Top News

တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် နစကဥက္ကဌ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်လေဆိပ်တွင် အနုပညာရှင်အချို့က ကြိုဆိုမှု ပြုလုပ်
24htopnews | November 11, 2024 8:12 PM CST

တရုတ်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်လေဆိပ်တွင် အနုပညာရှင်အချို့က ကြိုဆိုခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပြုလုပ်ပြီးစီးခဲ့သည့် အဋ္ဌမအကြိမ် မဟာမဲခါင် (8th Greater Mekong Subregion Summit) အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၀ ရက် မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းကျန့်မြို့၊ ဘောင်အန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း(MAI) အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ထွက်ခွာလာခြင်းဖြစ်ကြောင်း သိရသည်။

နစကဥက္ကဌနှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါသွားသည့် ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကောင်စီဝင် ဗိုလ်ချုပ်ကြီး ညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဝန်ကြီးချုပ်များနှင့်တာဝန်ရှိသူများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နယ်ဘက်မှ တာဝန်ရှိသူများ ပြန်လည်လိုက်ပါလာကြောင်း သိရသည်။

ယင်းခရီးစဉ်အတွင်း နစကဥက္ကဌသည် ကူမင်းမြို့၌ ကျင်းပသည့် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် H.E. Mr. Li Qiang နှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြည်နယ်အဆင့်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ကူမင်းမြို့၊ ချုံချင့်မြို့နှင့် ရှန်းကျန့်မြို့တို့ရှိ အထင်ကရ နေရာများ၊ တက္ကသိုလ်များနှင့် စက်ရုံ၊အလုပ်ရုံများသို့လေ့လာခြင်း စသည်ဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရန်အတွက် အပြုသဘောဆောင်သည့် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုရလာဒ်များ ပေါ်ထွက်လာအောင် ဖော်ဆောင်နိုင်ခဲ့ကြောင်းနှင့် နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည့် ခရီးစဉ်တစ်ခုဖြစ်ခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်မှုအရ သိရသည်။

ထို့နောက် နစကဥက္ကဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာစံတော်ချိန် မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိရာ နစကဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံသား တရုတ်နွယ်ဖွား ပြည်သူများ၊ တရုတ်ရိုးရာ နဂါးနှင့် ခြင်္သေ့အကအဖွဲ့၊ တိုင်းရင်းသားယဉ် ကျေးမှုအဖွဲ့များနှင့် အကအဖွဲ့များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ တာဝန်ရှိသူများ၊ ဘာသာပေါင်းစုံအသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများက ကြိုဆို နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကြိုဆိုနှုတ်ဆက်သူများသည် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ပါစေ" ၊ “တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဘက်စုံမဟာ ဗျူဟာမြောက်ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက် နိုင်ပါစေ ”၊ “ တရုတ် - မြန်မာနှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်အောင် ဆောင်ရွက်ခဲ့သည့် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှိုက်လှဲစွာကြိုဆိုပါသည်၊ “တရုတ် မြန်မာချစ်ကြည်စွာ တွဲလက်မြဲပါစေ၊ “မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား လှိုက်လှဲစွာကြိုဆိုပါ၏ စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်၍လည်းကောင်း၊ “တရုတ်-မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ပါစေ၊ “အမျိုး၊ ဘာသာ၊ သာသနာအတွက် ကြိုးပမ်းဆောင်ရွက် နေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ၊ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကျန်းမာပါစေ၊ “တရုတ်-မြန်မာ ချစ်ကြည်ရေး ခိုင်မြဲပါစေ၊ “ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည်ပါစေ စသည့် ကြွေးကြော်သံများကို ကြွေးကြော်၍လည်းကောင်း၊ တရုတ်- မြန်မာ နှစ်နိုင်ငံအလံငယ်များ ဝှေ့ယမ်း၍ လည်းကောင်း ကြိုဆိုခဲ့ကြောင်း သိရသည်။


READ NEXT
Cancel OK