ပါကစ္စတန်၏ လူဦးရေအထူထပ်ဆုံးပန် ဂျပ်ပြည်နယ်တွင် အဓိကမြို့ကြီးများ၌ မီးခိုးမြူများကြောင့် နိုဝင်ဘာ ၆ ရက်ကစာသင်ကျောင်းများကို ပိတ်ထားခဲ့ရကာ နိုဝင်ဘာ၁၇ ရက်အထိ အွန်လိုင်းပညာသင်ကြားရေးစနစ်ကို ပြောင်းလဲခဲ့ကြောင်း သိရသည်။
ပါကစ္စတန်၏ လူဦးရေ သန်း ၂၄၀ ၏ ထက်ဝက်ကျော်တည်ရှိရာ ပန်ဂျပ်ပြည်နယ်တွင် မူလတန်းကျောင်းများကို ပိတ်ထားခဲ့ပြီး သုံးဘီးပြေးဆွဲမှုများကို တားမြစ်ခဲ့ကာ လာဟိုးမြို့တွင် အကင်ဆိုင်အချို့ကို ပိတ်ထားခဲ့သည်။
နိုဝင်ဘာ ၆ ရက်တွင် အစိုးရက အရည် အသွေးနိမ့်ဒီဇယ်မီးခိုးများ၊ ရာသီအလိုက် စိုက်ပျိုးရေးအကြွင်းအကျန်များ မီးရှို့မှုမှမီးခိုးများထွက်လာမှုနှင့် ဆောင်းရာသီအအေးဓာတ်ကြောင့် မြူများနှင့် လေထုညစ်ညမ်းမှုများ စုပေါင်းနေသည့်မီးခိုးမြူများကြောင့် မြို့ကြီးအများအပြားရှိ စာသင်ကျောင်းများကို ပိတ်ထားခဲ့သည်။
“ခန့်မှန်းထားသည့်လေကြောင်းနှင့် လေထုအရည်အသွေးကိုကြည့်ပြီး ကျွန်တော်တို့အနေနဲ့ အထက်တန်းကျောင်းတွေအားလုံးကို ပိတ်လိုက်ပါတယ်”ဟုပန်ဂျပ်ပြည်နယ် အကြီးတန်းဝန်ကြီး မာရီယန်အော်ရန်ဇပ်က လာဟိုးမြို့တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ယင်းဆုံးဖြတ်ချက်သည် ပန်ဂျပ်ပြည်နယ်မြို့တော် လာဟိုးအပါအဝင် ပါကစ္စတန်၏အကြီးဆုံးမြို့အချို့ရှိ ကလေးပေါင်းသန်းချီအပေါ် သက်ရောက်မှုရှိလိမ့်မည်ဟု သိရသည်။
လေထညစ်ညမ်းမှုအဆင့်တိုင်းတာသည့် လေထုအရည်အသွေးညွှန်းကိန်း(AQI)သည် အန္တရာယ်ရှိသောလေထုအဆင့်ဟု သတ်မှတ်ထားသော အဆင့် ၃၀၀ ထက် ကျော်လွန်၍ အဆင့် ၁,ဝဝဝအထက်အထိ ရောက်ရှိနေသည်ဟု လေထုတိုင်းတာရေး IQAir တွင်ဖော်ပြထားသည်။
“ဒီမနက်ခင်း(နိုဝင်ဘာ ၆ ရက်)ရဲ့ AQI ဟာ ၁၁၀၀ အထိရှိနေပါတယ်”ဟုအော်ရန်ဇပ်က ဆိုသည်။
“ကျွန်မတိုက်တွန်းချင် တာကတော့ပြည်သူတွေအနေနဲ့ အိမ်ထဲကနေ အပြင်မထွက်ဖို့ပဲ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။အစိုးရနှင့် ပုဂ္ဂလိကရုံးများရှိဝန်ထမ်း ထက်ဝက်ခန့်သည် နေအိမ်များမှအလုပ် လုပ်ရမည်ဟု ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ တွေရဲ့လေထုက ၁၀၀၀ အဆင့်အထက်ကို ဘယ်တုန်းကမှမရောက်ခဲ့ဖူးပါဘူး”ဟုအကြီး တန်းသဘာဝဘေးအန္တ ရာယ်ကာကွယ်ရေးအရာရှိ ဂျဟန်ဂီရာ အန်ဝါက ဆိုသည်။
“ဒါက အနှေးခြောက်ခြားဖွယ်ရုပ်ရှင်တစ်ကားလိုပါပဲ။ အနောက်ကနေ ဖြေးဖြေးချင်း တစိုက်မတ်မတ် လိုက်လံခြောက်လှန့်နေတယ်”ဟု အသက် ၂၂ နှစ်အရွယ် ကျောင်းသူတစ်ဦးက ဆိုသည်။
“လူတိုင်းဟာ လေကောင်းလေသန့်ရရှိနိုင်တဲ့ အခွင့်အရေးရှိပါတယ်”ဟု ၎င်းကဆိုသည်။လာဟိုးမြို့ပြင်ရှိ လယ်သမားများသည် သီးနှံအကြွင်းအကျန်များကို မီးရှို့မှုမှ အဆိပ်ရှိလေထုပျံနှံ့လာပြီး ယင်းလေသည် ဦးနှောက်သွေးကြောပိတ်ခြင်း၊ နှလုံးရောဂါ၊အဆုတ်ကင်ဆာနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင်ကြောင်း WHO က ဆိုသည်။လာဟိုးတစ်မြို့တည်း၌ပင် နိုဝင်ဘာ ၅ ရက်က ကလေးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင်လူနာ ၉၀၀ ကျော် ဆေးရုံတက် ရောက်ကုသမှုခံယူခဲ့ကြောင်း ဆိုသည်။
“ဖျားနာတာတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေပြီး လူတိုင်းက ဆေးရုံကိုသွားပြနေကြပါတယ်”ဟု အသက် ၅၀ အရွယ်ဘဏ်လုပ်ငန်းရှင် မူဟမ်မတ်ယူဆွတ်ဖ်က ဆိုသည်။
“ဆေးရုံဧည့်ခန်းမှာ လူနာအများအပြားက သူတို့အလှည့်ရောက်ဖို့ အကြာကြီးစောင့် ဆိုင်းနေရပါတယ်”ဟုဆိုသည်။
ပါကစ္စတန်၏ တတိယအကြီးဆုံးမြို့ဖြစ်သည့် ဖိုင်ဆာလာဘတ်၊ မူလ်တန်နှင့်ဂူရန်ဝါလာအပါအဝင် အခြားမြို့များတွင်လည်း လေထုညစ်ညမ်းမှုကြုံတွေ့နေသည်။
Ref: AFP
-
ဗြိတိန်တွင် mpox ရောဂါ ကူးစက်မှုဖြစ်စဉ်အသစ် လေးခုတွေ့ရှိ
-
Ballon d'Or ဆုကို ယမားလ် အကြိမ်များစွာ ရယူနိုင်လိမ့်မည်ဟု ဖခင်ဖြစ်သူ ပြောကြား
-
ဆာကာနှင့် ဒက်ကလန်ရိုက်စ်တို့ ဒဏ်ရာထပ်မံရရှိခဲ့ပြီး နိုင်ငံတကာပွဲများအပြီးတွင် ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝရန် ဆုတောင်းနေရဟု အာတီတာ ဝန်ခံ
-
အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ကစားသမား(၈)ဦး နုတ်ထွက်
-
ဖိလစ်ပိုင်တွင် တစ်လအတွင်း စတုတ္ထမြောက် တိုင်ဖွန်းဝင်ရောက်မှုကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း