မလေးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် NUG ၊ CRPH ၊ NUCC တို့တွေ့ဆုံမှုအပေါ် မြန်မာနိုင်ငံက ကန့်ကွက်ပြီး အာဆီယံပဋိညာဉ်နှင့်ဆန့်ကျင်သည့်ဆောင်ရွက်မှုမျိုးနှင့် ဆွေးနွေးမှုကို အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက တိုက်တွန်းတားမြစ်ပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။
စက်တင်ဘာ ၂၁ ရက်က ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E.Dr.KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံစဉ် အထက်ပါကိစ္စရပ်အား ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ (၅)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု အပါအဝင် တိုးတက်မှုများရရှိရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ အာဆီယံဥက္ကဋ္ဌဌ၏ အထူးကိုယ်စားလှယ်နှင့်အာဆီယံအတွင်းရေးမှူးချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
အလားတူ အာဆီယံ၏ တူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ်အမြင်ချင်း ဖလှယ်ခဲ့ကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တာဝန်သိ အာဆီယံအဖွဲ့ဝင်နိုင်ငံ ပီသစွာဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ထို့အတူ မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ အမျိုးသားအကျိုးစီးပွား၊ ပြည်တွင်းဖြစ်ပေါ် တိုးတက်မှုများ၊ တည်ဆဲဥပဒေများနှင့်လုပ်ထုံးလုပ်နည်းများအပေါ် အခြေခံလျက် အာဆီယံနှင့်ဆက်လက်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ယူဆောင်ရွက်နေသည့်ကိစ္စများကို ဆက်လက် ထောက်ခံအားပေးမည်ဖြစ်ကြောင်းကိုလည်းကောင်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက်အဖွဲ့အစည်းများနှင့်တရားမဝင်အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH နှင့်NUCC ဟုခေါ်ဆိုသည့်အဖွဲ့များနှင့်နယူးယောက်မြို့တွင် တွေ့ဆုံခဲ့သည့်ကိစ္စအပေါ် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း ပြည်ထောင်စုဝန်ကြီးဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။
ထိုသို့ အာဆီယံ၏ ပဋိညာဉ်၊ စည်းမျဉ်းများနှင့် ဆန့်ကျင်နေသည့် ဆောင်ရွက်မှုမျိုးနှင့် ဆွေးနွေးမှုမျိုးကို အာဆီယံအသိုက်အဝန်းအတွင်းသို့ ယူဆောင်လာခြင်းမပြုရန်အတွက်လည်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တိုက်တွန်းတားမြစ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
အလားတူအာဆီယံ AHA Centre မှ တစ်ဆင့်ပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခါင်းဆောင် H.E.Dr.KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ သည် စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၃ နာရီတွင် နိုငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။
အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့် လူသားချင်းစာနာမှု အကူအညီများပေးအပ်ရေးအတွက် ပူးတွဲလေ့လာဆန်းစစ်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံမှ အကောင်းဆုံးပံ့ပိုးသွားမည့်ကိစ္စနှင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများကို ပေးအပ်ရာတွင် မည်သူမျှချန်လှပ်မှု မရှိစေရေး မူဝါဒအပေါ်အခြေခံ၍ ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြောင်းသိရသည်။
ယင်းအပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့်ကမ္ဘောဒီးယားနိုင်ငံအစိုးရတို့အကြား ပူးတွဲကာကွယ်ဆေး ထိုးနှံပေးရေးအစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်