ကပ်ရောဂါရဲ့ ရိုက်ခတ်မှုကြောင့် ကမ္ဘာတစ်လွှားမှာရှိတဲ့ စီးပွားရေးလုပ်ငန်း အတော်များများ ထိခိုက်လာပြီးတော့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရပါပြီ။ မြန်မာနိုင်ငံမှာ ကာလရှည်ကြာလာတဲ့ ကပ်ရောဂါကြောင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ စီးပွားရေး ထိခိုက်ခဲ့တဲ့ လုပ်ငန်း ခြောက်ထောင်ကျော်အတွက် ချေးငွေကျပ် ၁၆၀ ဘီလျံကျော် ထုတ်ချေးထားရတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းရဲ့ ပြောကြားချက်အရ သိရပါတယ်။
စီးပွားရေး အကျပ်အတည်းတွေ ပြန်လည် ဦးမော့လာနိုင်ဖို့ ယခင်လို လုပ်ငန်းတွေကို ပြန်လည် လည်ပတ်နိုင်ဖို့ COVID-19 ကာကွယ်ဆေးကို မျှော်လင့်နေကြရပါတယ်။ အလားတူ ကိုဗစ်နှင့် အတူယှဉ်တွဲနေထိုင်ပြီး လုပ်ငန်းတွေ ပြန်လည် လည်ပတ်လာနိုင်ဖို့ကိုလည်း ပြင်ဆင်နေကြပါပြီ။ ကိုဗစ် ဒုတိယလှိုင်းမှာတော့ စီးပွားရေးလုပ်ငန်း တော်တော်များများဟာ နာလန်မထူနိုင်အောင် ကျဆင်းခဲ့ရပြီး အပြီးပိတ်သိမ်းလိုက်ရတဲ့ စီးပွားရေး လုပ်ငန်းတွေဟာလည်း တိုးပွားလာပါတယ်။
ထိခိုက်လာတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့အတူ အလုပ်လက်မဲ့ လူဦးရေဟာလည်း တိုးပွားလာပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီကနေ လက်ရှိအချိန်အထိ ရန်ကုန်တိုင်းအတွင်းမှာ စက်ရုံ ပိတ်သိမ်းတာတွေ၊ ယာယီ ပိတ်သိမ်းတာတွေနဲ့ အလုပ်သမားအင်အား လျှော့ချခဲ့တဲ့ စက်ရုံ၊ အလုပ်ရုံ ၂၆၀ ကျော်ရှိပြီးတော့ အလုပ်သမား ခြောက်သောင်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။
“ယာယီပိတ်တဲ့ စက်ရုံက ၁၉ ရုံ၊ အပြီးပိတ်တာက ၇၀၊ အင်အားလျှော့တာက ၁၇၀ ဖြစ်ပါတယ်။ အဲဒါက ဇန်နဝါရီ ၁ ရက်ကစပြီးတော့ ဒီဇင်ဘာလလယ်အထိ ဖြစ်ပါတယ်။ အများစုက ကုန်ကြမ်းပေး၊ ကုန်ချောယူ လုပ်ငန်းတွေ များတယ်။ ပါဝင်သွားတဲ့ လုပ်သားဦးရေက ၆၅၇၀၇ ဦး ရှိပါတယ်” လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စီးပွားရေး အကျပ်အတည်းတွေကို အဆိုးဆုံး ရင်ဆိုင်နေကြရသူတွေကတော့ အခြေခံလူတန်းစားတွေပဲ ဖြစ်ပါတယ်။ လက်လုပ်လက်စား နေ့စား အလုပ်သမားတွေဟာ နေ့စဉ်ဝင်ငွေ မရှိတော့တဲ့အတွက် စားဝတ်နေရေး ကျပ်တည်းလာကြပါတယ်။ ယခင်က တင်းကျပ်တဲ့ Lockdown စည်းကမ်း သတ်မှတ်ချက်တွေကြောင့် အခြေခံလူတန်းစားတွေဟာ အိမ်လ ခမပေးနိုင်တာတွေ၊ ကျန်းမာရေးကုသစရိတ် မတတ်နိုင်ကြတာတွေ၊ စားရေးသောက်ရေး အခက်ကြုံလာတာတွေကို အံကြိတ်ခံခဲ့ရပြီးတော့ ယခုအခါမှာတော့ စည်းကမ်း သတ်မှတ်ချက်တွေကို လွန်ဆန်ဖို့ စဉ်းစားလာကြပါတယ်။
“အရင်ကတော့ အိမ်ထဲက အိမ်ပြင် မထွက်ရဘူးဆိုတော့ ကျွန်တော်တို့ မထွက်ကြဘူး။ အဲဒီတုန်းကတော့ ရပ်ကွက်ထဲ ပိုက်ဆံတတ်နိုင်တဲ့သူတွေက လှူကြတယ်။ ရွေးကောက်ပွဲ ကာလတုန်းကလည်း တချို့ပါတီတွေက လာလှူကြတယ်လေ။ အဲဒီတုန်းကတော့ နည်းနည်း အဆင်ပြေသေးတယ်။ အခုကျတော့ လာလှူတဲ့သူတွေလည်း ရှားလာတယ်။ ကျွန်တော်က ပန်းရံလုပ်တယ်။ ဆိုက်ကားနင်းတယ်။ ကိုဗစ် ဒုတိယအကြိမ် ထပ်ဖြစ်တော့ ဆိုက်ကားလေး ပေါင်လိုက်ရတယ်။ အပြင်လည်း မထွက်ရတော့ ပေါင်လိုက်တာ။ အခုအပေါင်ဆုံးသွားပြီ။ အဲဒီတော့ နေ့စဉ် ဘာအလုပ်လေးများရမလဲ လိုက်ရှာရတယ်။ မိသားစုဝင်က လေးယောက် ရှိတယ်။ အပြင်မထွက်လို့ကတော့ ငတ်ပြီးသေဖို့ပဲ ရှိတော့တယ်”လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင်တဲ့ ဦးဝင်းဗိုလ်က ပြောပါတယ်။
နေ့စဉ် စားဝတ်နေရေး အဆင်မပြေမှုတွေ၊ ကျန်းမာရေးပြဿနာတွေကနေ လူမှုရေးဆိုင်ရာ ပြဿနာတွေဆီကို တစ်နေ့ထက် တစ်နေ့ ဦးတည်လာနေပါတယ်။ စီးပွားရေး အဆင်ပြေတဲ့သူတွေအတွက် ကပ်ရောဂါကာလမှာ စိတ်ထွက်ပေါက်တွေ အများအပြားရှိပေမဲ့ အခြေခံလူတန်းစားတွေအတွက်တော့ မွန်းကျပ်မှုတွေနဲ့သာ နေ့စဉ် ရင်ဆိုင်နေကြရပါတယ်။ အဲဒီလို စိတ်မွန်းကျပ်မှုတွေကို ကြာကြာထိန်းမထားနိုင်တဲ့ အချိန်မှာတော့ ပြစ်မှုတွေ စတင်ဖြစ်ပေါ် လာပါတော့တယ်။
မိသားစု စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဆင်မပြေမှုတွေကနေ စိတ်ဓာတ်ကျဆင်းမှုတွေ ဖြစ်ပေါ်လာပြီး လူမှုပတ်ဝန်းကျင်မှာ မလိုလားအပ်တဲ့ ပြဿနာပေါင်းစုံ ဖြစ်ပွားနိုင်ပါတယ်။ အဲဒီလိုပြဿနာတွေကြောင့် စိတ်ထွက်ပေါက် ပိတ်နေရာကနေ သက်သာစေဖို့ အရက်သေစာ သောက်စားတာတွေရှိလာပြီး ကျူးလွန်လာတဲ့ ရာဇဝတ်မှုတွေဟာလည်း အများအပြားရှိနေပါတယ်။
လူမှုကွန်ရက်စာမျက်နှာတွေမှာ နေ့စဉ် လုယက်မှုတွေ၊ ခြိမ်းခြောက် ငွေတောင်းခံမှုတွေ၊ လူသတ်မှုတွေ အများအပြား တွေ့မြင်လာရပါတယ်။ ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေဖြစ်တဲ့ Yangon Police ၊ ရဲဇာနည် စတဲ့ Facebook Page တွေအပြင် အခြားသော လူမှုကွန်ရက် စာမျက်နှာတွေပါ ရာဇဝတ်မှုတွေကို တွေ့မြင်လာရပြီးတော့ ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေလည်း ရှိလာကြပါတယ်။
“တစ်နေ့တစ်နေ့ ကြားနေရတာ စိတ်မချမ်းသာစရာတွေချည်းပဲ။ လုယက်မှုတွေက ဟိုနေရာဖြစ်လိုက် ဒီနေရာမှာဖြစ်လိုက်နဲ့။ လူတွေက ထမင်းငတ်လာတော့ လုပ်ရဲကိုင်ရဲ ရှိလာတဲ့ သဘောလည်းဖြစ်မှာပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေကလည်း ရှားလာတယ်လေ။ ကျွန်တော်ကိုယ်တိုင်လည်း ရဲအရာရှိ ဖြစ်ခဲ့ဖူးတော့ ဒီလိုမှုခင်းမျိုးတွေ ကိုင်တွယ်ခဲ့ဖူးတယ်။ အများဆုံးကတော့ ငတ်လို့ ရာဇဝတ်မှု ကျူးလွန်ကြတာ။ စီးပွားရေး အဆင်မပြေရင်တော့ လူမှုရေးပြဿနာတွေ ရှိလာမှာဘဲ။ အဲဒီနောက်မှာ စိတ်ရဲ့ စေ့ဆော်မှုအရ ပြစ်မှုဆိုတာ ဖြစ်လာတာ။ ရာဇဝတ်ဘေးကတော့ ပြေးမလွတ်ဘူးဆိုတဲ့အတိုင်း ပြစ်ဒဏ်ကျခံရမှာပေါ့”ဟု အငြိမ်းစား ရဲအရာရှိတစ်ဦးဖြစ်သူ ဦးထွန်းသန်းက အခုလို သုံးသပ်ပြောဆိုပါတယ်။
ဒီဇင်ဘာ ၁ ရက် ည ၈ နာရီခွဲခန့်မှာ ကမာရွတ်မြို့နယ် (၄) ရပ်ကွက် ကွမ်းခြံ (၆) လမ်းမှာ ညီဖြစ်တဲ့သူက ဖခင်နဲ့ အစ်ကိုဖြစ်သူကို သတ်ခဲ့တဲ့ နှစ်လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်။ လူသတ်မှု ဖြစ်ပွားတဲ့ အကြောင်းရင်းကတော့ ငွေကြေးအဆင်မပြေမှုကနေ စတင်ခဲ့တာလို့ သိရပါတယ်။ ညီဖြစ်သူက ဖခင်ထံမှာ ငွေသွားရောက် တောင်းရာကနေ ဖခင်ဖြစ်သူက မပေးနိုင်တဲ့အတွက် “မျက်နှာလိုက်တယ် အဖေ့ သားကြီးဖြစ်တဲ့ မင်းမင်းကို မျက်နှာသာပေးတယ်”ဆိုပြီး ဖခင်ဖြစ်သူကို လက်ကိုင်ရိုးတပ် စတီးဓားဦးချွန်နဲ့ ထိုးသတ်ခဲ့ပါတယ်။ အဲဒီနောက် ဇောတိကလမ်းထောင့်မှာ အရက်ထိုင်သောက်နေတဲ့ အစ်ကိုဖြစ်သူထံကို သွားရောက်ပြီးတော့ ထပ်မံပြီး ဓားနဲ့ ထိုးသတ်ခဲ့ပြန်ပါတယ်။
“အဲဒီဖြစ်စဉ်မှာဆို ငွေကြေးပြဿနာကြောင့်ဆိုတာ အထင်အရှားပဲ။ ပိုက်ဆံမရရင် မဖြစ်ဘူးဆိုတာ သိတဲ့အချိန်မှာ စိတ်က လွတ်သွားပြီ။ ဘာမဆိုလုပ်တော့မှာ။ စဉ်းစားကြည့်ရင် အဖေအရင်းကိုတောင် သတ်သွားတယ်ဆိုတော့ သူ့မှာ ငွေကြေးပြဿနာက ကြီးကြီးမားမားကို ရှိနေတာ။ အတတ်နိုင်ဆုံး စိတ်အေးအေးထားဖို့ လိုတယ်။ သေချာဖြေရှင်းဖို့လိုတယ်။ အကြံဉာဏ်တောင်းသင့် တောင်းရမယ်။ စိတ်အခြေအနေ တင်းကျပ်လာပြီး မထိန်းချုပ်နိုင်တော့ရင် ဘယ်ရာဇဝတ်မှုမဆို ဖြစ်လာနိုင်တယ်”လို့ အငြိမ်းစား ရဲအရာရှိ ဦးထွန်းသန်းက ဆက်လက် ပြောဆိုပါတယ်။
အလားတူ ဒီဇင်ဘာ ၇ ရက် ညပိုင်းမှာ အလုပ်ကပြန်လာတဲ့ လင်မယားနှစ်ဦးကို အမျိုးသားနှစ်ဦးက ခြိမ်းခြောက်လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။ လင်မယား နှစ်ဦးအနက် ခင်ပွန်းဖြစ်သူကို ဓားနဲ့ခုတ်ပြီး ဇနီးဖြစ်သူကို ဓားထောက်ကာ အဓမ္မပြုကျင့်ခဲ့ပါတယ်။ အမျိုးသား နှစ်ဦးအနက် တစ်ဦးက အဓမ္မပြုကျင့်ခဲ့ပြီး နောက်တစ်ဦးက ထပ်မံပြုကျင့်ဖို့ ကြံစည်နေချိန်မှာ ရပ်ကွက်အတွင်းက ဆိုင်ကယ်မီးရောင်ကြောင့် အမျိုးသားနှစ်ဦး ထွက်ပြေးသွားခဲ့ပါတယ်။ ကျူးလွန်သူတွေကိုတော့ ပုဒ်မ ငါးခုနဲ့ အမှုဖွင့် အရေးယူထားပါ တယ်။
“ကျွန်တော်တို့ကတော့ အမှုအခင်းတွေ လျော့နည်းအောင် ကြိုးစားပြီး လုပ်ဆောင်နေပါတယ်။ အခုဆို ည ၁၂ နာရီ အပြင်မထွက်ရအမိန့်ကြောင့် ညပိုင်း ပြစ်မှုကျူးလွန်မှုတွေကို ထိန်းထားနိုင်တယ် ပြောရမှာပေါ့။ အပြင်ထွက်ရင်လည်း ထွက်တဲ့သူကို အရေးယူတယ်။ ပြစ်မှုကျူးလွန်တဲ့ သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူတာတွေ လုပ်ဆောင်နေပါတယ်”လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ရဲအရာရှိတစ်ဦး က ဆိုပါတယ်။
COVID-19 ကာလမှာ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် အစိုးရက ထောက်ပံ့ကြေး ကျပ်လေးသောင်း ပေးဆောင်ရာက နေ ထောက်ပံ့ကြေး အပြည့်အဝ မရရှိတာတွေကြောင့် ပြစ်မှုကျူးလွန်တာတွေလည်း အများအပြားရှိပါတယ်။ ထောက်ပံ့ကြေး မရရှိတာကြောင့် ညမထွက်ရအမိန့်ကို ချိုးဖောက်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ စုဝေးတောင်းဆိုမှုတွေ ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ရှိခဲ့ပါတယ်။
အဲဒီလိုဖြစ်စဉ်တွေအနက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ထောက်ပံ့ကြေး ထုတ်ယူရန် စလစ်မရရှိတဲ့ကိစ္စနဲ့ ပတ်သက် ပြီး ဆယ်အိမ်မှူးကို ဓားရှည်နဲ့ခုတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်ကတော့ နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းမှာ ထောက်ပံ့ကြေး ထုတ်ယူရန် စလစ်ပြားများကို ဆယ်အိမ်မှူးက လိုက်လံဝေငှနေစဉ်မှာ အမျိုးသားတစ်ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး “ခင်ဗျားတို့တွေ စာရင်း ခဏခဏ ကောက်နေတာပဲ။ ကျုပ်လည်း တစ်ခါမှမရဘူး”လို့ ပြောဆိုကာ အသင့်ပါလာတဲ့ ဓားရှည်နဲ့ခုတ်မှု ဖြစ်ခဲ့ပါတယ်။
အလားတူ ထောက်ပံ့ကြေး လေးသောင်း မရရှိတဲ့သူတွေကို စာရင်းလိုက်လံ ကောက်ခံကာ ဦးဆောင် တိုင်ကြားသူတစ်ဦးကို လူတစ်စုက လက်သီးနဲ့ထိုး လေးခွနဲ့ပစ် သံတုတ်နဲ့ရိုက်ပြီး ရဲတင်းဖြင့်ခုတ်မှု နိုဝင်ဘာ ၂၂ ရက်က မှော်ဘီမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။
အခုလို စီးပွားရေး အခက်အခဲတွေကနေ ရာဇဝတ်မှု ကျူးလွန်လာတာတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ် မြင်တွေ့နေရပါတယ်။ စိတ်ဓာတ်ကျဆင်းမှုတွေ နဲ့ လူမှုရေးပြဿနာတွေကဆီက ရှောင်လွှဲဖို့ ကိုယ့် ကိုယ်ကိုယ် အဆုံးစီရင်ကြတဲ့ သေမှုသေခင်းတွေဟာလည်း ပိုမိုပြီးတော့ များပြားလာနေပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ဟာ COVID-19 ရောဂါအပြင် စီးပွားရေး အခက်အခဲ လူမှုရေးပြဿနာပေါင်းစုံ စတာတွေကို ရင်ဆိုင်နေကြရပါပြီ။ အဲဒါကြောင့် ကျွန်တော်တို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာ ဘယ်လိုရာဇဝတ်မှုမျိုးမဆို အချိန်မရွေး ဖြစ်ပွားနိုင်ပြီး ကျွန်တော်တို့ ကိုယ်တိုင်ဟာလည်း ရာဇဝတ်မှုရဲ့ သားကောင်တွေ ဖြစ်သွားနိုင် ပါတယ်။ အစိုးရအနေနဲ့လည်း အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေး အခက်အခဲ ပြေလည်စေဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်နိုင်ဖို့ အကောင်အထည်ဖော်ပေးဖို့ အလွန်အရေးကြီးပြီး အမြန်ဆုံးလုပ်ဆောင်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
-
မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး အား (၃၅) ကြိမ်မြောက် မသိုးမြတ်သင်္ကန်းတော် ရက်လုပ်ကပ်ပူဇော်
-
ရန်ကုန်ဗုဒ္ဓတက္ကသိုလ်တွင် Eleven Media Group မိသားစုက ခုနစ်ကြိမ်မြောက် ကထိန်အလှူတော် ပြုလုပ်
-
■ ဘွန်ဒစ်လီဂါကလပ် ဆန့်ပေါ်လီအသင်း လူမှုကွန်ရက် X မှ နုတ်ထွက်
-
■ မန်ယူတိုက်စစ်မှူးဟောင်း ဖော်လန် ဥရုဂွေးအိုးပင်း ပရိုတင်းနစ်ပြိုင်ပွဲ အဖွင့်ပွဲစဉ်တွင် ရှုံးပွဲကြုံတွေ့
-
■ ကူဒူစ်ကို အနည်းဆုံးပေါင်(၈၅)သန်းရမှ ဝက်စ်ဟမ်းအသင်း ရောင်းမည်