ဖြစ်နိုင်ဖွယ်ရှိသော နွေဦးထိုးစစ်ကို မျှော်မှန်းလျက် အမေရိကန်နှင့် ဂျာမနီတို့က ယူကရိန်းအား ဘရက်ဒလေ သံချပ်ကာတိုက်ခိုက်ရေးယာဉ် အစီး ၅၀ အပါအဝင် သံချပ်ကာယာဉ်များ ပေးပို့သွားမည်ဖြစ်ပြီး ယင်းသည် စစ်ပွဲကာလ တစ်နှစ်နီးနီးရှိလာစဉ် ယူကရိန်း၏ ရှေ့တန်းစစ်မျက်နှာသို့ တပ်ဖွဲ့ဝင်များ ဖြန့်ကြက်စေလွှတ်နိုင်စွမ်းကို မြှင့်တင်ကာ ရုရှားကို ခုခံတွန်းလှန်နေသည့် ယူကရိန်းတပ်ဖွဲ့ဝင်များကို အားဖြည့်ပေးနိုင်ရန်လည်း ရည်ရွယ်သည်။
ထိုသံချပ်ကာယာဉ်များသည် ယူကရိန်းက တောင်းဆိုထားသည့် တိုက်ပွဲဝင်တင့်ကားများ မဟုတ်သည့်တိုင် ရာသီဥတု ပြောင်းလဲမှုနှင့်အတူ ရွှံ့ထူသည့် မြေအနေအထားဖြစ်လာပြီး အထူးသဖြင့် နိုင်ငံအရှေ့ပိုင်းရှိ ရုရှားတို့ထိန်းချုပ်ထားသည့် နယ်မြေများကို ပြန်လည်သိမ်းယူမည့် ထိုးစစ်ကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်ရာတွင် ယူကရိန်း၏ မဟာဗျူဟာမြောက် စစ်ဆင်တိုက်ခိုက်နိုင်စွမ်းကို အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။
■ယင်းသံချပ်ကာယာဉ်များက မည်သို့ အထောက်အပံ့ပေးနိုင်သနည်း
အမေရိကန်လုပ် ဘရက်ဒလေ သံချပ်ကာတိုက်ယာဉ်နှင့် ဂျာမန်လုပ်မာဒါ သံချပ်ကာယာဉ်များသည် အနောက်နိုင်ငံများ အသုံးပြုနေသည့် သံချပ်ကာယာဉ်အမျိုးအစားများစွာထဲတွင် ပါဝင်သည်။ ၎င်းသံချပ်ကာယာဉ်များသည် ခေတ်မီစစ်တပ်များ၏ မြေပြင်၊ ဝေဟင်နှင့် အခြားလက်နက်မျိုးစုံဖြင့် တိုက်ပွဲဝင်တပ်ရင်းတပ်ဖွဲ့များကို ဟန်ချက်ညီညီ ပေါင်းစပ်ကာ စစ်ကစားနိုင်စွမ်းအတွက် လိုက်လျောညီထွေဖြစ်စေရန် ရည်ရွယ်ထုတ် လုပ်ထားခြင်းဖြစ်သည်။
M2A2 ဘရက်ဒလေ အမျိုးအစားသည် ချိန်းကြိုးတပ် အလတ်စား သံချပ်ကာတိုက်ယာဉ်ဖြစ်သော်လည်း တင့်ကားထက် ပိုမိုပေါ့ပါးမြန်ဆန်သည်။ ၎င်းတိုက်ယာဉ်တွင် အမှုထမ်းသုံးဦး တင်ဆောင်နိုင်သည့်အပြင် တပ်ဖွဲ့ဝင်ငါးဦး သို့မဟုတ် ခြောက်ဦးအထိ ထပ်ဆောင်းတင်ဆောင်နိုင်ကာ ခြေလျင်တပ်စိတ်များကို စစ်မြေပြင်ဆီသို့ ဘေးကင်းလုံခြုံစွာဖြင့် ပို့ဆောင်ပေးရာတွင် အရေးပါသည့် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်ထားကြသည်။ အများအားဖြင့် ၎င်းသံချပ်ကာယာဉ်၏ ဦးပိုင်းတွင် ၂၅ မမ အမြောက်တစ်လက်၊ စက်သေနတ်တစ်လက်နှင့် ယာဉ်ရပ်တန့်ချိန်တွင် အသုံးပြုနိုင်သည့် TOW တင့်ဖျက်ဒုံးပစ် လောင်ချာတစ်လက်ကို တပ်ဆင်ထားလေ့ရှိသည်။ ဂျာမန်လုပ် မာဒါသံချပ်ကာယာဉ်သည်လည်း ယင်းနှင့်အလားသဏ္ဌာန်တူပြီး အလားတူလက်နက်များကို တင်ဆောင်နိုင်စွမ်းရှိသည်။
ဥပမာအနေဖြင့်ဆိုရသော် ယူကရိန်းတပ်ဖွဲ့ဝင်များသည် လက်နက်မျိုးစုံ ပေါင်းစပ်အသုံးပြုတိုက်ခိုက်ရာတွင် ရုရှားတို့ ခြေကုပ်ယူထားသည့် နေရာတစ်ခုအား လက်နက်ကြီး ပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် တိုက်ခိုက်ပြီးနောက် ရုရှားတို့ ချည့်နဲ့သွားသည့် အခြေအနေကို အခွင့်ကောင်းယူလျက် မြေပြင်ထိုးစစ်ဆင်ရန်အတွက် ခြေလျင်တပ်ဖွဲ့ဝင်များကို ရှေ့တန်းသို့ အလျင်အမြန် တပ်ဖြန့်စေလွှတ်နိုင်မည်ဖြစ်သည်။
လွန်ခဲ့သည့် ၁၀ လတာအတွင်း ရုရှားနှင့် ယူကရိန်းနှစ်ဖက်စလုံးတွင် တင့်ကားများနှင့် သံချပ်ကာယာဉ် ပျက်စီးဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့သည့်အတွက် ဘရက်ဒလေနှင့် မာဒါသံချပ်ကာယာဉ်များ ပေးပို့ခြင်းဖြင့် ထိုကဲ့သို့ဆုံးရှုံးမှုများကို ကာမိစေမည်ဖြစ်သည်။
■သံချပ်ကာယာဉ်များ အဘယ်ကြောင့် ပေးပို့ရသနည်း
ဘရက်ဒလေ သံချပ်ကာယာဉ်များ ပေးပို့ရန် ဆုံးဖြတ်ခဲ့ခြင်းသည် ယူကရိန်းစစ်ပွဲအတွင်း အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များ ထောက်ပံ့ပေးနေသည့် လက်နက်စနစ်များ၏ အဆင့်အတန်းနှင့် ထိရောက်မှုတို့ ဖြည်းဖြည်းချင်း တိုးတက်လာသည့် သဘောကို ထင်ဟပ်နေသည်။
ယူကရိန်းအနေဖြင့် ရုရှားတို့ကို တွန်းလှန်ရန်အတွက် ဖြစ်နိုင်သမျှ အရာအားလုံးကို လိုအပ်နေချိန်တွင် အမေရိကန်နှင့် မဟာမိတ်များ၏ လုပ်ဆောင်ချက်များသည် အလွန်နှေးကွေးနေပြီး လက်နက်စနစ်များ ထောက်ပံ့မှုကို ထို့ထက်မြန်ဆန်စွာ လုပ်ဆောင်ခဲ့လျှင် ယူကရိန်း၏ နယ်မြေဆုံးရှုံးမှုအချို့ကို ရှောင်လွှဲနိုင်ခဲ့ လိမ့်မည်ဟူသော ယူဆချက်များလည်း ရှိနေသည်။
သို့သော် ယမန်နှစ်ဖေဖော်ဝါရီလတွင် စတင်ခဲ့သည့် စစ်ပွဲ၏အခြေအနေအပြောင်းအလဲနှင့် ပိုမိုရှုပ်ထွေးနက်နဲသည့် နည်းပညာမြင့်မားသော လက်နက်စနစ်များကို ကိုင်တွယ်အသုံးပြုခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့အတွက် လိုအပ်သည့် လေ့ကျင့်မှုများ ပြုလုပ်ရန် ယူကရိန်းတပ်ဖွဲ့ဝင်များ၏ ပြည်ပသို့ ထွက်ခွာနိုင်သည့် အခြေအနေတို့အပေါ် မူတည်၍ ပေးပို့သည့် လက်နက်အမျိုးအစားများကို အလျဉ်းသင့်သလို ပြောင်းလဲခြင်းဖြစ်သည်ဟူသော တုံ့ပြန်ပြောဆိုမှုများလည်း ရှိနေသည်။
ဘရက်ဒလေ သံချပ်ကာ တိုက်ယာဉ်များသည် စိုက်ခင်းများနှင့် ပြန့်ပြူးသော မြေအနေအထားရှိကာ တိုက်ပွဲ အရှိန်မြင့်လာသည့် ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသတွင် အထောက်အကူပေးနိုင်လိမ့်မည်ဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီပြောခွင့်ရ ဂျွန်ကာဘီက ပြောကြားခဲ့သည်။ ထိုဆုံးဖြတ်ချက်သည် ယူကရိန်း၏ လတ်တလောစစ်ရေးလိုအပ်ချက်ကို အလေးအနက်စဉ်းစားရုံသာမက နောက်ပိုင်းတွင် ဖြစ်လာဖွယ်ရှိသည့် တိုက်ပွဲများအတွက်ပါ ကြိုတင်မှန်းဆထားခြင်း ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ပင်တဂွန် တာဝန်ရှိသူတစ်ဦးဖြစ်သည့် လော်ရာကူးပါးကလည်း ဘရက်ဒလေသံချပ်ကာယာဉ်များကို ပေးပို့ရန် သင့်တော်သည့် အချိန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ “ယူကရိန်းတွေဟာ သူတို့ရဲ့စစ်လက်နက်တွေကို ပြုပြင်ထိန်းသိမ်းနိုင်စွမ်း သိသိသာသာတိုးတက်လာတာကို အခိုင်အမာ ပြသခဲ့ပြီးပါပြီ။ ယူကရိန်း တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်တွေကို ကိုင်တွယ်အသုံးပြုမှု၊ ပြုပြင်ထိန်းသိမ်းမှုတို့အတွက် အမေရိကန်က ဦးဆောင်ပြီး လေ့ကျင့်သင်ကြားပေးမှုကို ဇန်နဝါရီလနှောင်းပိုင်းမှာ စတင်မှာဖြစ်တယ်” ဟုလည်း ၎င်းက ပြောကြားသည်။
ဆောင်းရာသီလများအတွင်း အမေရိကန်နှင့် မဟာမိတ်များက လာမည့်နွေဦးတွင် တိုက်ပွဲဖြစ်ပွားမှု အရှိန်မြင့်တက်လာလျှင် လိုအပ်လာနိုင်သည့် စစ်လက်နက်အသုံးအဆောင်များကိုလည်း ယူကရိန်းသို့ အလုံးအရင်း ထောက်ပံ့ပေးပို့လျက်ရှိသည်။
■ယူကရိန်းတောင်းဆိုထားသည့် တင့်ကားများကို ပေးပို့ခြင်း မရှိ
ယူကရိန်းဘက်က တင့်ကားများကို ထပ်တလဲလဲတောင်းဆိုထားသော်လည်း အမေရိကန်နှင့် မဟာမိတ်များကမူ ပိုမိုအားကောင်းပြီး စွမ်းဆောင်ရည်မြင့်ကာ အသုံးပြုရ ရှုပ်ထွေးခက်ခဲသည့် သံချပ်ကာယာဉ်များ ပေးပို့ခြင်းကို လက်ရှောင်ခဲ့သည်။
ဥပမာအားဖြင့် အမေရိကန်၏ အမ်ဝမ်းအေဘရမ်စ်တင့်ကားတွင် များစွာပိုမိုအားကောင်းသည့် အမြောက်စနစ် ပါဝင်ပြီး သံချပ်ကာစနစ်ပိုမိုကောင်းမွန်သော်လည်း အလေးချိန်ပိုများပြီး ဒီဇယ်မသုံးဘဲ ဂျက်အင်ဂျင်လောင်စာကိုသာ အသုံးပြုရသည့်အတွက် တပ်ဖွဲ့ဝင်များ စစ်ဆင်နေချိန်တွင် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်ရန် ပိုမိုခက်ခဲစေမည်ဖြစ်သည်။
“ယူကရိန်းအနေနဲ့ တင့်ကားတွေ လိုနေတယ်ဆိုတာကို ကျွန်မတို့အနေနဲ့ အပြည့်အဝလက်ခံပါတယ်။ ဒါပေမဲ့ တင့်ကားတွေကို ရေရှည်ပြုပြင်ထိန်းသိမ်းရမယ့် အချက်ကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါလိမ့်မယ်။ အေဘရမ်တင့်ကားအမျိုးအစားဟာ ဆီအလွန်စားတဲ့အပြင် ပြုပြင်ထိန်းသိမ်းတဲ့နေရာမှာလည်း အတော်လေးခက်ခဲတယ်ဆိုတာကို ကျွန်မတို့ မုချသိထားပါတယ်” ဟု ပင်တဂွန်တာဝန်ရှိသူ ကူးပါးက ဆိုသည်။
ထို့အတွက်ကြောင့် အမေရိကန်အနေဖြင့် နယ်သာလန်နိုင်ငံနှင့် မိတ်ဖက်ပြုကာ ယူကရိန်းတပ်ဖွဲ့ဝင်များ မောင်းနှင်အသုံးပြုနိုင်မည့် ဆိုဗီယက်ခေတ် T-72 တင့်ကားများကို ပြင်ဆင်မွမ်းမံနေခြင်းဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။
■သံချပ်ကာယာဉ်များ မည်သည့်အချိန်တွင် ရောက်လာနိုင်သလဲ
အမေရိကန်နှင့် ဂျာမနီအစိုးရ တာဝန်ရှိများက မည်သည့်အချိန်တွင် လေ့ကျင့်မှုများ ပြီးဆုံးမည်ဆိုသည်နှင့် ၎င်းသံချပ်ကာယာဉ်များ ယူကရိန်းသို့ မည်မျှမြန်ဆန်စွာ ရောက်ရှိလာမည်ကို အတိအကျပြောဆိုခြင်းမရှိပေ။
ယူကရိန်းတပ်ဖွဲ့ဝင်များအတွက် တိုက်ခိုက်ရေးဆိုင်ရာ တိုးချဲ့လေ့ကျင့်သင်ကြားမှုများကို ယခုလထဲတွင် စတင်မည်ဖြစ်ကြောင်းနှင့် အဆိုပါလေ့ကျင့်မှုတွင် ဘရက်ဒလေသံချပ် ကာယာဉ်များ မောင်းနှင်အသုံးပြုနည်းကိုပါ ထည့်သွင်းသွားမည်ဖြစ်ကြောင်း ပင်တဂွန်က ဆိုသည်။ ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်ပေးခြင်းနှင့် အဆိုပါစွမ်းဆောင်ရည်အတွက် လေ့ကျင့်ပေးရန် လနှင့်ချီ ကြာမြင့်နိုင်သည်ဟု သိရသည်။
ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ်သည် ယူကရိန်းသို့ တိုက်ခိုက်ရေးယာဉ်များ ပေးပို့ရန် ဖိအားပေးမှုများကို ကာလကြာမြင့်စွာ သတိဖြင့်တုံ့ပြန်ခဲ့ပြီး ဂျာမနီအနေဖြင့် ထိုကဲ့သို့ပေးပို့မှုများကို မိမိတစ်နိုင်ငံတည်း လုပ်ဆောင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ပြောကြားချက်နှင့် အတိုင်အဖောက်ညီစွာပင် ယခုသီတင်းပတ်အတွင်း အမေရိကန်၏ ကတိပြုချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဂျာမနီဝန်ကြီးချုပ်၏ ပြောခွင့်ရ စတက်ဖန်ဟဲဘက်စထရွိုက်ကမူ ယခုနှစ်ပထမသုံး လပတ်အတွင်း ဂျာမနီလုပ် သံချပ်ကာယာဉ်များကို ယူကရိန်းသို့ပေးပို့ရန် အသင့်ရှိနေသင့်ကြောင်းနှင့် ဂျာမနီအနေဖြင့် အဆိုပါသံချပ်ကာယာဉ်များ အသုံးပြုနည်းကို ယူကရိန်းအား လေ့ကျင့်သင်ကြားပေးရန် စီစဉ်ထားပြီး ယင်းအတွက် သီတင်းပတ်ရှစ်ပတ်ခန့် အချိန်ယူရဖွယ်ရှိကြောင်း ဘာလင်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ Ref:AP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
