Top News

ခေတ်စားလာတဲ့ “ဂျင်း ” 
24htopnews | December 8, 2024 6:12 AM CST

မြန်မာနို်င်ငံတောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသတစ်လျှောက်မှာန ှစ်အနည်းငယ်အ တွင်း ခေတ်စားလာတာက ‘’ ဂျင်း ‘’ ဖြစ်ပါတယ်။ ဂျင်းမွေးသူ၊ဂျင်းဝယ်သူ၊ ဂျင်းပို့သူတွေနဲ့ ကမ်းရိုးတန်း တစ်လျှောက်မှာ သူ ’’ ဂျင်း ‘’ ကိုယ် ‘’ ဂျင်း ‘’ တွေဖြစ်လာကြသလို သူ့ ‘’ ဂျင်း ‘’ ကိုယ့်  ‘’ဂျင်း ‘’ တွေလည်းဖြစ်လာကြပါတယ်။

နုန်းများပြီး ရွှံ့ကမ်းခြေရှိတဲ့ ပင်လယ်ကမ်းစပ်တစ်လျှောက်က ဒီရေတောများအနီးမှာ ပင်လယ်ခရုအနွယ်ဝင် ‘’ ဂျင်း ‘’ တွေကိုမွေးမြူသူတွေအတော်လေးများလာကြပါတယ်။ စီးပွားဖြစ်တဲ့သူတွေလည်း များလာသလို ထိုင်းနိုင်ငံက ဝယ်လိုအားလည်းများနေတဲ့အတွက် ကမ်းခြေနေရာတွေက ’’ဂျင်း’’မွေးမြူသူတွေအတွက်မျက်စိကျစရာဖြစ်လာနေတယ်။

’’ငါးလုပ်ငန်းဦးစီးဌာနမှာ လိုင်စင်လျှောက်ရတယ်။ မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကို အများဆုံးဧက ၃၀ စီလောက်တော့ချထားပေးပါတယ်။ ကိုယ်မွေးမြူလိုတဲ့နေရာဒေသကိုလျှောက်ရတယ်။ သဘာဝ ‘’ ဂျင်း ‘’ ကို ကုန်းတွေကနေ ဂျင်းသားပေါက်တွေဝယ်ယူလာပြီး မွေးမြူရေးကန်တွေနဲ့ ပြန်မွေးရတယ်။ ဒီရေတောရှိတဲ့ကမ်းခြေတွေမှာ မွေးမြူဖို့ ပိုသင့်တော်ပါတယ်။ ရွှံ့ကမ်းခြေတွေမှာ နုန်းများများရှိနေလေ ပိုကောင်းလေပါပဲ။’’ဂျင်း ‘’ မွေးမြူတာက တစ်နှစ်ပတ်လုံးမွေးမြူ လို့ရပါတယ်’’ လို့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း ‘’ ဂျင်း ‘’ မွေးမြူနေသူ ဦးချစ်အောင်က ပြောကြားခဲ့ပါတယ်။

  ဒေသခံတွေခေါ် ‘’ ဂျင်း ‘’ ဆိုတာ ပင်လယ်ခရုတစ်မျိုးဖြစ်ပြီး ဂုံးအနွယ်ဝင်တွေလို့လည်းဆိုကြပါတယ်။ ဂုံး ( Clam ) ကအခွံနှစ်ခြမ်းပါသည့်သတ္တဝါများဖြစ်ပြီး ခရု၊ ကမာ၊ ယောက်သွားစတဲ့ Bivalve Molluscs  အုပ်စုဝင်များဖြစ်ကြပါတယ်။ Molluscs အုပ်စုဝင်များ ကမ္ဘာဦးသတ္တဝါများဖြစ်ပြီးနှစ်သန်းပေါင်း ၅၀၀ ကျော်ကတည်းက ကမ္ဘာမြေပေါ်မှာတည်ရှိခဲ့တဲ့အုပ်စုဝင်များဖြစ်ကြပါတယ်။ ဂုံးအနွယ်တွင် ဂုံးစိမ်း (ယောက်သွား)၊ ဂုံးချော (ရှပ်ခရု)၊ သွေးဂုံးစသဖြင့်ရှိကာရခိုင်ဒေသဘက်မှာတော့ ‘’ဂုံးသကြေး’’ လို့ခေါ်ကြပါတယ်။ တနင်္သာရီကမ်းရိုးတစ်လျှောက်မှာတော့ သွေးဂုံး၊ ဂုံးသကြေးကို ဂျင်းလို့ ခေါ်ဆိုနေခြင်းဖြစ်နိုင်ပါတယ်။ သွေးဂုံး (ခ) ဂျင်းမှာ အတွင်းပိုင်းတွင် သွေးရောင်လွှမ်းနေတဲ့ ပုံစံဖြစ်ပြီး ထိုင်းနဲ့ နိုင်ငံတချို့မှာတော့ အမျိုးသားများအားတိုးစေသည်ဟုမှတ်ယူကာစားသုံးမှုများပြားလာခြင်းဖြစ်ပါတယ်။ အမျိုးသားအားတိုးရန်စားသောက်တဲ့အပြင် အသည်းနဲ့ ကျောက်ကပ်ကိုအားပေးပြီး ကိုလက်စထရောများနေသူများ၊ ဂလင်းရောင်နေသူများ၊လေပြွန်ရောင်နေသူများ၊ အစာအိမ်ရောဂါအခံရှိ သူများ၊ သွေးတွင်းအဆီများနေသူများ စားသုံးသင့်တဲ့အစားအစာတစ်မျိုးအဖြစ်ပညာရှင်များကရေးသား ထားပါတယ်။

’’ ထိုင်းမှာတော့ အစိမ်းစားကြတာ များတယ်။ ဆော့တစ်မျိုးမျိုးကို အသုံးပြုပြီးတို့ စားကြတယ်။ ရေနွေးနည်းနည်းဖျောပြီးစားတဲ့သူတွေလည်းရှိတယ်။လေးနှစ်လောက်အတွင်းမှာ အတော်လေးကိုမှာယူမှုများပြားလာပါတယ်။ စိတ်ရှုပ်ထွေးနေတာတွေ၊ ဦးနှောက်နဲ့ ပတ်သက်တဲ့ရောဂါတွေရှိနေသူတွေအတွက်အတော်အသုံးဝင်တယ်လို့ပြောကြပါတယ်။ စျေးကွက်ထဲမှာတော့ အခုတစ်ကီလိုကို ၆၅၀၀ ကျပ်အထိစျေးကောင်းနေတယ်။ အရင်နှစ်တွေကတစ်လီကို ၄၈၀၀ ကျပ်ပဲရှိပါတယ်’’ လို့ မြိတ်မြို့နယ်အတွင်း ဂျင်းမွေးမြူနေသူတစ်ဦးကပြောကြားခဲ့ပါတယ်။

’ ဂျင်း ‘’ စားသုံးရန်မသင့်တဲ့သူတွေကတော့ အစာအိမ်အားနည်းတဲ့သူ၊ သရက်ရွက်အားနည်းတဲ့သူ၊ ဗီတာမင် B1 သောက်သုံးနေရတဲ့သူတွေ၊ နာတာ ရှည်ရောဂါအဟောင်းဖြစ်ဖူးတဲ့သူတွေပဲဖြစ်တယ်လို့ ပညာရှင်များကထောက်ပြထားပါတယ်။ အမျိုးသားလောကမှာအကြိုက်တွေ့များလာနေတဲ့ ‘’ ဂျင်း ‘’ ကြောင့်စျေးကွက်ဝယ်လိုအား အတော်လေးများပြား လာနေပါတယ်။ စျေးကွက်ဝယ်လိုအားများလာတော့ ရွှံ့ဆန်နုန်းများတဲ့နေရာမှန်သမျှ ‘’ ဂျင်း ‘’ မွေးမြူသူ တွေနေရာလုလာကြပြီဖြစ်ပါတယ်။

’’ ကျွန်တော်တို့က သဘာဝဂျင်းကုန်းတွေမှာ ဒေသခံကော်မတီတွေထံကနေခြင်တောင်းအချိန်အတွယ်တွေနဲ့ဝယ်ယူရတယ်။ ဂျင်းသားပေါက်တစ်ကီလိုမှာအကောင်ရေ ၁၅၀၀၀၀ လောက်အထိရှိတယ်။ မြိတ်ကျွန်းစုအတွင်းက ရေကန်တောင်၊ စတိန်၊ ကဗျာ၊ ပိတပ်၊ ဖိုးရှမ်း၊ လိပ်ဥသောင်စတဲ့နေရာတွေမှာသဘာဝဂျင်းကုန်းတွေရှိပါတယ်။ အဲဒီကနေဝယ်ယူလာပြီး ကန်တွေထဲမှာပြန် လည်ပျိုးထောင်ရတယ်။ သားပေါက်အချိန်မှ ခုနစ်လအထိကိုစျေးကွက်ဝင် ‘’ ဂျင်း ‘’ 

အရွယ်အစား ရဖို့မွေးမြူရပါတယ်။ စျေးကွက်ဝင် ’’ ဂျင်း ‘’ အရွယ်အစားက အကောင်ရေ ၉၀-၁၀၀ ဆိုရင်တစ်ကီလို အထိရပါတယ်။ သူကတစ်ကီလိုကိုကျပ် ၆၅၀၀ စျေးရပါတယ်။ တစ်ကီလိုကိုအကောင်ရေ ၁၂၀ ဝင်တဲ့အရွယ်တွေဆိုရင်တစ်ကီလိုကိုကျပ် ၆၀၀၀ ရပါတယ်’ လို့ ဂျင်းမွေးမြူရေးလုပ်ငန်းရှင်တစ်ဦးကပြောကြားခဲ့ ပါတယ်။

လုပ်ငန်းရှင်တွေကမွေးမြူထားတဲ့‘’ ဂျင်း ‘’တွေကိုစျေးကွက်ဝင်အရွယ်ရောက်လာပြီဆိုရင် ဒေသခံတွေကို မိမိတို့မွေးမြူရေးကန်ထဲကနေပြန်ကောက်စေပြီး ‘’ ဂျင်း ‘’ ကောက်ခအဖြစ်တစ်ကီလိုကိုကျပ် ၁၀၀၀ ပြန်ပေးပါတယ်။ ဒေသခံတွေကို အလုပ်အကိုင်အခွင့်အလမ်းပေးတဲ့အနေနဲ့ လုပ်ဆောင်စေပြီး တစ်နေ့ကိုကျပ်တစ်သောင်းခွဲမှနှစ်သောင်းအထိလုပ်အားခရကြတယ်လို့သိရပါတယ်။

’’ ဂျင်းသားပေါက်တွေကိုပိုက်တွေကာထားတဲ့ ကန်ပုံစံအတွင်းမှာ ပြန်လည်ပြုစုပျိုးထောင်ရတယ်။ ပိုက်ကာတဲ့ရည်ရွယ်ချက်ကလည်း’’ ဂျင်း ‘’ သားပေါက်တွေကိုကဏန်း၊ ကဗြုံး၊ ကဂျဲ၊ ငါးတွေစားသွားမှာစိုးလို့ ကာရံထားရခြင်းဖြစ်တယ်။ ကန်တွေထဲကနေ တစ်ကီလိုကို အလုံးရေတစ်သောင်းခွဲလောက်အရွယ်တွေယူထုတ်ပြီး နှစ်ဧကကန်ထဲကို အလုံးရေတစ်သန်းလောက်အထိမွေးမြူကြတယ်။ တချို့ကအလုံးရေ နှစ်သန်းအထိ ကြဲချပြီးမွေးမြူကြတယ်။ အဲဒီလိုအရွယ်တွေကနေ တစ်ကီလိုကို အကောင်ရေ ၉၀-၁၀၀ အထိကြီးလာကြတယ်ဆိုတော့ ဘယ်လောက်အထိစီးပွားဖြစ်သလဲဆိုတာ တွက်ချက်ကြည့်နိုင်တယ်’’ လို့ဂျင်းမွေးမြူရေး လုပ်ကိုင်နေသူ ဦးချစ်အောင်က ဆက်လက်ပြောကြားခဲ့ပါတယ်။ 

အဲဒီမှာ လူ့သဘာဝအရ အမြတ်အစွန်းရနေသည်ကို လောဘဇောတိုက်ပြီး မလုပ်သင့်မလုပ်ထိုက်တာတွေလုပ်လာကြပါတယ်။ နိုင်ငံရေးချောက်ကျပြီး လက် နက်ကိုင်များကို ခေါ်လာသည့်အတွက်လူ သေဆုံးရသည်အထိ လူတွေက ‘’ ဂျင်း ‘’ ထည့်တဲ့ဖြစ်စဉ်တွေ ဖြစ်လာကြပါတယ်။ 

’’ ဂျင်း ‘’ ခိုးတဲ့သူတွေဆီကနေတစ်ကီလိုကိုကျပ် ၅၀၀ ဖြင့်ပြန်ဝယ်ခြင်း၊ မွေးမြူရေးကန်တွေမှာအုပ်စုလိုက်’’ ဂျင်း ‘’ လိုက်ခိုးတဲ့သူတွေပေါ်လာပါတယ်။ အောင်မြင်လာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုအပေါ်မှာ လူတွေလောဘဇောတိုက်ပြီး သူ့ကိုကိုယ်က ‘’ ဂျင်း ‘’ ထည့်၊ ကိုယ့်ကို ‘’ ဂျင်း ‘’ လာ ထည့်သွားတဲ့ဖြစ်စဉ်တွေဖြစ်လာကြပါတယ်။  ‘’ ဂျင်း ‘’ တွေကိုလည်း သူ့ ‘’ ဂျင်း ‘’ ကိုယ့် ‘’ ဂျင်း ‘’ဆိုပြီး ဖြစ်လာကြပါတယ်။ စီးပွားဖြစ်ပြီး ခေတ်စားလာနေတဲ့ ‘’ ဂျင်း ‘’ အတွက်လူတွေအချင်းချင်းလည်း ‘’ ဂျင်း’’ ထည့်လာကြပါတယ်။ ပင်လယ်ပြင်ကြီးက အကျယ်ကြီးပါ။ အများကြီးလုပ်ကိုင်စားသောက်လို့ရပါတယ်။

    ‘’ ဂျင်း ‘’ အတွက်နဲ့ ‘’ ဂျင်း ‘’ ထည့်ခြင်းကင်းဝေးကြပါစေ...။

                                                                                   

 


READ NEXT
Cancel OK