Top News

တားမြစ်ဆေးသုံးစွဲမှုကြောင့် ပြိုင်ပွဲဝင်ခွင့် (၄)နှစ်ပိတ်ပင်ခံရသည့် ရိုမေးနီးယားတင်းနစ်မယ် ဟာလက် CAS သို့ အယူခံဝင်မည်
24htopnews | November 14, 2024 11:12 PM CST

 

ဂရင်းစလင်းချန်ပီယံဆုကို နှစ်ကြိမ်တိုင် ဆွတ်ခူးရရှိထားသည့် ရိုမေးနီးယားတင်းနစ်မယ် ဆီမိုနာဟာလက်သည် တားမြစ်ဆေးသုံးစွဲမှုကြောင့် ပြိုင်ပွဲဝင်ခွင့် လေးနှစ်ပိတ်ပင်ခဲ့ရပြီးနောက် ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး နိုင်ငံတကာ အားကစားခုံရုံး (CAS) ထံ အယူခံဝင်သွားမည်ဟု အတည်ပြုကြေညာခဲ့သည်။

ယင်းပြစ်ဒဏ်ကျခံရမှုနှင့် ပတ်သက်ပြီး ဟာလက်က ကြေညာချက်ထုတ်ပြန်ရာတွင် "ကျွန်မ အနေနဲ့ ဆက်လက်လေ့ကျင့်သွားမှာပါ။ ပြီးတော့ ဒီမှားယွင်းတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ကျွန်မရဲ့ နာမည်မပျက်စီးစေဖို့ အစွမ်းကုန်ကြိုးစားကာ အရာအားလုံး လုပ်ဆောင်သွားမှာဖြစ်ပါတယ်"ဟု ရေးသားခဲ့သည်။ 

အသက် (၃၁)နှစ်အရွယ်ရှိပြီဖြစ်သူ ဟာလက်သည် ပြီးခဲ့သည့်နှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲတွင် တားမြစ်ထားသည့် Roxadustat ဆေးဝါးသုံးစွဲခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။ လွတ်လပ်သောခုံသမာဓိအဖွဲ့တစ်ခုက ဟာလက်အနေဖြင့် တင်းနစ်လောက၏ တားမြစ်ဆေးတိုက်ဖျက်ရေးအစီအစဉ်ကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်ခဲ့သည်ဟု ဆုံးဖြတ်ခဲ့ပြီး ယခုပြစ်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဟာလက်အနေဖြင့် ၂၀၂၂ အောက်တိုဘာလကတည်းက ပွဲကစားခွင့် ပိတ်ပင်ခံထားရသဖြင့် ယခု လေးနှစ်ပိတ်ပင်သည့်ပြစ်ဒဏ်မှာ ၂၀၂၆ အောက်တိုဘာလတွင် ပြည့်မြောက်မည်ဖြစ်ပြီး ယင်းအချိန်တွင် သူ၏အသက်မှာ (၃၅)နှစ် ရှိနေမည် ဖြစ်သည်။ ကမ္ဘာ့အဆင့်တစ်ဟောင်းဖြစ်သူ ဟာလက်သည် ၂၀၁၈ ပြင်သစ်အိုးပင်းနှင့် ၂၀၁၉ ဝင်ဘယ်လ်ဒန်ဂရင်းစလင်းတင်းနစ်ပြိုင်ပွဲများတွင် ဗိုလ်စွဲခဲ့ပြီး တင်းနစ်တားမြစ်ဆေးတိုက်ဖျက်ရေး အစီအစဉ်၏စည်းမျဉ်းများကို ချိုးဖောက်သည့်စွဲချက်နှစ်ခုနှင့် ရင်ဆိုင်ခဲ့ရသည်။

ဟာလက် သုံးစွဲခဲ့သည့် Roxadustat ဆေးဝါးသည် ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့အစည်း (WADA) မှ ၂၀၂၂ ခုနှစ်အတွက် ထုတ်ပြန်သည့် တားမြစ်ဆေးစာရင်းတွင် စတင်ပါဝင်လာခြင်း ဖြစ်သည်။ အမျိုးသမီးတင်းနစ်အဖွဲ့ချုပ် (WTA) မှ ကစားသမားများအနေဖြင့် တားမြစ်ဆေးစည်းမျဉ်းကို အစဉ်အမြဲ သတိရှိလိုက်နာရန်လိုအပ်ကြောင်း သတိပေးထားသည်။ 

ဟာလက်သည် ၂၀၂၂ ခုနှစ် အစောပိုင်းကာလများတွင် ဒဏ်ရာပြဿနာများကြောင့် အနားယူခဲ့ရပြီး ပွဲပယ်ပြစ်ဒဏ် မကျခံရမီ နှစ်လအလိုတွင် ကနေဒါမာစတာစ်ပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲခဲ့သည်။


READ NEXT
Cancel OK