ခုံသမာဓိကောင်စီအနေဖြင့် နောက်နောင်တွင် အငြင်းပွားမှုများကို ဆုံးဖြတ်ရာ၌ အလုပ်သမား ဥပဒေများအောက် လျော့နည်းဆုံးဖြတ်ခြင်း မပြုရေးအပါအဝင် တောင်းဆိုချက်လေးချက်ဖြင့် အလုပ်သမားများက ဖေဖော်ဝါရီ ၂ ရက် နံနက် ၈ နာရီက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆိုပါဆန္ဒထုတ်ဖော်မှုကို မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများ အဖွဲ့ချုပ်က ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး Thong Thai အထည်ချုပ်စက်ရုံတွင် ဖြစ်ပွားခဲ့သော အငြင်းပွားမှု၌ ခုံသမာဓိကောင်စီက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်မှာ အလုပ်သမား အခွင့်အရေးများရရှိရေး လှုပ်ရှားမှုတွင် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာသည့်အတွက် ကန့်ကွက် ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း၊ ဆန္ဒထုတ်ဖော်မှုတွင် လှိုင်သာယာ၊ ပဲခူး၊ မှော်ဘီ စသည့်မြို့နယ်များမှ စက်ရုံပေါင်း ၈၀ ကျော်နှင့် အလုပ်သမားအင်အား ၁၂၀၀၀ ခန့် ပါဝင်ကြောင်း သိရသည်။
လှိုင်သာယာမြို့နယ် ဦးထွန်းညိုလမ်းမကြီး စက်မှုဇုန်(၁) ရှိ Thong Thai အထည်ချုပ်စက်ရုံရှေ့တွင် အလုပ်သမားများ စတင်စုဝေးခဲ့ကြပြီး ပန်းလှိုင်လမ်းမကြီးမှတစ်ဆင့် ရန်ကုန်- ပုသိမ် လမ်းမကြီးအတိုင်း လမ်းလျှောက် ချီတက်ခဲ့ကြပြီး ခုံသမာဓိကောင်စီအနေဖြင့် နောက်နောင်တွင် အငြင်းပွားမှုများအား ဆုံးဖြတ်ရာ၌ အလုပ်သမားဥပဒေများအောက် လျော့နည်းဆုံးဖြတ်ခြင်း မပြုစေရန်၊ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးများကို လေးစားမှုရှိလာစေရန်၊ အမှုအား စစ်ဆေးရာတွင် အချက်အလက်များကို တိကျစွာ စစ်ဆေးပေးရန်၊ ခုံသမာဓိကောင်စီ၏ ဆုံးဖြတ်ချက်များသည် အကောင်အထည်ဖော်နိုင်သည့် တိကျပြတ်သားသော ဆုံးဖြတ်ချက်များ ချမှတ်ပေးရန် စသည့် ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်ချီတက်ခဲ့ကြသည်။
“ Thong Thai အထည်ချုပ်စက်ရုံက အလုပ်သမားတွေသည် ဥပဒေပါအခွင့်အရေးတွေကို ဆုံးရှုံးနေတယ်။ အဲဒါကို လွတ်လပ်စွာ တောင်းဆိုတယ်။ အဲဒါကို အလုပ်ရှင်က အလုပ်ထုတ်ပယ်လိုက်တယ်။ ခုံသမာဓိကောင်စီက ဒီလူတွေကို အလုပ်ထုတ်ဖို့ အမိန့်ချလိုက်တဲ့အပေါ်မှာ အလုပ်သမားများရဲ့ အခွင့်အရေးသည် ဆုံးရှုံးနေရတာဖြစ်တဲ့အတွက် ဆန္ဒထုတ်ဖော်ရတာ ဖြစ်ပါတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို မူလနေရာတွေမှာ အလုပ်ပြန်ခန့်ဖို့ ခုံသမာဓိကောင်စီက အမိန့်ချခဲ့တယ်။ အဲဒါကို အလုပ်ရှင်က မကျေနပ်တဲ့အတွက် ကောင်စီကို ထပ်တက်တယ်။ ကောင်စီက ဖြုတ်ဖို့ဆိုပြီး အမိန့်ချခဲ့တယ်။ နောက်နောင်အလုပ်သမားများက အခွင့်အရေး ဆုံးရှုံးနေတဲ့အပေါ်မှာ လွတ်လပ်စွာ တောင်းဆိုပိုင်ခွင့် ရှိတယ်။ အဲဒီအပေါ်မှာ အလုပ်ထုတ်ပယ်လိုက်ခြင်းက ဥပဒေနဲ့ မညီညွတ်ဘူးဖြစ်နေတယ်။ ဒါတွေကို မလုပ်ဖို့ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို ပြန်လည်သုံးသပ်ဖို့ လိုအပ်တယ်” ဟု အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုရဲသူရက ပြောကြားသည်။
ထို့နောက် ကျန်စစ်သားလမ်းမကြီးမှတစ်ဆင့် စိန်ပန်းမြိုင်လမ်းမကြီးအတိုင်း ချီတက်ကာ အောင်မြေသာယာဘောလုံးကွင်းအတွင်း စုဝေးခဲ့ကြပြီး အလုပ်သမား အခွင့်အရေးများနှင့် ပတ်သက်၍ ဟောပြောခြင်းများ ပြုလုပ်ခဲ့ကြသည်။
-
၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲ ကျင်းပ
-
ဇလွန်မြိုရှိ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး၊ တန်ဆောင်တိုင်ပွဲတော်၌ မသိုးသင်္ကန်းရက်ချုပ်ပြိုင်ပွဲနှင့် ရောင်စုံမီးအလှဆင်ပုံဖော်မှုများ ပါဝင်မည်
-
ဇူလိုင် ၂၆ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၁၀၆ ပွိုင့်ဝန်းကျင်ရှိပြီး ပြင်ပစျေးကွက်တွင်မူ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၄၉၀ ဝန်းကျင်ရှိနေ
-
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ်သန်း ၇၉၀ ကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ဒုတိယသုုံးလပတ်ထက် ၁၅ ရာခိုင်နှုန်းကျဆင်း
-
ဇူလိုင် ၂၈ ရက်တွင် ရွှေလုပ်ငန်းရှင်များအသင်းက ပြည်တွင်းရွှေစျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၀၆၀၀၀၀ ဖြင့် စျေးပိတ်ခဲ့သော်လည်း ပြင်ပစျေးကွက်တွင် ကျပ် ၂၂၈၀၀၀၀ ဝန်းကျင်ရှိနေ