Top News

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာသုံးဦးအား မင်းပြားမြို့နယ်၊ ကျိုင်းတုံမြို့နှင့် ရန်ကုန်မြို့တို့တွင် ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်
24htopnews | November 12, 2024 1:12 PM CST

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ သုံးဦးအား မင်းပြားမြို့နယ်၊ ကျိုင်းတုံမြို့နှင့် ရန်ကုန်မြို့တို့တွင် ထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂ ရက်က သတင်းထုတ်ပြန်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် 2019 Novel Coronavirus ရောဂါကြိုတင်ကာကွယ်ရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ဆေးရုံများတွင် လူနာသီးသန့်ထားရှိပြီး ထိရောက်သော ကုသမှုများ ဆောင်ရွက်ပေးနိုင်ရေး၊ ပြည်သူလူထုအား ကျန်းမာရေးသတင်း အချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ရေး၊ ဓာတ်ခွဲ စမ်းသပ်မှုများ အတည်ပြုသတ်မှတ်နိုင်ရေး လုပ်ငန်းများအတွက် တရုတ်နိုင်ငံတွင် ရောဂါစတင်ဖြစ်ပွားကြောင်း အတည်ပြုချက်ရရှိခဲ့သည့် ဇန်နဝါရီ  ၅ ရက်မှစတင်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး ရောဂါစောင့်ကြပ်ကြည့်ရှုှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ  ဝင်ထွက်ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ ဆောင်ရွက်နေစဉ် တရုတ်နိုင်ငံ ဂျယ်ခေါင်မြို့မှ ဇန်နဝါရီ ၂၀ ရက်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်သို့ ပြန်လည် ရောက်ရှိခဲ့သည့် အသက် (၃၈ နှစ်) အရွယ်ရှိ အမျိုးသားတစ်ဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်း ရောဂါလက္ခဏာများ တွေ့ရှိရသဖြင့် ၎င်းအားသံသယလူနာအဖြစ် သတ်မှတ်၍ မင်းပြားဆေးရုံ၌ သီးသန့်ခန်း (Isolation Ward) တွင် ထားရှိ၍ လူနာအား လိုအပ်သော ဆေးကုသမှုများပေးပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဇန်နဝါရီ ၁၉ ရက်က တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် မိသားစုမှ အသက်တစ်နှစ် နှစ်လအရွယ်ရှိ ကလေးငယ်တစ်ဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း ရောဂါလက္ခဏာများဖြင့် ကျိုင်းတုံမြို့ရှိ ပုဂ္ဂလိကဆေးခန်းသို့ လာရောက်ပြသခဲ့ရာ အဆိုပါကလေးငယ်ကို သံသယလူနာအဖြစ် သတ်မှတ်၍ ဖေဖော်ဝါရီ  ၁ ရက်တွင် ကျိုင်းတုံပြည်သူ့ဆေးရုံရှိ သီးခြားခန်း (Isolation Room) ၌ ထားရှိကုသလျက်ရှိပြီး လူနာ၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိကြောင်းနှင့် လူနာနှင့် ထိစပ်မှုရှိသည့် မိသားစုဝင်စုစုပေါင်း ငါးဦးအား ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အတူ ဖေဖော်ဝါရီ ၁ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့မှ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ဖျားခြင်း၊ ချောင်ဆိုးသွေးပါခြင်း၊ အသက်ရှူကျပ်ခြင်း ရောဂါလက္ခဏာများဖြင့် လာရောက်ပြသခဲ့သူ အသက် (၁၅ နှစ်) အရွယ် ထိုင်ဝမ်နိုင်ငံသား ကလေးတစ်ဦးရှိကြောင်းကို ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများသို့ ဆက်သွယ်အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာ ပြည့်သူ့ကျန်းမာရေးပညာရှင်များမှ လူနာရောဂါရာဇဝင်နှင့် ခရီးသွားရာဇဝင်ကို သုံးသပ်ပြီး သံသယလူနာအဖြစ် သတ်မှတ်၍ ဝေဘာဂီဆေးရုံကြီးသို့ ချက်ချင်းလွှဲပြောင်း ကုသမှုပေးခဲ့ကြောင်း ဖော်ပြထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် 2019 Novel Coronavirus ရောဂါ ရှိ၊ မရှိ အတည်ပြု စစ်ဆေးရန်အတွက် လူနာများထံမှ နှာခေါင်းတို့ပတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ညွှန်းပို့ဓာတ်ခွဲခန်းများသို့ ပေးပို့ပြီး စစ်ဆေးလျက်ရှိသည့်အပြင် ရောဂါအတည်ပြုချက် ရရှိပြီးပါက ချက်ချင်းသတင်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

 


READ NEXT
Cancel OK