Top News

လက်နက်ကိုင်ဆောင်သည့်ယဉ်ကျေးမှု၏နောက်ကွယ်
24htopnews | December 8, 2024 6:12 AM CST

ကျောင်းကို လာသည့် ခြောက်နှစ် အရွယ်ကလေးတစ်ဦးက ကျောပိုးအိတ်ထဲ သေနတ်ထည့်လာပြီး ဆရာမဖြစ်သူကို သေနတ်ဖြင့် ပစ်ခဲ့သည့်ဖြစ်ရပ်မျိုး အမေရိကမှလွဲ၍ အခြားသောနေရာများတွင် တွေ့ရလိမ့်မည်မဟုတ်ပေ။ ကံကောင်းထောက်မစွာဖြင့် ဗာဂျီးနီးယားပြည်နယ်၊ နယူးပေါ့တ် နယူးစ်မြို့ရှိ Richneck  မူလတန်းကျောင်းတွင်ဖြစ်ပွားခဲ့သည့် ယင်းဖြစ်ရပ်အတွင်း အပစ်ခံရသူရော၊ ပစ်ခတ်သူနှင့် အခြားကျောင်းနေကလေးများပါ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ ဆရာမဖြစ်သူကမူ သေနတ်ဒဏ်ရာကြောင့် ဆေးရုံတင်လိုက်ရသည်။

ရှေ့ဖြစ်စဉ်များနည်းတူ လက်နက်ကိုင်ဆောင်ခွင့်ကို အခွင့်အရေးသဖွယ် အခြားသော အရေးများထက် ဦးစားပေးမှတ်ယူသူ များထံမှမူ ဆုတောင်းဝမ်းနည်းစကားမှအပ မည်သည့်တုံ့ပြန်မှုမှ ထွက်မလာဘဲ ၎င်းတို့နှင့် အမြင်မတူသူများကသာ ယင်းကဲ့သို့ အကြမ်းဖက်မှုမျိုးကို ပုံမှန်ဖြစ်ရပ်တစ်ခုအဖြစ် အလွယ်တကူသဘောထားတတ်သည့် နိုင်ငံ ဘာကြောင့်ဖြစ်နေသည်ကို အံ့သြနေကြသည်။

ဇန်နဝါရီလ ၆ ရက်က ယင်းဖြစ်ရပ်မျိုး ပြည်နယ်အာဏာပိုင်များ ယခင်က မကြုံခဲ့ဖူးပေ။ ဗာဂျီးနီးယားပြည်နယ်ဥပဒေအရ ခြောက်နှစ်သားတစ်ဦးကို အရွယ်ရောက်ပြီးသူအဖြစ်နှင့် တရားစွဲဆိုခွင့် မရှိသည့်အတွက် လူငယ်တရားရုံးတွင်သာ စွဲချက်တင်ရမည်။ သို့သော်လည်း လူငယ်တရားရုံးက ပေးသည့် ထောင်ဒဏ်ကိုကျခံရန် ကျူးလွန် သူက အနည်းဆုံး အသက် ၁၁ နှစ် ရှိရမည်။

လက်ရှိတွင် ပြစ်မှုကျူးလွန်သည့်ကလေးကို ကျန်းမာရေးစင်တာတစ်ခုတွင် ထိန်းသိမ်းထားပြီး အမှုကို မည်သို့ဆက်လက် ကိုင်တွယ်ရမည်ကို ပြည်နယ်ရဲတပ်ဖွဲ့က ကလေးသူငယ်ဆိုင်ရာအဖွဲ့၊ ဌာနများနှင့် ဆွေးနွေးနေသည်။

ဥပဒေများ လျော့ရဲနေခြင်း

ရူးမိုက်သည့် လက်နက်ကိုင်ဆောင်သည့်ယဉ်ကျေးမှုနှင့် လက်နက်ကိုင်ဆောင်မှုကိုထိန်းချုပ်သည့် ဥပဒေများ ကြပ်မတ်မှု မရှိခြင်းက အမေရိကကို မေ့မရဖွယ်အမှောင်နေ့ရက်များ ဖန်တီးပေးခဲ့သည်။ ၂၀၁၂ ခု နှစ် ဒီဇင်ဘာတွင် မူလတန်းကလေးတစ်ဒါဇင်ကျော် စာသင်ခန်းအတွင်း ပစ်သတ်ခံရသည့်ဖြစ်ရပ်မျိုးလည်း အမေရိကသမိုင်းတွင် ကြုံခဲ့ဖူးပြီ။

စာသင်ကျောင်းပင်မဟုတ် ရုပ်ရှင်ရုံ၊ နိုက်ကလပ်၊ ကုန်စုံဆိုင်၊ ကုန်တိုက်၊ ဆေးရုံ၊ ဘုရားရှိခိုးကျောင်း၊ ရှိုးပွဲ၊ အများပြည်သူ သွားလာသည့်ယာဉ်များတွင်လည်း လူအစုလိုက်ပစ်ခတ်ခံရမှုများ ပေါ်ပေါက်ခဲ့သည်။

အကြောင်းရင်းက ရှင်းသည်။ သေနတ်ကိုင်ဆောင်မှုများကြောင့်ဖြစ်သည်။ ပင်ကိုအားဖြင့် အမေရိကန်သားများသည် အခြားနိုင်ငံသားများထက် ပိုမိုကြမ်းကြုတ်တတ်သူများ မဟုတ်သော်လည်း လက်နက်တွန်းအားကြောင့် ဖြစ်လာသည့်အကြမ်းဖက်မှုအကျိုးဆက်မှာ ပိုမိုကြီးမားသွားတော့သည်။

သို့သော် ခြောက်နှစ်သားကလေးက ပစ်ခတ်သည့်ဖြစ်ရပ်မှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်။ ကျူးလွန်သူသည် နုနယ်သေးသည့် ကလေးတစ်ဦးသာ ဖြစ်ပြီး ၎င်း၏စိတ်ထဲတွင် မည်သည့်အရာအား တွေးနေသည်ကို (အပြင်လူက) မသိနိုင်။ ထိုအရွယ်မျှသာရှိသေးသည့် ကလေးတစ်ဦးက သွေးအေးအေးဖြင့် လူသတ်မှုတစ်ခုကို ကြိုတင်ကြံရွယ်ထားခြင်းမျိုး မဟုတ်နိုင်သည်မှာ သေချာသည်။

ခြောက်နှစ်ဆိုသည့်အရွယ်သည် ဆန်တာကလော့စ် အမှန်တကယ် ရှိသည်ဟု ယုံကြည်တတ်သည့် အရွယ်သာ ရှိသေးသည်။ ကာလာအရောင် ခေါ်ဝေါ်တတ်စ အရွယ်ဖြစ်ပြီး စက်ဘီးပင် စီးတတ်ဦးမည် မဟုတ်။ ငယ်သွားများလည်း လဲစအရွယ်သာ ရှိသေးသည်။ 

WebMD “အဲဒီအရွယ်ကလေးတွေဟာ အသံ၊ အကွာအဝေး၊ အရှိန်ဆိုတာတွေကို မသိသေးလို့ သင်နေဆဲအရွယ်သာ ရှိသေးတာ။ ဒါ့ကြောင့် သူတို့ကို လမ်းနဲ့ ဝေးရာမှာ ထားသင့်တယ်။ ကားတစ်စီးရဲ့အန္တရာယ်ကို သူတို့ မသိသေးဘူး”ဟု သတိပေးထားသည်။

သေနတ်တစ်လက်၏ အန္တရာယ်ကို ခြောက်နှစ်သားကလေးက သိနိုင်မှာလား

ယခုမူ ထိုကလေးသည် ၎င်းဘဝတစ်လျှောက်လုံး အရိပ်ကဲ့သို့လိုက်နေမည့် လုပ်ရပ်တစ်ခုကို ကျူးလွန်မိသွားပြီဖြစ်သည်။ သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့က ကျူးလွန်သူလူငယ်အတွက် အကောင်းဆုံးဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် အခြားသော အဖွဲ့အစည်းများနှင့် ဆက်သွယ်လုပ်ဆောင်နေသည်ဟု အသိပေးခဲ့သည်။

သို့သော် ခြောက်နှစ်ဆိုသည့်အရွယ်သည် လူငယ် မဖြစ်သေး။ ကလေးဘဝအရွယ်သာ ရှိသေးသည့်အတွက် ၎င်းပြုမူခဲ့သည့် စိတ်မချမ်းမြေ့ဖွယ် အတွေ့အကြုံမှ ရုန်းထွက်နိုင်အောင် အကူအညီလိုပေလိမ့်မည်။ တစ်ဖက်တွင်လည်း ၎င်းကျူးလွန်ခဲ့သည့် အမှားက ဆိုးရွားခဲ့သည်။မတော်တမှုလည်း မဟုတ်။ ထိုသို့ဆိုလျှင် ခြောက်နှစ် အရွယ်ကလေးက သေနတ်ကို ဘာကြောင့် ကစားစရာသဖွယ် သဘောထားသလဲဟု မေးခွန်းထုတ်သင့်သည်မဟုတ်ဘဲ၊ လူကြီးများက ကလေးလက်ထဲ  ဘာကြောင့်သေနတ် ရောက်စေသလဲ၊ သေနတ်ပိုင်ရှင်လူကြီးမိဘများထံမှ မည်သည့်တာဝန်ခံ တာဝန်ယူမှုမျိုး ပြန်ရမလဲဟုမေးလျှင် ပိုသင့်တော်မည်။

အမေရိကန်တွင် သေနတ်ကိုင် အကြမ်းဖက်မှုက ကလေးများကို သတ်နေသည့် နံပါတ်တစ် လူသတ်သမားဖြစ်နေပြီး ကလေးအများစုက ကင်ဆာဖြင့်၊ ယာဉ်မတော်တဆမှုဖြင့် သေဆုံးရခြင်းထက် သေနတ်မှန်သေဆုံးကြရသည်။

လူကြီးများတွင်သာ တာဝန်ရှိ

အမေရိကန်တွင် သေနတ်ကြောင့် လူသေဆုံးမှုများတွင် မတော်တဆ ပစ်ခတ်မှုကြောင့်သေဆုံးခြင်းက ရာခိုင်နှုန်းအနည်းစုသာ ရှိသည်။ ပစ်ခတ်သူက တစ်စုံတစ်ဦးကို သတ်ရန် ရည်ရွယ်ချက်မရှိသည့် ကလေးအရွယ်ဖြစ်နေသည့်အခါမျိုးတွင် မတော်တဆဟု များသောအားဖြင့် ခေါင်းစဉ်တပ်လေ့ရှိပြီး တကယ်တမ်း လူတစ်ဦး၏နေအိမ်တွင် သေစေနိုင်သည့်လက်နက်ရှိနေခြင်းကိုက မတော်တဆ မဟုတ်တော့ပေ။

အကယ်၍တစ်စုံတစ်ဦးက လူသတ်လက်နက်ပိုင်ဆိုင်လိုလျှင်  ယင်းလက်နက်အတွက် အနည်းဆုံးတာဝန်ယူမှုတော့ ရှိရန်လိုသည်။ သေနတ်ကို ကလေးများလက်ဝယ် မရောက်အောင် သေချာစွာ မထားသိုနိုင်ပါက ကလေးက အခြားသူတစ်ဦးကို သေစေ ဒဏ်ရာရစေသည့်အခါမျိုးတွင် လူကြီးတွင်သာ တာဝန်ရှိသင့်သည်။

၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူ ၂၀ ကျော်သေဆုံးခဲ့သည့် Sandy Hook မူလတန်းကျောင်းပစ်ခတ်မှုတွင်  ပစ်ခတ်သူ၏မိခင်က ၎င်း၏ဘဝနှင့် ပြန်ပေးဆပ်တာဝန်ယူခဲ့သည်။

နေအိမ်တစ်အိမ်တွင် သေနတ် ရှိလျှင် ပစ်ခတ်မှုဖြစ်လာနိုင်သည်မှာ ကြိုတွက်ထား ရမည့်အကျိုးဆက်ပင်ဖြစ်သည်။ သေနတ်ကိုင်ဆောင်ခွင့်ကို ထောက်ခံအားပေးသူများက အခွင့်အရေးဆိုသည်ကို မကြာခဏ ပြောဆိုတတ်ကြသည်။ သို့သော် အခွင့်အရေး၏နောက်တွင် တာဝန်ယူ တာဝန်ခံမှုလည်း တစ်ဆက်တည်းရှိသည်။

ယခုခြောက်နှစ်သားဖြစ်ရပ်တွင်လည်း ကလေးမိဘများက တာဝန်ခံရနိုင်ခြေရှိနေသည်။ ပြီးခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် အာဏာပိုင်များ အတည်ပြုကြေညာချက်အရ ပစ်ခတ်မှုတွင်အသုံးပြုခဲ့သည့် သေနတ်မှာ ကလေး၏မိခင်က တရားဝင် ဝယ်ယူထားသည့် သေနတ်ဖြစ်ပြီး အိမ်မှ ကျောပိုးအိတ်ထဲ ထည့်ကာ ယူလာခြင်းဖြစ်သည်။ ကျောင်းသို့လည်း ထိုနေ့က မိခင်ကိုယ်တိုင် ကားမောင်း၍ လိုက်ပို့ပေးခဲ့သည်။

နှစ်စဉ် အမေရိကန်ပြည်ထောင်စုတွင် သေနတ်ကိုင်အကြမ်းဖက်မှုက စာသင်ကျောင်းများတွင်ဖြစ်ပွားတတ်ပြီး ကျူးလွန်သူမှာ ယခုလောက် အသက်မငယ်ကြပေ။ ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း စာသင်ကျောင်း ပစ်ခတ်မှု ၁၈ ခုတွင် ကျူးလွန်သူက အသက် ကိုးနှစ်အောက် ကလေးများ ဖြစ်ခဲ့သည်။

ယခုနောက်ဆုံးပစ်ခတ်မှုကမူ  တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့သည်။ Ref : CNN


READ NEXT
Cancel OK