အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုက အီရန်ခြိမ်းခြောက်မှုကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်အားပြောကြားခဲ့ပြီးနောက် နာရီပိုင်းအတွင်း အစ္စရေးက ဘေရွတ်တောင်ပိုင်းကို ပူပူနွေးနွေး တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။
အစ္စရေးဝန်ကြီးချုပ်သည် ထရန့်ကိုဝမ်းမြောက်ကြောင်းပြောကြားခဲ့သည့် ပထမဆုံးကမ္ဘာ့ခေါင်းဆောင်များထဲက ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ထရန့်ပြန်လည်ရွေးကောက်ခံရခြင်းသည် သမိုင်း၏အကြီးကျယ်ဆုံးသော တစ်ကျော့ပြန်လာမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။
နိုဝင်ဘာ ၆ ရက်တွင် ဖုန်းဆက်ပြောကြားခဲ့ကြရာ၌ ၎င်းတို့နှစ်ဦးက အစ္စရေးလုံခြုံရေးအတွက် အတူတကွဆောင်ရွက်သွားရန် သဘောတူခဲ့ကြပြီး အီရန်ခြိမ်းခြောက်မှုကို ဆွေးနွေးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် နေတန်ယာဟု၏ရုံးက ဖော်ပြခဲ့သည်။
ယင်းသို့ ဖုန်းဆက်စကားပြောခဲ့ပြီး နောက်မကြာမီ နိုဝင်ဘာ ၇ ရက် စောစောပိုင်းတွင် အစ္စရေးစစ်တပ်က အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇဘိုလာ၏အမာခံနယ်မြေဖြစ်သော ဘေရွတ်တောင်ပိုင်းကို တိုက်ခိုက် မှုများ လုပ်ဆောင်ခဲ့သောကြောင့် လူနေထူထပ်သော ဘေရွတ်တောင်ပိုင်းတွင်း မီးများလောင်ခဲ့ပြီး မီးခိုးများ တလိပ်လိပ်တက်လာခဲ့သည်ကို တွေ့ရသည်။
အစ္စရေးစစ်တပ်က တိုက်ခိုက်မှုမတိုင်မီရွှေ့ပြောင်းကြရန် အမိန့်များထုတ်ခဲ့ရာ ရပ်ကွက်လေးခုတွင် နေထိုင်သောပြည်သူများ ထွက်ခွာကြရန် ပြောကြားခဲ့သည်။ ထိုသို့ထွက်ခွာရန် ပြောကြားခဲ့သော ရက်ကွက်များထဲတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးက ရပ်ကွက်တစ်ခုလည်း ပါဝင်ခဲ့သည်။
နိုဝင်ဘာ ၆ ရက်တွင် လက်ဘနွန်အရှေ့ပိုင်းကို အစ္စရေးတိုက်ခိုက်မှုများကြောင့် လူ ၄၀ သေဆုံးခဲ့သည်ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ကယ်ဆယ်ရေးသမားများက အသက်ရှင်ကျန်ရစ် သူများကိုအပျက်အစီးများကြားထဲ ပိုက်စိပ်တိုက်ရှာဖွေလျက်ရှိသည်ဟု ဆိုသည်။
“ဘီးကားတောင်ကြားနဲ့ဘားလ်ဘက်တို့ကို ရန်သူအစ္စရေးရဲ့ဆက်တိုက်တိုက်ခိုက်မှုတွေကြောင့် လူ ၄၀ သေဆုံးခဲ့ပြီး ၅၃ ဦး ဒဏ်ရာရခဲ့ပါတယ်”ဟု လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အစ္စရေးစစ်တပ်က ၎င်း၏စစ်ဆင်ရေးကို ဂါဇာမှသည် လက်ဘနွန်နှင့်ထိစပ်နေသော အစ္စရေးမြောက်ပိုင်းနယ်စပ်အထိ တိုးချဲ့လိုက်သောကြောင့် စက်တင်ဘာတွင် အရှိန်မြင့်တက်လာခဲ့သော အစ္စရေး-ဟစ်ဇဘိုလာစစ်ပွဲကို အမေရိကန်ရွေးကောက်ပွဲရလဒ်က သက်ရောက်မှုရှိလိမ့်မည်မဟုတ်ဟု ဟစ်ဇဘို လာက ပြောကြားခဲ့သည်။
ထရန့် အောင်ပွဲမရမီ အသံသွင်းထားသော ရုပ်သံမိန့်ခွန်းဖြစ်ပြီး ရွေးကောက်ပွဲကို ထရန့်အနိုင်ရပြီးနောက် ထုတ်လွှင့်ခဲ့သော မိန့်ခွန်းတွင် ဟစ်ဇဘိုလာ အကြီးအကဲသစ် နီယမ်ကာဆမ်က “ကျွန်တော်တို့မှာ တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတဲ့သင်တန်းပေးထားတဲ့ တော်လှန်းရေးတပ်သား ထောင်သောင်းချီရှိနေပါတယ်။ ဘယ်ဟာက ဒါကို ရပ်စေမှာလဲ။ စစ်ပွဲဆိုတာ စစ်မြေပြင်ဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
မိမိတို့အုပ်စုသည် အီရန်လုပ် ဖာတာ ၁၁၀ ဒုံးကျည်များကို ပိုင်ဆိုင်းထားသည်ဟု နိုဝင်ဘာ ၆ ရက်တွင် ဟစ်ဇဘိုလာက ကြေညာခဲ့သည်။ အဆိုပါဒုံးကျည်သည် အကာအဝေး ၁၈၆ မိုင်(ကီလိုမီတာ ၃၀၀)အထိ ရောက်သောဒုံးကျည်ဖြစ်ပြီး ဟစ်ဇဘိုလာအုပ်စု၏အတိကျဆုံးသော ဒုံးကျည်ဖြစ်သည်ဟု စစ်ရေးကျွမ်းကျင်သူ ရီအက်ခါ၀ါဂျီက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၆ ရက်တွင် ဟစ်ဇဘိုလာက အစ္စရေးကို တိုက်ခိုက်မှု အများအပြားလုပ် ဆောင်ခဲ့ရာ အစ္စရေးမြို့ဟိုင်ဖာအနီးရှိ ရေတပ်အခြေစိုက်စခန်းများနှင့်တဲလ်အဗစ်အနီးက အခြေစိုက်စခန်းနှစ်ခုတို့လည်း တိုက်ခိုက်ခံရသော ပစ်မှတ်များထဲတွင် ပါဝင်သည်ဟု ဆိုသည်။
အစ္စရေးတိုက်ခိုက်မှုကြောင့် လက်ဘနွန်တွင် လူ ၃,၀၅၀ သေဆုံးခဲ့သည်။
Ref: AFP
-
ဗြိတိန်တွင် mpox ရောဂါ ကူးစက်မှုဖြစ်စဉ်အသစ် လေးခုတွေ့ရှိ
-
Ballon d'Or ဆုကို ယမားလ် အကြိမ်များစွာ ရယူနိုင်လိမ့်မည်ဟု ဖခင်ဖြစ်သူ ပြောကြား
-
ဆာကာနှင့် ဒက်ကလန်ရိုက်စ်တို့ ဒဏ်ရာထပ်မံရရှိခဲ့ပြီး နိုင်ငံတကာပွဲများအပြီးတွင် ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်ဝရန် ဆုတောင်းနေရဟု အာတီတာ ဝန်ခံ
-
အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ ကစားသမား(၈)ဦး နုတ်ထွက်
-
ဖိလစ်ပိုင်တွင် တစ်လအတွင်း စတုတ္ထမြောက် တိုင်ဖွန်းဝင်ရောက်မှုကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာရွှေ့ပြောင်း