Top News

ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်း “ရင်ရှင်း” ဝင်ရောက်တိုက်ခတ်ပြီးနောက် ရှင်းလင်းရေးများလုပ်ဆောင်
24htopnews | November 9, 2024 5:12 PM CST

ဖိလစ်ပိုင်မြောက်ပိုင်းကမ်းရိုးတန်းတွင် တိုင်ဖွန်း ရင်ရှင်း ဝင်ရောက်တိုက်ခတ်သောကြောင့် နေအိမ်များ၏ ခေါင်မိုးများ လန်ကုန်ကြပြီး လူပေါင်းထောင်ချီ ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ခဲ့ရပြီးနောက် နိုဝင်ဘာ ၈ ရက်တွင် အာဏာပိုင်များက လဲကျနေသော သစ်ပင်များနှင့် အပျက်အစီးများကို ရှင်းလင်းခဲ့ကြသည်။

သို့သော် တိုင်ဖွန်းရင်ရှင်း ကုန်းတွင်းပိုင်းသို့ မဝင်ရောက်မီ ရက်ပိုင်းနှင့် နာရီပိုင်းအကြာ၌ လူဦးရေ ၃၀,၀၀၀ နီးပါးသည် အစိုးရက စီစဉ်ပေးထားသော နေရာများတွင် ယာယီခိုလှုံခဲ့ကြသည်။

ပြင်းထန်သည့် မုန်တိုင်းတစ်ခုကြောင့် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ပြီးနောက် သီတင်းပတ်နှစ်ပတ်အကြာ၌ ဝင်ရောက်တိုက်ခတ်ခဲ့သော တိုင်ဖွန်းရင်ရှင်းကြောင့် သေဆုံးသူမရှိပေ။

တိုင်ဖွန်းရင်ရှင်းသည် နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်းကို နိုဝင်ဘာ ၇ ရက်က ဝင်ရောက်တိုက်ခတ်ချိန်တွင် လေသည်တစ်နာရီလျှင် ၁၀၉ မိုင်နှုန်းဖြင့် တိုက်ခတ်ကာလျှပ် စစ်ဓာတ်အားလိုင်းများ ပြတ်တောက်ပြီး သစ်ပင်များ လဲကျကာ ပြတင်းတံခါးများ အက်ကွဲခဲ့သည်ဟု အမျိုးသားမိုးလေဝသအေဂျင်စီ၊ ဒေသခံများနှင့် ကယ်ဆယ်ရေးသမားများက ပြောကြားခဲ့သည်။

မုန်တိုင်းကြောင့် ၂၄ နာရီအတွင်း မိုးရေချိန် ၂၄၂ ဒသမ ၆ မီလီမီတာနှုန်းရှိကြောင်း တာဝန်ရှိသူများက ဆိုသည်။

“သစ်ပင်အများစု အမြစ်ကနေလဲကျ ကုန်ပါတယ်။အချို့ဒေသတွေမှာ မြေဆီလွှာ တိုက်စားတာတွေ ရှိပါတယ်။ ကံကောင်းတာကတော့ မြေပြိုတာတွေ မဖြစ်ခဲ့တာပါပဲ”ဟု ကာဂါရန်ပြည်နယ် သဘာဝဘေးအန္တရာယ် အကြီးအကဲ ရူလီရက်ပ်ဆင်းက ပြောပြခဲ့ကာ သေဆုံးသူမရှိကြောင်း ထပ်မံထုတ်ပြန်ထားသည်။

ပြည်နယ်၏ ပမ့်လိုနာဒေသတွင် လေပြင်းများကြောင့် နေအိမ်အမိုးများသည် လေထဲတွင် ပျံနေပြီး ဒေသခံများက ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေထိုင်ခဲ့ကြရသည်။

“မနေ့ညက(နိုဝင်ဘာ ၇ ရက်)လေပြင်းတိုက်ခတ်ပုံက ဒီမြို့ထဲမှာ ကျွန်တော်ကြုံတွေ့ခဲ့ဖူးသမျှ အပြင်းဆုံး လေတိုက်မှုပဲဖြစ်ပါတယ်”ဟု အသက် ၃၅ နှစ်အရွယ် ဒေသခံတစ်ဦးဖြစ်သည့် ပက်ထရစ် မာကီရာယာက အေ အက်ဖ်ပီသတင်းကို ပြောပြခဲ့သည်။

“ကျွန်တော်တို့အိမ်ရှေ့က နေအိမ်ရဲ့ ခေါင်မိုးက ရုတ်တရက် ကျွတ်ထွက်ပြီးလေထဲမှာ ပျံနေပါတယ်”ဟု ၎င်းက ဆိုသည်။

လေပြင်းများကြောင့် အားကစားရုံတစ်ရုံ၏ ပြတင်းပေါက်မှန်များ အက်ကွဲခဲ့ပြီးနောက် ယင်းအားကစားရုံတွင် ယာယီခိုလှုံနေသော ၎င်း၏မိတ်ဆွေများသည် အနီးအနားရှိ ခရစ်ယာန်ဘုရား ကျောင်းတစ်ကျောင်း ဆီ ပြန်လည်ပြောင်းရွှေ့ခဲ့ရသည်ဟု မာကီရာယာက ဆိုသည်။

နိုဝင်ဘာ ၈ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် တိုင်ဖွန်းရင်ရှင်း၏ ဗဟိုချက်သည် လာအိုအန်းမြို့ အနောက်မြောက်ပိုင်းတွင်ရှိပြီး တောင်တရုတ်ပင်လယ်သို့ ဆက်လက်ရွှေ့လျားခဲ့ကြောင်း နိုင်ငံပိုင် မိုးလေဝသအေဂျင်စီက ဆိုသည်။

ကျောက်ဖြစ်ရုပ်ကြွင်းများကို မီးရှို့မှု ကြောင့် ပြောင်းလဲလာသော ရာသီဥတု အခြေအနေကြောင့် ကမ္ဘာကြီးသည် ပိုမိုပူနွေးလာပြီး မုန်တိုင်းများသည် ပိုမိုအင်အားပြင်းလာကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။

ပိုမိုပူနွေးသော သမုဒ္ဒရာမျက်နှာပြင်များသည် ရေငွေ့များကို ပိုမိုထုတ်လွှင့်ပြီး ယင်းသည် မုန်တိုင်းများအတွက် နောက်ထပ်စွမ်းအင်ကို ထောက်ပံ့ပေးကာ လေတိုက်နှုန်းကို ပိုမိုအင်အား ပြင်းထန်လာစေသည်။

ပူနွေးသည့် လေထုသည် မုန်တိုင်းများအား ရေများကို ပိုမိုထိန်းသိမ်းခွင့် ပြုထားသောကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုများကို ပိုမိုမြှင့်တင်ပေးသည်။                        

Ref:AFP

         


READ NEXT
Cancel OK