နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားမှုဖြင့် ကချင်ပြည်နယ်ဝန်ကြီး သုံးဦးအား နုတ်ထွက်စာ တင်ခိုင်းထားသည်ဟု သိရသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းအား ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဇန်နဝါရီ ၁၈ ရက်တွင် ၎င်း၏ရုံးခန်းအတွင်း ခေါ်ဆောင်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ညွှန်ကြားချက်ဖြင့် နုတ်ထွက်စာ တင်ခိုင်းခဲ့ခြင်းဖြစ်ပြီး လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်တို့ကိုလည်း နုတ်ထွက်စာတင်ရမည်ဟု ပြောကြားခဲ့ကြောင်း ဦးမြသိန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
ဝန်ကြီးဦးမြသိန်းက “ဇန်နဝါရီ ၁၈ ရက်နေ့ ကျွန်တော် ရုံးခန်းမှာ စာဖတ်နေတုန်း ဝန်ကြီးချုပ်ရုံးခန်းခေါ်ပြီး ပြောတာပေါ့။ နိုင်ငံတော်အတိုင်ပင်ခံ လမ်းညွှန်ချက်နဲ့ ဝန်ကြီးသုံးဦးကို နုတ်ထွက်စာ တောင်းထားတယ်ပေါ့။ ပါတီလုပ်ငန်းရော၊ ပြည်နယ်အစိုးရလုပ်ငန်းမှာလည်း ကျွန်တော့်ကို တိုင်ထားတာလည်း မရှိဘူး။ ဘာအကြောင်း ပြရမလဲ မေးတဲ့အခါ ကျန်းမာရေးအကြောင်းပြပြီး ရေးပါလို့ပြောတယ်။ ကျွန်တော်ကတော့ ရုံးခန်းပြန်ပြီး ရေးတင်လိုက်တာပေါ့။ ဘယ်သူ့ဆီကမှ စာမလာပါဘူး။ ကျွန်တော်ကတော့ ပါတီဌာနချုပ်ကို မမှန်မကန် လုပ်ရပ်ကို စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့ ဇန်နဝါရီ ၁၉ ရက်နေ့က တိုင်ကြားလိုက်ပါပြီ။ ဝန်ကြီးသုံးဦးစလုံး တာဝန်မကျေတာတို့၊ အဂတိတို့လည်း မကြားမိဘူး။ ကျွန်တော်ကတော့ ကချင်ပြည်နယ် ပါတီဥက္ကဋ္ဌ ရာထူးမှာရော၊ ဝန်ကြီးသက်တမ်းမှာရော ဥပဒေနဲ့အညီပဲ နေထိုင်ခဲ့တာပါ” ဟု ပြောကြားသည်။
လက်ရှိတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြသိန်းမှာ ကချင်ပြည်နယ် အမျိုးသားဒီမိုရေစီအဖွဲ့ချုပ်တွင် ဥက္ကဋ္ဌတာဝန်ဖြင့် ထမ်းဆောင်နေဆဲဖြစ်ပြီး ၎င်း၏ပတ်ဝန်းကျင်တွင် စုံစမ်းချက်များအရ ရိုးသားဖြောင့်မတ်သူတစ်ဦးဖြစ်ကြောင်း၊ အဂတိကိစ္စရပ်များ၊ လူမှုရေးအရှုပ်အရှင်းများ မရှိကြောင်း၊ ၂၀၁၆ ခုနှစ် ပြည်နယ်လွှတ်တော်၌ အစိုးရအဖွဲ့တင်မြှောက်ရာတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်ကလည်း “ကျွန်တော်ကတော့ တစ်ဆင့်စကား ကြားရပါပြီ။ ထွက်စာတော့ မတင်ရသေးဘူး။ ဘာကြောင့်နုတ်ထွက်စာ တင်ခိုင်းတယ် ဆိုတာတော့ တင်ခိုင်းသူပဲ သိရမှာပါ။ သက်တမ်းတစ်လျှောက်လုံး တိုင်ကြားခံရတာ၊ ဖြေရှင်းရတာလည်း မရှိပါဘူး။ တိုင်ကြားစရာအကြောင်းလည်း မရှိပါဘူး။ ဌာနအလုပ်က လူမှုဝန်ထမ်းအလုပ် ဖြစ်ပါတယ်။ လူတွေကို ကူညီရတာ၊ ပြဿနာတွေဖြေရှင်း ကူညီရတာ ဖြစ်ပါတယ်။ ဘာမှလည်း ပြောစရာ မရှိပါဘူး။ ဗုဒ္ဓဘာသာဆိုတော့ ဝဋ်ရှိတော့ ခံရတာပေါ့” ဟု
ပြောကြားသည်။
လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင်သည် ရွေးကောက်ခံ ကိုယ်စားလှယ်တစ်ဦး မဟုတ်ဘဲ အငြိမ်းစား ဆေးရုံအုပ်ကြီးတစ်ဦးဖြစ်ကြောင်း သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦး H လအောင်သည် ဖားကန့်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တွင် အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးသုံးဦးအား ယခုကဲ့သို့ နုတ်ထွက်စာတင်ခိုင်းသည့်ကိစ္စများကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်အား တွေ့ဆုံမေးမြန်းသော်လည်း ဖြေကြားရန် စောနေသေးကြောင်း ဇန်နဝါရီ ၂၀ ရက်က ပြန်လည်ဖြေကြားသည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးအချို့အနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခံရခြင်းများ ရှိခဲ့သော်လည်း ယခုကဲ့သို့ နုတ်ထွက်စာတင်ရသည့် ဝန်ကြီးတစ်ဦးမျှ မရှိခဲ့ချေ။
-
၂၀၂၄ ခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ဖွင့်ပွဲ ကျင်းပ
-
ဇလွန်မြိုရှိ မာရ်အောင်မြင်ပြည်တော်ပြန်ဘုရားကြီး၊ တန်ဆောင်တိုင်ပွဲတော်၌ မသိုးသင်္ကန်းရက်ချုပ်ပြိုင်ပွဲနှင့် ရောင်စုံမီးအလှဆင်ပုံဖော်မှုများ ပါဝင်မည်
-
ဇူလိုင် ၂၆ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၁၀၆ ပွိုင့်ဝန်းကျင်ရှိပြီး ပြင်ပစျေးကွက်တွင်မူ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၂၄၉၀ ဝန်းကျင်ရှိနေ
-
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် တတိယသုံးလပတ်အတွင်း စတော့ရှယ်ယာတန်ဖိုးစုစုပေါင်း ကျပ်သန်း ၇၉၀ ကျော် အရောင်းအဝယ်ဖြစ်မြောက်ခဲ့ပြီး ဒုတိယသုုံးလပတ်ထက် ၁၅ ရာခိုင်နှုန်းကျဆင်း
-
ဇူလိုင် ၂၈ ရက်တွင် ရွှေလုပ်ငန်းရှင်များအသင်းက ပြည်တွင်းရွှေစျေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၀၆၀၀၀၀ ဖြင့် စျေးပိတ်ခဲ့သော်လည်း ပြင်ပစျေးကွက်တွင် ကျပ် ၂၂၈၀၀၀၀ ဝန်းကျင်ရှိနေ