ရိုးသားဖြောင့်မတ်သော ခံစားမှုများနှင့် ရိုးသားဖြောင့်မတ်သော ရည်ရွယ်မှုများသည် လူတိုင်း၏နှလုံးသားကို ဖမ်းစားနိုင်သည့်သဘောရှိ၏။ သို့သော် ရိုးသားဖြောင့်မတ်မှု၏ အဓိပ္ပာယ်နှင့် မည်သို့မည်ပုံ ရိုးသားဖြောင့်မတ်ရမည်ကို နားလည်သဘောပေါက်ရန် အရေးကြီးသည်။ မိမိကိုယ်တိုင်၌ ခံယူချက်တစ်ရပ် ရှိထားရန်နှင့် ဟန်ဆောင်ခြင်းကင်းရန်တို့ထက် ပို၍ကောင်းသော ရိုးသားဖြောင့်မတ်ရန် ပုံသေနည်း မရှိပါ။ ရိုးသားဖြောင့် မတ်ယောင်ဆောင်ခြင်းသည်လည်း အဓိပ္ပာယ် မရှိပါ။ ရိုးသားဖြောင့်မတ်သော လူတစ်ဦး ဖြစ်ရန်အတွက် အကြံပြုချက်အချို့ကား ရှိ၏။
ရိုးသားဖြောင့်မတ်မှုသည် နှလုံးသားမှ လာသည်ကို သိမြင်ပါ - ရိုးသားဖြောင့်မတ်သူတစ်ဦးအတွက် ပြောသမျှ၊ လုပ်သမျှ အရာတိုင်းသည် အရေးကြီး၏။ တစ်စုံတစ်ရာကို နှစ်သက်ပါသည်ဟု ပြောပြီး စိတ်ထဲမှနေ၍ မုန်းနေခြင်းမျိုးကို ရိုးသားဖြောင့်မတ်သည်ဟု မဆိုနိုင်ပါ။ စိတ်ထဲ၌ မုန်းတီးနေသူတစ်ဦးကို ထုတ်ဖော်ချီးကျူးခြင်းမျိုးကိုလည်း ရိုးသားဖြောင့်မတ်သည်ဟု မဆိုနိုင်ပါ။ နောင်တွင် လက်တုံ့ပြန်ရန် ရည်ရွယ်ထားပြီး ခွင့်လွှတ်သည့်ပုံ ဖမ်းခြင်းမျိုးကလည်း မရိုးသားမဖြောင့်မတ်ပါ။ အရှိအတိုင်းကို ထုတ်ဖော်ပြသခြင်းသည်သာ ရိုးသားဖြောင့်မတ်သူ မည်ပေသည်။
အစစ်အမှန် ဖြစ်ပါစေ - အခြားသူများရှေ့မှောက်၌ ပြုလုပ်သလိုမျိုးပင် မိမိတစ်ဦးတည်း ရှိသည့်အခါ၌လည်း ပြုမူခြင်းမျိုးသည် ရိုးသားဖြောင့်မတ်သူတစ်ဦးဖြစ်ရန် နည်းလမ်းတစ်ရပ် ဖြစ်သည်။ မိမိအစစ်အမှန် မဟုတ်ဘဲ အခြားသူများ မိမိကို မြင်စေလိုသည့်အတိုင်း တမင်ကြိုးစားနေခြင်းသည် ရိုးသားဖြောင့်မတ်မှု မဟုတ်ပါ။ မိမိအစစ်အမှန် မဟုတ်သည့်ပုံစံကို အခြားသူများ ထင်မြင်သွားစေရန်အတွက် ကြိုးပမ်းခြင်းဖြင့် အချိန်များ အလဟဿ ကုန်ဆုံးရလေသည်။ မရိုးသားမဖြောင့်မတ်မှုသည် စိတ်ပင်ပန်းမှုနှင့် လူပင်ပန်းမှုတို့ကို ဖြစ်စေ၏။
ဆုလာဘ်မပါဘဲ ကောင်းမွန်စွာ လုပ်ကိုင်ပြုမူပါ - တစ်စုံတစ်ရာ ကောင်းမှုပြုခြင်းအတွက် ဆုလာဘ်ကို မျှော်ကိုးခြင်း မပြုပါနှင့်။ ပေးဆပ်ခြင်းသည်သာ မိမိအနေဖြင့် အခြားသူများအရေးကို စဉ်းစားပေးကြောင်း မိမိအစစ်အမှန်ကို ဖော်ထုတ်ပြသမှု ဖြစ်သည်။ မိမိ၏ ထင်မြင်ချက်နှင့် ခံစားမှုအစစ်အမှန်ကို အခြားသူများ သိသာစေခြင်းသည် ရိုးသားဖြောင့်မတ်သူတစ်ဦးဖြစ်လာရန် အခွင့်အလမ်းတစ်ရပ် ဖြစ်သည်။
အပြုသဘောဆောင်သည့် ခံယူချက်များ ထားရှိပါ - ရိုးသားဖြောင့်မတ်သူတစ်ဦး ဖြစ်လိုပါက မိမိကိုယ်တိုင်အပြင် အခြားသူများနှင့်ပတ်သက်သော အနေအထားများ၌ အကောင်းကိုသာ ရှာဖွေသင့်သည်။ မိမိကိုယ်တိုင် အခြားသူတစ်ဦး၏ နေရာ၌ဝင်၍ စဉ်းစားကြည့်သည့် ကိုယ်ချင်းစာတရားလည်း လိုအပ်သည်။ အပျက်သဘောဆောင်မှုများ ထွက်ပေါ်လာပါကလည်း အပြုသဘောဆောင်သည့် ခံယူချက်များဖြင့် ကျော်လွှားနိုင်ရန် ကြိုးစားကာ မည်သည့်အနေအထား၌မဆို ပို၍ကောင်းမွန်နိုင်သည့်နည်းလမ်းကို ရှာဖွေပါ။
မှန်သောစကားကိုသာ ဆိုပါ - အနေအထားတစ်ရပ်၌ ကျရောက်နေပါက မိမိ၏ ထင်မြင်ချက်များကို ဖော်ထုတ်ရန် သို့မဟုတ် လိုက်လျောမှုများ ပေးရန် လိုအပ်နိုင်သည်။ သို့သော် မှန်သောစကားကို ဆိုခြင်းသာလျှင် အကောင်းဆုံး ဖြစ်၏။
ရိုးသားဖြောင့်မတ်မှုသည် မိမိကိုယ်ကိုယ် လှစ်ဟပြခြင်းဖြစ်သည်ကို နားလည်ပါ - မိမိ၏ ခံစားမှုများ၊ စိတ်ကူးများနှင့် စေ့ဆော်မှုများအကြောင်း တစ်စုံတစ်ဦးအား ထုတ်ဖော်ပြောကြားသည့်အခါ ထိုသူအနေဖြင့် မရိုးသားမဖြောင့်မတ်သည့်နည်းလမ်းဖြင့် တုံ့ပြန်နိုင်သည်။ မိမိအနေဖြင့် ယင်းဖြစ်နိုင်ခြေကို ကြိုတင်သိရှိထားပါက တုန်လှုပ်မှု နည်းပါးလိမ့်မည် ဖြစ်သည်။ ယင်းကဲ့သို့သော တုံ့ပြန်မှုမျိုးကို ရင်ဆိုင်ရသည့်အခါ စိတ်တည်ငြိမ်စွာထားလျက် ထိပ်တိုက်မတွေ့အောင် နေထိုင်ရမည်ဖြစ်သည်။
ရုပ်ဝတ္ထုလိုအပ်ချက် နည်းပါးအောင် နေပါ - လူ့အသိုင်းအဝိုင်းအတွင်း မိမိဝန်းကျင်ကို ပို၍ အာရုံပြုရမည့်အစား စည်းစိမ်ဥစ္စာများ ပို၍တိုးပွားလာရန် ရည်ရွယ်ပြီး မိမိ၏စည်းစိမ်ဥစ္စာများအား ကာကွယ်စောင့်ရှောက်ရေးကိုသာ အာရုံပြုနေသောကြောင့် ရုပ်ဝတ္ထုလိုအပ်ချက်က ရိုးသားဖြောင့်မတ်မှုကို ဖျက်ဆီးပစ်တတ်သည်။ ရုပ်ဝတ္ထုလိုအပ်ချက် နည်းပါးအောင် နေထိုင်နည်းကို သင်ယူလျက် မိမိလူ့အဖွဲ့အစည်းကို ချစ်မြတ်နိုးစိတ်ကို မွေးမြူပါ။
တုံ့ပြန်မှုများ၌ မူရာမာယာ အပိုဆာဒါးများ မပြုပါနှင့် - ရိုးသားဖြောင့်မတ်မှုသည် အရင်းအတိုင်း၊ စိတ်ထဲရှိသည့်အတိုင်း၊ လတ်တလော ဆုံးဖြတ်ချက်အတိုင်း ပြုမူခြင်းတို့နှင့် ပတ်သက်သည်။ ပေးစာရေးခြင်း၊ အီးမေးလ်ပို့ခြင်းနှင့် မိန့်ခွန်းပြောခြင်း အစရှိသည်တို့၌ မူရာမာယာ အပိုဆားဒါးများဖြင့် အရောင်တင်ပါက ရိုးသားဖြောင့်မတ်မှု ပျောက်ကွယ်ကာ မိမိကိုယ်မိမိ စင်းလုံးချောအဖြစ် ဟန်ဆောင်ပုံဖော်သူအဖြစ်သို့သာ ကျရောက်သွားပေလိမ့်မည်။
မည်သို့ပင်ဆိုစေ ရိုးသားဖြောင့်မတ်စွာ ပြောဆိုပြုမူခြင်းသည်သာ ဘဝ၌ အကောင်းဆုံး နေထိုင်နည်း ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဒီဇင်ဘာ ၃၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်
-
ယူကရိန်းစစ်ပွဲ၌ မြောက်ကိုရီးယားစစ်သားများ ဖြန့်ကြက်မှုကို ခိုင်ခိုင်မာမာ တုံ့ပြန်မည်ဟု အမေရိကန်သတိပေး
-
မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကျင်းပ
-
ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် အိန္ဒိယနိုင်ငံမှအနုပညာရှင်များ၏ လက်ရာများကို ပြသထားသည့် ''ရာမယဏပန်းချီအနုပညာပြပွဲ" ပြုလုပ်
-
ပြိုင်ပွဲစုံ (၄) ပွဲဆက်ရှုံးနိမ့်ခဲ့သော်လည်း ပရီးမီးယားလိဂ်ချန်ပီယံဆုကို လက်မလျှော့သေးကြောင်း မန်စီးတီးနောက်ခံလူ ဒီယက်စ် ပြောကြား
-
ဘာပေသည် တစ်ကမ္ဘာလုံး၏ စောင့်ကြည့်ခြင်းကို ခံနေရပြီး ဖြစ်ရပ်တိုင်းအတွက် အပြောခံရနေရသည်မှာ မလွယ်ကြောင်း ပြင်သစ်နောက်ခံကစားသမား ကိုနာတေး ပြောကြား