Top News

ရာသီဥတု ပြောင်းလဲမှုဒဏ် ခံနိုင်ရန် တောင်သူများ စပါးမျိုးစိတ် ပြောင်းလဲစိိုက်ပျိုးလာ
24htopnews | November 8, 2024 7:12 PM CST

ရာသီဥတုပြောင်းလဲမှုက တောင်သူများကို သက်တမ်းတို စပါးစိုက်ပျိုးရန် တွန်းပို့နေကြောင်းကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း တောင်သူများက ဆိုသည်။ 

ရာသီဥတု ပြောင်းလဲမှုကြောင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသများတွင် မိုးနှောင်းနည်းခဲ့ပြီး  သက်လတ် စပါးများ အထိနာခဲ့ပြီးသည့်နောက် တောင်သူများမှာ သက်တမ်းအတိုဆုံး စပါးများကိုသာ ရွေးချယ် စိုက်ပျိုးလာကြခြင်းဖြစ်သည်။

ဝိုင်းမော်မြို့နယ်၊မိုင်းနားကျေးရွာမှ တောင်သူလုပ်သက် နှစ်ငါးဆယ်ကျော် အတွေ့အကြုံရှိသူတောင်သူ ဦးအောင်ထွေးက ''  မနှစ်က ရက်၉၀ စပါး ချင်းသုံး(ဆင်းဧကရီ-၃)ထွက်ပြီး မိုးခေါင်တော့ အထွက်လျော့ပေမယ့် အောင်သေးတယ်။ငွေတိုး၊မှော်ဘီ၊ခတ်ချိုဆန်မွှေးတွေ တစ်ပင်မှ မငိုက်တော့ ဒီနှစ် အားလုံးပယ်ကြတယ်။ကြာရင် ဒီထက် သက်တမ်းတိုတ့စပါး ရှာစိုက်ရတော့မလား မသိဘူး။ ရာသီကို လိုက်ပြောင်းရတာပေါ့ ။မိုးရာသီကလည်း ကြာလေနည်းဖြစ်လာနေပြီလေ ။စားကောင်းတာက အသက်ကြီးတဲ့ စပါးတွေက ပိုကောင်းတာပေါ့''ဟု ဆိုသည်။သက်လက် စပါးမျိုးမှာ သက်တမ်းတို စပါးမျိုးထက် တစ်တင်းလျှင် ကျပ်သုံးထောင်ကျော် ကွာဟသော်လည်း အထွက်နှုန်းနှင့် အောင်မြင်မှုနှုန်းမှာ သက်တမ်းတို စပါးသာလျှင် အာမခံချက်ရှိသဖြင့် စိုက်ပျိုးလာကြောင်းလည်း တောင်သူများကဆိုပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ၊အင်းတော်မြို့နယ်က တောင်သူ ဦးမောင်ဦးက'' ဒီနှစ်မိုးခေါင်လိုက်တော့ ဧရာမင်း၊ပဒေသာ၊မှော်ဘီ စပါးမျိုးတွေ ထိတယ်။လုံးသွယ်မွှေး၊တုတ်ဖွေး၊ချင်းသုံးသက်တာတယ်။ အထိနာတဲ့ စပါးမျိုးပယ်၊ရေငတ်ခံကို မျိုးယူရမှာပေါ့။ တစ်ချို့က လယ်ထိပ်၊လယ်ဘေးမှာကန်တူးကြတယ်။ လယ်ကျဉ်းတဲ့သူတွေ၊တတ်နိုင်တဲ့သူတွေ ငါးပေါက်ကျင်း၊ ခြောက်ပေါက်ကျင်း ရိုက်ကြတာပေါ့'' ဆိုသည်။

ကချင်ပြည်နယ်တွင်  မိုးကာလမှာ ရက်ပေါင်း ၂၂ ရက်အထိ တိုလာပြီး မုတ်သုံမိုး ပိုမိုတိုတောင်းလာသည့်ဘက်သို့ ဦးတည်နေကြောင်း သိရသည်။

ကမ္ဘာ့မိုးလေဝသ ပညာရှင်များက ်မုတ်သုံမိုးမှာ ပျောက်ကွယ်လာနိုင်သည်ဟု ခန့်မှန်း သုံးသပ်ကြကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဦးတင်ထိုက်က ဆိုသည်။''  ကချင်ပြည်နယ်က မုတ်သုံမိုးက နောက်ဆုံးရောက်၊

အရင်ဆုံး ထွက်တာ ဆိုတော့မုတ်သုံမိုးရက် နည်းသွားတာ သိတာတယ်''ဟု ဆိုသည်။

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းဒေသသည်  အင်း၊အိုင်ချောင်း၊မြောင်း ပေါ်များသည့် ဒေသဖြစ်သော်လည်း မိုးရာသီ တိုတောင်းလာမှုက တောင်သူများ၏ စိုက်ပျိုးရေး အလေ့အထကို တဖြည်းဖြည်းပြောင်းလဲစေခဲ့သည်။   သက်ကြီးစပါးမျိုးများကို ၁၉၉၀ ကာလများမတိုင်ခင် စိုက်ပျိုးခဲ့သော်လည်း၂ဝဝဝခုနှစ်နောက်ပိုင်းကာလတွင် သက်လတ်နှင့်သက်လျင်(သက်ငယ်)စပါး မျိုးများကိုသာ အဓိက စိုက်ပျိုးလာကြောင်းနှစ်ပေါင်းလေးဆယ်ကျော် တောင်သူလုပ်ငန်းလုပ်ကိုင်ခဲ့သူများက ဆိုပါသည်။

ကချင်ပြည်နယ်တွင် စပါး စိုက်ဧက ကိုးသောင်းကျော်အနက် တစ်သောင်းကျော်သာ ဆည်ရေသောက်လယ်မြေများဖြစ်ပြီး ရှစ်သောင်းနီးပါးမှာ မိုးရေခံလယ်များဖြစ်သောကြောင့် မုတ်သုံရာသီ ပြောင်းလဲလာသည့်အမျှ စပါးမျိုးများ၊သီးနှံမျိုးများ ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ကြောင်း မြစ်ကြီးခရိုင်၊စိုက်ပျိုးရေး ဦးစီးမှူး  ဦးအောင်မျိုးဝင်းက အကြံပြု သည်။''စပါးအပါအဝင် ဘယ်သီးနှံမဆို သက်တမ်းအထွက်တိုးမျိုးတွေကို စိုက်စေချင်တယ်။နောက်လုပ်အား နည်းစနစ်၊စက်မှုစွမ်းအား အကူအညီတွေလိုတယ်။မျိုးစေ့ချ စနစ်သုံးတာ မျိုးပေါ့။ အချိန်တိုနဲ့ အလျင်အမြန် သီးနှံတွေ သိမ်းနိုင်တော့ ရာသီဘေးတွေကနေလွှတ်တာပေါ့ ''သုံးသပ်သည်။

စိုက်ပျိုးရေးဝန်ကြီးဌာနက အနာဂါတ်ကာလတွင် ဆည်ရေသောက် လယ်ယာလုပ်ငန်းတိုးမြှင့်ရေးမူဝါဒများချမှတ်ခြင်း၊ ရာသီဒဏ်ခံနိုင်ပြီး အထွက်တိုးသည့် သက်ငယ်စပါးမျိုးများကို ထုတ်လုပ်နိုင်ရန် သုတေသနပြုနေကြောင်း သိရသည်။ ရာသီဥတု ပြောင်းလဲခြင်းClimate Change ကြောင့် မိုးရွာသွန်းမှု ပုံစံမမှန်တာ၊  နေရာကွက်ပြီး မိုးကြီးတာ၊ မုတ်သုံကာလ ၁၄၄ ရက်ကနေ ၁၂၁ ရက်အထိ တိုတောင်းလာသည််။

မြန်မာနိုင်ငံသည် ၁၉၇၈ ခုနှစ်နောက်ပိုင်း မုတ်သုံရာသီဥတု အပြောင်းအလဲများ စတင်ပြောင်းလဲလာခဲ့ပြီးမုတ်သုံလေ အဝင် နောက်ကျခြင်း၊ မုတ်သုံကာလ အထွက်စောခြင်း ၊မုတ်သုံအားပြတ်ခြင်း၊မုတ်သုံမိုးလျှော့နည်းလာခြင်း စသည့် လက္ခဏာများ ကြုံတွေ့လာခဲ့သည်။

စိုက်ပျိုးရေးဌာနတွေနှင့် မိုးလေဝသ ဌာနပူးပေါင်းပြီး ပြောင်းလဲလာတဲ့ ရာသီဥတုနှင့်အညီ ရေလိုအပ်ချက်နည်းတဲ့ ရာသီဒဏ်ခံ စျေးကွက်ဝင်သီးနှံတွေ အစားထိုးစိုက်ပျိုးဖို့ ပညာပေးမှုများ လုပ်နေသည်ဟု  ၄င်းဌာနများက တာဝန်ရှိသူများက  ဆိုသည်။

၂၀၁၇ ခုနှစ်က ထုတ်ဝေသော '' မြန်မာနိုင်ငံ၏ ရာသီဥတုဆိုင်ရာ ဘေးဖြစ်နိုင်မှုအား ဆန်းစစ်ခြင်း''အစီရင်ခံစာတွင် ရာသီဥတု၏ ပြောင်းလဲမှု အကျိုးဆက်ကြောင့်  မြန်မာနိုင်ငံ၏ ကုန်းတွင်းပိုင်းဒေသတွင် ၁၉၈ဝမှ၂၀၁၀ ခုနှစ်အထိ  ဆယ်စုနှစ် တစ်ခုတိုင်းတွင် ပျှမ်းမျှ အပူချိန် ၀ ဒသမ ၃၅ ဒီကရီ စင်တီဂရိတ်အထိ တိုးလာနေကြောင်း  စာရင်းဇယားများက ဆိုသည်။ အပူချိန်တိုးလာသည့် အကျိုးဆက်အပြင် မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်း၊ မိုးများခြင်း၊နည်းခြင်း ၊မိုးမမှန်ခြင်း စသည့် အကျိုးဆက်များကို မြန်မာ့တောင်သူများ ခံစားနေကြရသည်။



 


READ NEXT
Cancel OK