တို့လည်း လိုက်လံစုံစမ်းတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေတစ်ဆင့် အဆက်အသွယ်ရတော့ လဝကတွေ၊ တာဝန်ရှိသူတွေနှင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ရတာပါ” ဟု ကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးက ပြောကြားသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ရာတွင် တရားဝင်သွားလာခွင့်ပြုထားသော်လည်း ပွဲစားများမှတစ်ဆင့် တရားမဝင်သွားရောက်နေသည့်အတွက် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပို့ဆောင်ခံ နေရမှုများစွာရှိနေကြောင်း သိရသည်။

 


READ NEXT
Cancel OK