Top News

မာကိဗ်ကာမြို့တိုက်ခိုက်မှု၌ တပ်ဖွဲ့ဝင်အများအပြား သေဆုံးမှုသည် ရုရှားစစ်တပ်၏ အားနည်းချက်လား
24htopnews | December 8, 2024 6:12 AM CST

ရုရှားတပ်ဖွဲ့ဝင်များ နေရာယူထားသည့် အဆောက်အအုံတစ်ခုကို ယူကရိန်းက လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ရုရှားတပ်ဖွဲ့ဝင် ၈၉ ဦးထက်မနည်း သေဆုံးခဲ့ပုံနှင့်ပတ်သက်၍ ပိုမိုအသေးစိတ်ကျသည့် အချက်အလက်များထွက်ပေါ်လာခဲ့ပြီး ထို့ထက်ပို၍ များပြားစွာ သေဆုံးခဲ့ဖွယ်ရှိနေချိန်တွင် ရုရှားထိပ်ပိုင်း စစ်တပ်ခေါင်းဆောင်များသည် ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ပြီးခဲ့သည့် သီတင်းပတ်အကုန်က ယူကရိန်းအရှေ့ပိုင်း၊ ရုရှားထိန်းချုပ်ခံမာကိဗ်ကာ မြို့တွင် ၎င်းဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရှေ့တန်းစစ်မျက်နှာနှင့် နီးကပ်ပြီး ယူကရိန်း၏ ပစ်မှတ်အတိအကျ  ရှာဖွေပစ်ခတ်နိုင်သော လက်နက်ကြီးများနှင့် လက်လှမ်းမီသောအကွာ အဝေး၌တည်ရှိသည့် အဆောက်အအုံတစ်ခုထဲတွင် စုပြုံနေရာယူထားသည့် ရုရှားတပ်ဖွဲ့ဝင်များကို ယူကရိန်းတို့က အမေရိကန်က ထောက်ပံ့ထားသည့် Himars ဒုံးကျည်စနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုအဆောက်အအုံထဲတွင် ယာယီတပ်စွဲထားသည့် ရုရှားတပ်ဖွဲ့ဝင်များသည် လက်နက်သိုလှောင်ထားသည့် နေရာအနီး တွင် နေရာယူထားခဲ့ပုံရကာ ၎င်းတို့ တပ်စွဲနေရာယူပုံကြောင့် ယူကရိန်းတပ်များကပစ်မှတ်ထားတိုက်ခိုက်ရန် လွယ်ကူသွားခဲ့ပုံရသည်။         

အဆိုပါဖြစ်စဉ်သည် ၁၀ လကျော်ကြာ ဖြစ်ပွားလာခဲ့သည့် စစ်ပွဲ၌ တိုက်ခိုက်မှုတစ်ခုအတွင်း ရုရှားစစ်တပ်အတွက် အသေအ ပျောက်အများဆုံးဖြစ်စဉ်များထဲမှ တစ်ခုဖြစ်ကာ စစ်ပွဲအတွင်း နှစ်ဖက်စလုံးက ထုတ်ပြန်ခဲ့သည့် အသေအပျောက်စာရင်းများအနက် တိုက်ခိုက်မှုတစ်ခုအတွင်းသေဆုံးမှုအများဆုံးလည်း ဖြစ်သည်။

မာကိဗ်ကာမြို့ရှိ ရုရှားတပ်များ ယာယီစခန်းချထားသည့် အသက်မွေးမှု အတတ်ပညာသင်တန်းကျောင်းအဆောက်အအုံကို တိုက်ခိုက်ခဲ့ရာတွင် ရုရှားတပ်ဖွဲ့ဝင် ၄၀၀ ဝန်းကျင်ခန့် သေဆုံးကာ နောက်ထပ် ၃၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ယူကရိန်းစစ်တပ်က အခိုင်အမာပြောကြားထားသည်။ သို့သော် တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် နှစ်ဖက်စလုံး၏ ပြောကြားချက်များကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ရုရှားစစ်တပ်ကမူ တပ်ဖွဲ့ဝင်များ သေဆုံးမှုအတွက် ၎င်းတို့တပ်ဖွဲ့ဝင်များကိုသာ အပြစ်ဖို့ရန် ကြိုးပမ်းခဲ့သည်။ ယူကရိန်းဘက်က ၎င်းတို့၏ ဖုန်းလိုင်းကိုခြေရာခံရာမှတစ်ဆင့် မြေပုံညွှန်းကိုအတည်ပြုကာတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရုရှားဒုတိယဗိုလ်ချုပ်ကြီးဆာဂေးဆက်ဗ်ယူကော့က ဇန်နဝါရီ ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

လန်ဒန်အခြေစိုက် Royal United Services Institute မှ ရုရှားနှင့် အာရှ၊ ဥရောပရေးရာသုတေသီတစ်ဦးဖြစ်သူ အမ်မလီ ဖဲရစ်စ်ကမူ ယင်းကဲ့သို့ ပစ်မှတ်အတိအကျ ရှာဖွေတိုက်ခိုက်နိုင်ခြင်းသည် မိုဘိုင်းဖုန်းမှတစ်ဆင့် တည်နေရာကို ခြေရာခံနိုင်ခဲ့ခြင်း ဟုတ်မဟုတ်အတည်ပြုနိုင်ရန် အလွန်ခဲယဉ်းသည်ဟု AP သတင်းဌာနသို့ ပြောကြားခဲ့သည်။

ခေတ်မီနည်းပညာများကိုထိထိရောက် ရောက်အသုံးချနေသည့် ယူကရိန်းစစ်မြေပြင်၌အပါအဝင် မကြာသေးမီ နှစ်များအတွင်း ပစ်မှတ်ရှာဖွေရာတွင် အသုံးပြုလာသည့် ဖြစ်ရပ်အများအပြားရှိခဲ့ခြင်းကြောင့် ရုရှား၏ တမ်းပြည့်စစ်မှုထမ်းများကို ဖုန်းအသုံးပြုခွင့် တားမြစ်ထားသည့်အချက်ကိုလည်း ၎င်းက အလေးအနက်ပြောဆိုခဲ့သည်။

တပ်ဖွဲ့ဝင်များ၏ အပြစ်ကြောင့်ဟု အပြစ်ပုံချခြင်းသည် ဝေဖန်ပြစ်တင်မှုများကို ရှောင်လွှဲကာ မိုဘိုင်းဖုန်းအသုံးပြုမှု တရားဝင် ပိတ်ပင်ရေးဆီသို့  အာရုံပြောင်းသွားအောင် လုပ်ဆောင်ရာတွင် အထောက်အကူ ဖြစ်စေလိမ့်မည်ဟုလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်အကုန်က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်သည် အိမ်နီးချင်း ယူကရိန်းကို စစ်ပွဲဆင်နွှဲခဲ့ပြီးနောက် ရှေ့ဆက်တိုးရန် ရုန်းကန်နေရသော ရုရှားစစ်တပ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် လတ်တလောထိုးနှက်ချက်တစ်ခု ဖြစ်လာပုံရသည်။

ပြီးခဲ့သည့်ရက်ပိုင်းက အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများ တဖြည်းဖြည်းထွက်ပေါ်လာပြီး နောက်တွင် ယင်းကဲ့သို့ တပ်ဖွဲ့ဝင်အများအပြား  သေဆုံးခဲ့ရသည့် အကြောင်းရင်းမှာ စစ်ဘက်ဆိုင်ရာ ပေါ့လျော့မှုများကြောင့်ဖြစ်သည်ကို အကဲခတ်အချို့က သတိပြုမိလာခဲ့သည်။

ရုရှား၏ စံမမီသောစစ်ဘက်ဆိုင်ရာအလေ့အထများသည် ယင်းကဲ့သို့ အသေအပျောက် များပြားခဲ့သည့် အကြောင်းရင်းတစ် ရပ်ဖြစ်နိုင်ဖွယ်ရှိကြောင်း ဗြိတိန်ထောက် လှမ်းရေးအရာရှိများက ဆိုသည်။

“အပျက်အစီးပမာဏကို ကြည့်မယ်ဆိုရင် တပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ အနီးအနားမှာ ခဲယမ်းမီးကျောက်တွေ သိုလှောင် ထားပြီး တိုက်ခိုက်ခံရချိန်မှာအဲဒီခဲယမ်းတွေ အပြင်းအထန်ပေါက်ကွဲပြီး ထပ်ဆင့်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်ဆိုတာဟာ လက်တွေ့ကျတဲ့ ဖြစ်နိုင်ခြေတစ်ခုဖြစ်တယ်”ဟု ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ၎င်း၏တွစ်တာ စာမျက်နှာတွင် ဖော်ပြထားသည်။

ယူကရိန်း၏ ဒုံးကျည်တိုက်ခိုက်မှု ထိမှန်ခဲ့သည့် အဆောက်အအုံသည် ရှေ့တန်းစစ်မျက်နှာနှင့် ၁၂ ကီလိုမီတာကျော်ကျော် ခန့်သာကွာဝေးပြီး ရုရှားလက်အောက်သို့ တစ်စိတ်တစ်ပိုင်းကျရောက်နေသော ဒိုးနက်စ်ဒေသ၏ တိုက်ပွဲအပြင်းအထန်ဆုံး ဖြစ်ပွားနေသည့် နေရာတစ်ခု၌ တည်ရှိကြောင်းလည်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

“ရုရှားစစ်တပ်ဟာ ဒီစစ်ပွဲမတိုင်ခင်ကတည်းက ခဲယမ်းမီးကျောက်တွေကို လုံလုံခြုံခြုံသိုလှောင်သိမ်းဆည်းမထားတတ်တဲ့ မှတ်တမ်းရှိခဲ့ပေမဲ့ စံမမီတဲ့ အလေ့အထတွေက ရုရှားရဲ့ အသေအပျောက်မြင့်မားမှုရဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေတယ်ဆိုတာကို ဒီဖြစ်စဉ်က မီးမောင်းထိုးပြနေတယ်” ဟုလည်း ၎င်းဌာနက ဆိုသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း မကြုံစဖူးအဖြစ် ၎င်းတို့၏ ကျဆုံးမှုများကို ထုတ်ဖော်ပြောကြားခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ၆၃ ဦး ကျဆုံးခဲ့သည်ဟု ကနဦးတွင် ပြောကြားခဲ့သည်။ သို့သော် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များက အပျက်အစီးများကြားတွင် ရှာဖွေမှုများလုပ်ဆောင်ခဲ့ပြီးနောက် သေဆုံးသူဦးရေ ထပ်မံမြင့်တက်လာခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများအနက် တပ်ရင်းကြီးတစ်ရင်း၏ ဒုတပ်မှူးလည်း ပါဝင်ခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် ကျယ်ပြန့်သော စစ်ဆင်ရေးအပေါ် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ပြည် တွင်း၌ ဝေဖန်မှုများ ထပ်မံပေါ်ပေါက်လာခဲ့သည်။

နာမည်ကျော် စစ်ရေးဘလော့ဂါတစ်ဦးဖြစ်သည့် ဗလက်ဒလင် တာတာစကီးကလည်း မိုဘိုင်းဖုန်းကိုယ်စီရှိနေသည့် တပ်ဖွဲ့ ဝင်များ၏ အခြေအနေအပေါ် ရုရှားစစ်ဗိုလ်ချုပ်များ၏ တလွဲအဓိပ္ပာယ်ကောက်မှုနှင့် အဆင်အခြင်ကင်းမဲ့မှုမှာ ပီပြင်ထင်ရှား နေသည်ဟု စွပ်စွဲခဲ့သည်။

“ဒါ့အပြင် ဖုန်းလိုင်းမိတဲ့နေရာတွေမှာ အများအားဖြင့် လက်နက်ကြီးပစ်ခတ်မှုကိုမိုဘိုင်းဖုန်းနဲ့ ချိန်ညှိလုပ်ဆောင်လေ့ရှိပါ တယ်။ တခြားနည်းလမ်းတော့ မရှိပါဘူး” ဟု တာတာစကီးက Telegram ပို့စ်တစ်ခုတွင် ရေးသားခဲ့သည်။

လေ့လာသုံးသပ်သူအချို့ကမူ တစ်နေရာတည်းတွင် ရာနှင့်ချီသည့် တပ်ဖွဲ့ဝင်များကို နေရာချထားသည့် ဆုံးဖြတ်ချက်အပေါ် ဝေဖန်ပြစ်တင်ခဲ့သည်။

“မိုဘိုင်းဖုန်းကြောင့်ဆိုတဲ့အကြောင်းပြချက်က သိပ်ပြီး ဘဝင်ကျစရာ မကောင်းပါဘူး။ တစ်ခုတည်းသော ကုစားနည်းကတော့ အဆောက်အအုံကြီးတွေထဲမှာ တပ်ဖွဲ့ဝင်တွေကို အလုံးအရင်းနဲ့ မထားရှိဖို့ပါပဲ။ ဥပမာပြောရရင် တစ်နေရာတည်းမှာ လူအင် အား ၅၀၀ လောက်မထားဘဲ ၁၀ နေရာလောက်မှာ ဖြန့်ခွဲထားဖို့ပါပဲ” ဟု စစ်ရေးဘလော့ဂါတစ်ဦးက ပြောကြားသည်။

ရုရှားဘာသာဖြင့် ဖော်ပြသည့် မီဒီယာ၏ အတည်မပြုရသေးသော သတင်းများအရ တိုက်ခိုက်မှုအတွင်း သေဆုံးသူများသည် ရုရှားနိုင်ငံအနောက်တောင်ပိုင်းရှိ ဆာမာရာဒေသမှ စစ်စည်းရုံးထားသည့် အရန်တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟုသိရသည်။

စစ်ပွဲဆိုင်ရာလေ့လာရေးအင်စတီကျုကမူ ထိုဖြစ်စဉ်သည် ရုရှားအနေဖြင့် ပြီးခဲ့သည့် စက်တင်ဘာလထဲတွင် စစ်မှုထမ်းရန် ဆင့်ခေါ်ခဲ့သည့် အရန်တပ်ဖွဲ့ဝင်များကို မှန်မှန်ကန်ကန် အသုံးမချနိုင်သည့် နောက်ထပ်သက်သေသာဓကတစ်ခု ဖြစ်သည်ဟု ယူဆထားသည်။

ရုရှားစစ်တပ်အနေဖြင့် စစ်ဆင်ရေးစွမ်းရည်များကို လေ့ကျင့်သင်ကြားပေးခြင်းထက် တပ်အင်အားတိုးချဲ့ရေးကိုသာ ပိုမိုအာ ရုံစိုက်နေသည်ကို မာကိဗ်ကာမြို့ ဖြစ်စဉ်က ညွှန်ပြနေသည်ဟုလည်း Royal United Services Institute မှ သုတေသီတစ်ဦး ဖြစ်သည့် ဖဲရစ်စ်က သုံးသပ်ခဲ့သည်။

“ဒါဟာ ရန်သူကိုအင်အား၊ ပမာဏအသာစီးနဲ့ လွှမ်းမိုးအသာစီးယူပြီး စစ်ပွဲအများအပြားကို ဆင်နွှဲနေတဲ့ ရုရှားရဲ့ပုံစံအစစ် ပါပဲ။ ဝမ်းနည်းစရာကောင်းတာကတော့ ရုရှားဟာ စစ်သည်တွေရဲ့ အသက်ကို အသုံး ချစရာအဖြစ် ရှုမြင်နေတာပဲဖြစ်တယ်”ဟု လည်း ၎င်းက ဆိုသည်။

စစ်ဆင်ရေးအရှိန် တစ်စတစ်စအားလျော့လာစဉ် ရုရှားတပ်များသည် အထိအခိုက် အကျအဆုံးများစွာ ရှိနေသည့်ကြား၌ပင် ဒိုးနက်စ်ဒေသရှိ ဘက်ခ်မွတ်မြို့ကို တရစပ်ထိုးစစ်ဆင်လျက်ရှိသည်။ ဘက်ခ်မွတ်မြို့ ထိုးစစ်ကိုသမ္မတပူတင်နှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် မီလျံနာလုပ်ငန်းရှင် ယက်ဗ်ဂျီနီပရီဂိုဇင် ပိုင်ဆိုင်သည့် ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီ (Wagner) က ဦး ဆောင်လျက်ရှိသည်။

ဘက်ခ်မွတ်မြို့တိုက်ပွဲတွင် ရုရှား၏ ထိခိုက်ကျဆုံးမှု ရာခိုင်နှုန်း ၉၀ သည် ရုရှားအကျဉ်းထောင်များမှ Wagner က ခေါ်ယူ စုဆောင်းထားသည့် အကျဉ်းသားများဖြစ်ကြောင်း အမေရိကန်ထောက်လှမ်းရေးအရာရှိများက ကောက်ချက်ချထားသည်။

ထောက်လှမ်းတွေ့ရှိချက်များအရ ယူကရိန်းစစ်မြေပြင်တွင် Wagner မှ ကြေးစားစစ်သား ၅၀,၀၀၀ ခန့် ရှိနေပြီး ၎င်းတို့အနက် မှ ၄၀,၀၀၀ ခန့်သည် လူသစ်စုဆောင်းထားသောအကျဉ်းသားများ ဖြစ်သည်ဟု အိမ်ဖြူတော်က ပြီးခဲ့သည့်လတွင် ပြောကြားခဲ့သည်။ Wagner သည် စစ်ပွဲအတွက် တစ်လလျှင် ဒေါ်လာသန်း ၁၀၀ ခန့် အသုံးပြုနေ သည်ဟုလည်း အမေရိကန်က သုံးသပ်ထားသည်။                                             Ref: AP


READ NEXT
Cancel OK