Top News

မြောက်ကိုရီးယားကို အင်အားပြသည့်အနေဖြင့် တောင်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်
24htopnews | November 9, 2024 12:12 AM CST

မြောက်ကိုရီးယားကို အင်အားပြသည့်အနေဖြင့် တောင်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် တစ်စင်းကို ပင်လယ်အတွင်းပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရက နိုုဝင်ဘာ ၈ ရက်တွင် ပြောကြားခဲ့သည်။

နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားသည် ၎င်း၏ ခေတ်အမီဆုံးနှင့် အင်အားအပြင်းဆုံးဟု ကြေညာထားသည့် လောင်စာတောင့်သုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM)တစ်စင်းနှင့် တာတိုပစ် ပဲ့ထိန်းဒုံးကျည်များကို ပြီးခဲ့သည့် သီတင်းနှစ်ပတ်အတွင်း သီးခြားစီ ပစ်လွှတ်ခဲ့သည်။

တောင်ကိုရီးယားစစ်တပ်၏ ထုတ်ပြန်ချက်တွင် ၎င်းတို့သည် မြောက်ကိုရီးယား၏ ရန်စမှုများကို ပြတ်သားစွာ တုံ့ပြန်ရန်အတွက် မိမိတို့၏ ခိုင်မာသည့် သန္နိဋ္ဌာန်ကို ပြသရန် ရည်ရွယ်ပြီး ကျည်အစစ်များဖြင့် စစ်ရေးလေ့ ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ရန်သူတို့၏ ရန်စမှုအကြောင်းရင်းကို ဆန့်ကျင်သည့် ပစ်မှတ်တိကျသည့် တိုက်ခိုက်မှုများအတွက် စွမ်းဆာင်ရည်နှင့် အသင့်အနေအထားရှိမှုကို ယခုစစ်ရေးလေ့ကျင့်မှုက ပြသခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS)က ပြောကြားခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုအတွင်း Hyunmoo အမည်ရှိ မြေပြင်မှ မြေပြင်ပစ် တာတို ပဲ့ထိန်းဒုံးကျည်တစ်စင်းကို အနောက်ပင်လယ်အတွင်း ပစ်လွှတ်ခဲ့ကြောင်း JCS က ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို တန်ပြန်ရန် ၁၉၇၀ ပြည့်နှစ်ကာလများက တာတိုပစ် ပဲ့ထိန်းဒုံးကျည်များကို ပြည်တွင်းတွင် စတင်ထုတ်လုပ်ခဲ့သည်။

မြောက်ကိုရီးယား၏ တိုက်ခိုက်မှုစတင်မည့် အရိပ်လက္ခဏာများကို တွေ့ရှိမည်ဆိုပါက တောင်ကိုရီးယားက ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်ခွင့်ရှိသည့် Kill Chain အမည်ရှိ လက်ဦးမှုရယူ တိုက်ခိုက်ရေးစနစ်တွင် အဓိက ကျသည့် ဒုံးကျည်များထဲတွင် Hyunmoo ဒုံးကျည်များလည်း ပါဝင်နေသည်။

အောက်တိုဘာလ အစောပိုင်းကလည်း တောင်ကိုရီးယားသည် မြေအောက်ဘန်ကာများကို ဖျက်ဆီးနိုင်စွမ်းရှိသည့် ၎င်းတို့၏ အကြီးဆုံး Hyunmoo -5 ပဲ့ထိန်းဒုံးကျည်ကို  ပထမဆုံးအကြိမ်အဖြစ် ပြသခဲ့သည်။

နိုဝင်ဘာ ၃ ရက်ကလည်း မြောက်ကိုရီးယား၏ ICBM ဒုံးကျည်ပစ်လွှတ်မှုကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့က ပူးတွဲလေကြောင်းစစ်ရေး လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ထိုစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်၏  B-1B ဗုံးကြဲလေယာဉ်၊ တောင်ကိုရီးယား၏ F-15 K နှင့် KF-16 တိုက်လေယာဉ်များ၊ ဂျပန်၏ F-2 တိုက်လေယာဉ်များ ပါဝင်ခဲ့သည်။

မြောက်ကိုရီးယားကမူ ထိုကဲ့သို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ဒေါသတကြီးဝေဖန်ခဲ့ပြီး ထိုစစ်ရေး လေ့ကျင့်မှုများသည် ကျူးကျော်ဝင်ရောက်ရန်အတွက် ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးမားသည့် ညီမဖြစ်သူ ကင်ယိုဂျုံကမူ အမေရိန်-တောင်ကိုရီးယား-ဂျပန်ပူးတွဲစစ်ရေး လေ့ကျင့်မှုများသည် မိမိတို့နိုင်ငံ အပေါ်ထားရှိသည့် ရန်သူများ၏ အန္တ ရာယ်များပြီး ရန်လိုသည့်သဘောသဘာဝနှင့် ရန်ပြုလိုစိတ်အပေါ် အခြေခံထားသည့် လုပ်ဆောင်ချက် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထိုစစ်ရေးလေ့ကျင့်မှုကြောင့် မိမိတို့အနေဖြင့် နျူကလီးယားအင်အားကို အလျင်အမြန်တိုးမြှင့်ရန် တွန်းအားပေး လုပ်ဆောင်ခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ref:AFP


READ NEXT
Cancel OK