ကမ္ဘာ့ငွေရေးကြေးရေးစနစ် တစ်ခုလုံးအတွက် အရေးပါတဲ့ဘဏ်တွေကို ရွေးချယ်သတ်မှတ်တဲ့ စံနှုန်းတွေ၊ ညွှန်ကိန်းတွေနဲ့ အဲဒီဘဏ်တွေအနေနဲ့ တိုင်းတာမှုနည်းလမ်းအရ သတ်မှတ်ထားတဲ့အုပ်စုထဲမှာ ပါဝင်ခဲ့ရင် ကြားခံမတည်ငွေရင်း ထပ်မံဖြည့်ဆည်းပေးပို့လိုတဲ့ဆိုတဲ့အကြောင်းပြီးခဲ့တဲ့အပတ်က တင်ပြခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာ့ငွေရေးကြေးရေးစနစ် တစ်ခုလုံးအတွက် အရေးပါတဲ့ ဘဏ် (၃၀) အနက် အာရှဒေသမှာ ရှိတဲ့ ဘဏ်ခုနစ်ဘဏ်အကြောင်း၊ ကမ္ဘာ့အကြီးဆုံး ဘဏ်တွေအကြောင်းနဲ့ နိုင်ငံ့စီးပွားအပေါ် အကျိုးသက်ရောက်တွေကို မိတ်ဆက်တင်ပြဖို့ ရည်ရွယ်ပါတယ်။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း ၂၀၂၂ ခုနှစ် ကမ္ဘာ့ငွေရေးကြေးရေး စနစ်တစ်ခုလုံးအတွက် အရေးပါတဲ့ဘဏ် (၃၀) စာရင်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်နေ့က ငွေရေးကြေး ရေးတည်ငြိမ်မှုဘုတ်အဖွဲ့ (Financial Stability Board - FSB) က ထုတ်ပြန်ခဲ့ပါတယ်။ ဒီနေရာမှာ အလျဉ်းသင့်လို့ FSB ကဘာလဲ၊ ဘယ်သူတွေနဲ့ ဖွဲ့စည်းထားလဲ၊ ဘာတွေ ဆောင်ရွက်နေတာလဲဆိုတာကို တင်ပြပါရစေ။ FSB ၁၉၉၉ ခုနှစ်က G-7 အဖွဲ့ဝင်နိုင်ငံတွေက ဘဏ္ဍာ ရေးဝန်ကြီးတွေ၊ ဗဟိုဘဏ်ဥက္ကဋ္ဌတွေနဲ့ အပြည်ပြည်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းတွေပါဝင်တဲ့ ငွေရေးကြေးရေးတည်ငြိမ်မှုဖိုရမ် (Financial Stability Forum - FSF) ကို ဆက်ခံတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
၂၀၀၉ ခုနှစ် လန်ဒန်မှာကျင်းပခဲ့တဲ့ G-20 ထိပ်သီးအစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံအားလုံး တညီတညွတ်တည်း FSF ကို ဆက်ခံတဲ့အဖွဲ့အစည်းအဖြစ် FSB ကို ဖွဲ့စည်းထူထောင်ခဲ့တာဖြစ်ပါတယ်။ FSB ရဲ့ အဓိကဆောင်ရွက်ချက်တွေက ကမ္ဘာ့ငွေရေးကြေးရေးတည်ငြိမ်ဖို့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်တာ၊ ကြီးကြပ်စစ်ဆေးရေးနည်းလမ်းတွေ ဖော်ထုတ်တာ၊ ငွေရေးကြေးရေးကဏ္ဍ မူဝါဒတွေချမှတ်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်တာ၊ အဖွဲ့ဝင်မဟုတ်တဲ့ အခြားထွန်းသစ်စနိုင်ငံတွေနဲ့ တိုင်ပင်ညှိနှိုင်းဆောင်ရွက်တာတွေ ဖြစ်ပါတယ်။ အဲဒီလိုဆောင်ရွက်မှုကို လုပ်ငန်းစဉ် (၃) ဆင့်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။ ပထမအဆင့်က ငွေရေးကြေးရေးကဏ္ဍမှာ စနစ်တစ်ခုလုံးရဲ့ ဆုံးရှုံးနိုင်ခြေကို ဖော်ထုတ်ပြီး ဒုတိယအဆင့်အနေနဲ့ အဲဒီဆုံးရှုံးနိုင်မှုတွေကို ပြင်ဆင်နိုင်ဖို့ လက်တွေ့ကျတဲ့ ငွေရေးကြေးရေး ကဏ္ဍဆိုင်ရာ မူဝါဒတွေ ချမှတ်ပါတယ်။ တတိယအဆင့်က အဲဒီချ မှတ်လိုက်တဲ့ မူဝါဒတွေအပေါ် အကောင်အထည်ဖော်ဆောင်မှုတွေကို ကြီးကြပ်စောင့်ကြည့်တာဖြစ်ပါတယ်။ (ပုံ-၁)
ကမ္ဘာ့ငွေရေးကြေးရေးစနစ် တည်ငြိမ်စေဖို့ FSB အနေနဲ့ အခုလို ကမ္ဘာ့ငွေရေးကြေးရေးစနစ်တစ်ခုလုံးအတွက် အရေးပါတဲ့ဘဏ်တွေကို နှစ်စဉ်ထုတ်ပြန်ရာမှာ ဘာဆယ်ဘဏ်လုပ်ငန်းကြီးကြပ်ရေးကော်မတီနဲ့ သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ ကြီးကြပ်ရေးအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးမှ ထုတ်ပြန်တာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်အတွက် ထုတ်ပြန်တဲ့စာရင်းတွေမှာ ပါဝင်တဲ့ G-SIBs စာရင်း ရွေးချယ်ရာမှာ ဘာဆယ်ဘဏ်လုပ်ငန်းကြီးကြပ်ရေးကော်မတီက ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ ပြင်ဆင်ထုတ်ပြန်ခဲ့တဲ့ ဆန်းစစ်ချက်နည်းလမ်းတွေ ကျင့်သုံးပြီးပထမဦးဆုံး ထုတ်ပြန်တဲ့စာရင်းဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်အတွက် ထုတ်ပြန်ခဲ့တဲ့ G-SIBs ဘဏ် (၃၀) စာရင်း က ၂၀၂၁ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ G-SIBs စာရင်းအတိုင်းမပြောင်းလဲတာ တွေ့ရပါတယ်။ ပုံ-၂ မှာ ကြည့်မယ်ဆိုရင် သက်ဆိုင်ရာအုပ်စုအလိုက် လိုအပ်တဲ့ကြားခံမတည် ငွေရင်းထည့်ဝင်ရမယ့် အုပ်စုမှာတော့ အပြောင်းအလဲဖြစ်ပေါ်တာ တွေ့ရမှာပါ။ အဲဒီလို ကွာခြားရတာက ဘဏ်တွေ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းအပြောင်းအလဲကြောင့်ဖြစ်ပါတယ်။ ဒီလိုမျိုး ဆုံးရှုံးမှုမြင့်မားမှုကို ကာမိစေဖို့ လိုအပ်တဲ့မတည်ငွေရင်း သတ်မှတ်ချက်တွေက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်အကျိုးသက်ရောက်မှာဖြစ်ပါတယ်။
FSB အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြီးကြပ်ရေးအာဏာပိုင်တွေအနေနဲ့ G-SIBs ဘဏ်တွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို လိုက်နာစေဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မြင့်မားတဲ့ကြားခံမတည်ငွေရင်း သတ်မှတ်ချက်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလကစပြီး ကျင့်သုံးခဲ့တာဖြစ်ပြီး ဒီနှစ်အတွက်ထုတ်ပြန်တဲ့ G-SIBs အဖြစ် သတ်မှတ်ခံရတဲ့ ဘဏ်တစ်ခုချင်းအလိုက် ကြားခံမတည်ငွေရင်း ထပ်မံဖြည့်တင်းဖို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီနှစ် ထုတ်ပြန်ခဲ့သလိုဘဲ နောက်နှစ်အတွက် G-SIBs စာရင်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ပြန်မှာဖြစ်ပါတယ်။
ဆောင်းပါးအစပိုင်းမှာ တင်ပြခဲ့သလို G-SIBs ဘဏ် (၃၀) မှာ (၇)ဘဏ်က အာရှနိုင်ငံတွေက ဖြစ်ပြီး အဲဒီဘဏ်တွေက အမှတ်စဉ် (၅) မှာ ရပ်တည်နေတဲ့ Bank of China၊ အမှတ်စဉ် (၁၀)၊ (၁၁) နဲ့ (၁၂)မှာ ရှိတဲ့ Industrial and Commerical Bank of China၊ Mitsubishi UFJFG၊ Agricultural Bank of China၊ အမှတ်စဉ် (၁၄) မှာရပ်တည်နေတဲ့ China Construction Bank၊ အမှတ်စဉ် (၁၉) မှာရှိတဲ့ Mizuho FG၊ အမှတ်စဉ် (၂၆) မှာရပ်တည်နေတဲ့ Sumitomo Mitsui FG တို့ ဖြစ်ပါတယ်။ (ပုံ-၃)
ဒီနေရာမှာ ထူးခြားချက်ရှိတာ တွေ့ရမှာပါ။ တစ်ချက်က ဘဏ်တွေရဲ့ စုစုပေါင်းရပိုင်ခွင့်အရွယ်အစား ကြီးမားပေမဲ့ G-SIBs အဆင့်သတ်မှတ်ချက်အရ အဆင့်ကွာခြားမှုရှိတာ တွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ချက်က အာရှဘဏ် (၇) ဘဏ်ကတရုတ်နဲ့ ဂျပန်နိုင်ငံက ဘဏ်တွေသာ G-SIBs စာရင်းဝင် ဘဏ်တွေ ထဲမှာပါဝင်နေတာပါ။ တကယ်တော့ ဒီဖြစ်ရပ်က သိပ်ပြီးထူးဆန်းတာတော့ မဟုတ်ပါဘူး။ ၂၀၀၇ ခုနှစ်က ဂျာမနီနိုင်ငံ၊ ဟမ်းဘာ့ခ်မြို့မှာ ထူထောင်ခဲ့ပြီး နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ ရုံးခွဲတွေဖွင့်လှစ်ထားတဲ့ စျေးကွက်နဲ့ စားသုံးသူရေးရာ ကိန်းဂဏန်းအချက်အလက်တွေကို အွန်လိုင်းကနေ ပံ့ပိုးပေးတဲ့ဝန်ဆောင်မှု လုပ်ငန်းတစ်ခုဖြစ်တဲ့ Statista ရဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာ့အကြီးဆုံးဘဏ်တွေကို စာရင်းကောက်ယူရာမှာ ဒီနှစ် G-SIBs စာရင်းဝင်ဖြစ်တဲ့ တရုတ်ဘဏ်ကြီး (၄) ဘဏ်က ရပိုင်ခွင့်အများဆုံး ဘဏ်တွေအဖြစ်နဲ့ အသီးသီး ထိပ်ဆုံးကရပ်တည်နေတာ တွေ့ရမှာဖြစ်ပါတယ်။ ICBC ဆိုရင် စုစုပေါင်းရပိုင်ခွင့် US$ (၅.၅၄)ထရီလီယံ၊ CCB ဆိုရင် US$ (၄.၇၆) ထရီလီယံ၊ ACB ဆိုရင် US$ (၄.၅၈) ထရီလီယံ၊ BOC ဆိုရင် US$ (၄.၂၁) ထရီလီယံနဲ့ ထိပ်ဆုံးဘဏ် (၄) ဘဏ်အဖြစ် ရပ်တည်နေတာ တွေ့ရပါတယ်။ (ပုံ-၄)
စာရေးသူဖတ်ခဲ့ရတဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဒီနေရာမှာ တင်ပြပါရစေ။ အဲဒီဆောင်းပါးကို Federal Reserve Bank of San Franciso က သုတေသီတစ်ဦးဖြစ်တဲ့ Sean Creehan က ၂၀၁၆ ခုနှစ်က ပြုစုရေးသားခဲ့ပြီး ဆောင်းပါးအမည်က What is Aisa’s Most Systemically Important Bank၊ ဖြစ်ပါတယ်။ ဆောင်းပါးမှာ G-SIBs ဘဏ်တွေရဲ့ ချေးငွေပမာဏဟာ နိုင်ငံ့ဂျီဒီပီရဲ့ ၁၀၀ ရာခိုင်နှုန်းကို ကျော်လွန်နေတာတွေ့ရကြောင်း၊ တရုတ်နိုင်ငံမှာဆိုရင် G-SIBs စာရင်းဝင်ဘဏ်တွေရဲ့ ချေးငွေပမာဏဟာ နိုင်ငံ့ဂျီဒီပီရဲ့ ၁၂၁.၃ % ရှိခဲ့ပြီး ဂျပန်နိုင်ငံရဲ့ G-SIBs စာရင်းဝင်ဘဏ်တွေက နိုင်ငံ့ဂျီဒီပီရဲ့ ၁၃၄.၉% ရှိခဲ့ကြောင်း၊ (ပုံ-၅) အမေရိကန် ပြည်ထောင်စုက G-SIBs ဘဏ်တွေက နိုင်ငံ့ဂျီဒီပီရဲ့ ၈၆.၄ % သာရှိတဲ့အတွက် တရုတ်နဲ့ ဂျပန်နိုင်ငံက G-SIBs ဘဏ်တွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးကြောင်း၊ ဒါပေမဲ့ ပြင်သစ်နဲ့ ယူနိုက်တက်ကင်းဒမ်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်တော့ တရုတ်နဲ့ ဂျပန်ဘဏ်တွေရဲ့ ရာခိုင်နှုန်းက နိမ့်ကျတာတွေ့ရကြောင်း၊ ပြင်သစ်က G-SIBs တွေက နိုင်ငံ့ဂျီဒီပီရဲ့ ၂၈၇.၈% ရှိပြီး ယူနိုက်တက်ကင်းဒမ်းမှာ G-SIBs တွေက နိုင်ငံ့ဂျီဒီပီရဲ့ ၂၇၃.၇ % ရှိနေကြောင်း၊ G-SIBs ဘဏ်အဖြစ် သတ်မှတ်တာဟာ ဘဏ်တွေကြီးလွန်းလို့ ပြိုလဲမှာစိုးတဲ့အတွက် အဟန့်အတားဖြစ်စေဖို့ သတ်မှတ်တာဖြစ်ကြောင်း၊ အဲဒီလို ဘဏ်ကြီးတွေ မလဲပြိုအောင် ကူညီမယ်ဆိုရင် သက်ဆိုင်ရာနိုင်ငံတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့အပြင် အစိုးရနဲ့ ပုဂ္ဂလိကတစ်ဦးချင်းစီရဲ့ အရင်းအမြစ်တွေပါ အသုံးပြု ကျခံသုံးစွဲရမှာဖြစ်တဲ့အတွက် ဆုံးရှုံးနစ်နာမှု များပြားနိုင်မှာဖြစ်တယ်ဆိုတဲ့အကြောင်း ရေးသားဖော်ပြချက်အား ကောက်နုတ်တင်ပြလိုက်ရပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
