Top News

ရုရှားတပ်များသိမ်းပိုက်ခဲ့သည့်ဒေသများတွင် ဆန္ဒခံယူပွဲများပြုလုပ်ခဲ့ပြီးနောက် ဆွေးနွေးညှိနှိုင်းမှုများကို ပြုလုပ်မည်မဟုတ်ဟု ယူကရိန်းသမ္မတ ဇယ်လန်စကီး ပြောကြား
24htopnews | November 10, 2024 1:12 AM CST

ရုရှားတပ်များသိမ်းပိုက်ခဲ့သည့် ယူကရိန်း၏ ဒေသလေးခုတွင် ရုရှားက ၎င်းနယ်မြေ တစ်စိတ်တစ်ဒေသဖြစ်လာစေရန် ရည်ရွယ်သည့် လူထုဆန္ဒခံယူပွဲများ ပြုလုပ်ခဲ့ပြီးနောက် ယူကရိန်းအနေနှင့် ရုရှားနှင့် ဆွေးနွေးညှိနှိုင်းမည်မဟုတ်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီးက စက်တင်ဘာ ၂၇ ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ပြောကြားခဲ့သည်။

“ရုရှားဟာ ခရိုင်းမီးယားဇာတ်ညွှန်းအတိုင်း အတုအယောင် ဆန္ဒခံယူပွဲကို ပုံမှန်အဖြစ် အသိအမှတ်ပြုပြီး ယူကရိန်းနယ်မြေကို သိမ်းယူဖို့ ထပ်မံကြိုးပမ်းမှုဟာ လက်ရှိ ရုရှားသမ္မတနဲ့ ဘာမှပြောစရာမရှိတော့တဲ့ သဘောသက်ရောက်ပါတယ်”ဟု ဇယ်လန်စကီးက ဗီဒီယိုဆက်သွယ်မှုမှတစ်ဆင့် ပြောကြားခဲ့သည်။

“တစ်ကမ္ဘာလုံးရဲ့ ရှေ့မှောက်မှာ ရုရှားဟာ သိမ်းပိုက်ခံယူကရိန်းနယ်မြေပေါ်မှာ ဆန္ဒခံယူပွဲလို့ခေါ်တဲ့ ဟာသတစ်ခုကို လုပ်ဆောင်နေပါတယ်”ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

ယင်းဒေသတွင် နေထိုင်သူများသည် စက်သေနတ်ပြောင်းများအောက်တွင် ရုပ်သံတွင် ပါစေရန်အတွက် စက္ကူများကို ကိုင်ပြီး မဲပေးရန် အတင်းအကြပ်စေခိုင်းခံခဲ့ရပြီး ယင်းအတုအယောင်ရွေးကောက်ပွဲ၏ မဲရလဒ်များသည် ကြိုတင်ကြံစည်ပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

ထို့ပြင် နျူကလီးယားလက်နက်များကို အသုံးပြုမည်ဆိုသည့် ခြိမ်းခြောက်မှုများသည် ရုရှားအရာရှိများနှင့် ၀ါဒဖြန်ချိသူများ၏ မရိုးနိုင်သည့် ပြောကြားချက်တစ်ခုဖြစ်လာသည်ဟုလည်း ဇယ်လန်စကီးက ထပ်လောင်း ပြောကြားခဲ့သည်။

အမေရိကန်ကမူ ရုရှား၏ နျူကလီးယား လက်နက်များအသုံးပြုမည်ဆိုသည့်ပြောကြားချက်များအပေါ် သတိပေးခဲ့သည်ဟု ယခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောကြားခဲ့သည်။

“နျူကလီးယားလက်နက်တွေနဲ့ ပတ်သက်ပြီး သွယ်ဝိုက်ပြောဆိုတာတွေရပ်ဖို့ လူသိရှင်ကြားအနေနဲ့ရော သိုသိုသိပ်သိပ်အနေနဲ့ပါ ကျွန်တော်တို့ကရုရှားကို အလွန်ရှင်းရှင်းလင်းလင်းပြောထားပါတယ်”ဟု ဘလင်ကင်က နယူးယောက်မြို့၌ CBS သတင်းဌာန၏ “60 Minutes” အစီအစဉ်တွင် ပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်းအနေဖြင့် ရုရှားတို့ထိန်းချုပ်ထားသည့် ဒေသများတွင်နေထိုင်သူများကို ကာကွယ်ပေးသွားမည်ဟုလည်း ဇယ်လန်စကီးက ပြောကြားခဲ့သည်။

“ခါဆန်၊ ဇာပိုရှီရှား၊ ဒွန်ဘက်စ်မှာ နေထိုင်သူတွေနဲ့ လက်ရှိ ခါကိဗ်ဒေသက သိမ်းပိုက်ခံဒေသတွေမှာ နေထိုင်သူတွ၊ ခရိုင်းမီးယားမှာ နေထိုင်သူတွေကို ကျွန်တော်တို့ အကာအကွယ်ပေးသွားမှာပါ”ဟု ၎င်းက Telegram လူမှုမီဒီယာတွင် ဗီဒီယိုဖိုင်တင်ပြီး ပြောကြားခဲ့သည်။

ရုရှားထိန်းချုပ်ခံဒေသများဖြစ်သည့် ယူကရိန်းအရှေ့ပိုင်းရှိ ဒိုးနက်စ်၊ လူဟန့်နှင့် ယူကရိန်းတောင်ပိုင်းရှိ ခါဆန်နှင့် ဇာပိုရီရှားဒေသတို့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲများတွင် အနိုင်ရရှိကြောင်း ကြေညာချက်များ ထွက်ပေါ်ခဲ့ပြီး ယူကရိန်းနှင့် အနောက်မဟာမိတ်နိုင်ငံများကမူ ယင်းဆန္ဒခံယူပွဲကို ဝေဖန်ရှုတ်ချခဲ့သည်။                              


READ NEXT
Cancel OK