Top News

ကိုရိုနာဗိုင်းရပ်စ်သည် ဓာတ်ခွဲခန်းမှထွက်ပေါ်လာသည်ဟူသော အယူအဆကို အတည်ပြုရန် လေ့လာမှုများ ထပ်မံလုပ်ဆောင်ရန် လိုအပ်ဟု WHO အကြံပေးပညာရှင်များက ထုတ်ပြန်
24htopnews | November 6, 2024 4:12 PM CST

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါသည် ဓာတ်ခွဲခန်းမှ ထွက်လာခြင်း ဟုတ်မဟုတ် ဆိုသည်ကို နောက်ထပ်လေ့လာမှုများပြုလုပ်ရန် လိုအပ်မည်ဟု ကိုဗစ်ဇာတ်မြစ်ကို ဆက်လက်စုံစမ်းစစ်ဆေးခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ကို အကြံပေးနေသော သိပ္ပံပညာရှင်များက ဇွန်လ ၉ ရက်တွင် ဖော်ပြခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ဇာစ်မြစ်ဆိုင်ရာ သိပ္ပံအကြံပေးအဖွဲ့ဟု ခေါ်သည့် (SAGO) အဖွဲ့၏ ကနဦး အစီရင်ခံစာတွင် နှစ်တစ်ရာအတွင်း အဆိုးရွားဆုံးကမ္ဘာ့ကပ်ရောဂါဖြစ်ပွားရခြင်း နောက်ကွယ်၌  ဗိုင်းရပ်စ်ဇာစ်မြစ်နှင့် သက်ဆိုင်သည့် ခိုင်လုံသောတွေ့ရှိချက်များကို မတွေ့ရဟု ဖော်ပြထားသည်။

ကပ်ရောဂါများ သို့မဟုတ် ကူးစက်ရောဂါများဖြစ်ပွားစေနိုင်သည့် ဗိုင်းရပ်စ်သစ်များကို လေ့လာမှုများပြုလုပ်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာမူဘောင်သစ်တစ်ရပ် ပြုစုပေးရန် ပညာရှင် ၂၇ ဦး ပါဝင်သောအဖွဲ့ကို လွန်ခဲ့သော နှစ်တွင် WHO က ဖွဲ့စည်းပေးခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ဖြစ်စေသော SARS CoV-2 ဗိုင်းရပ်စ်၏ ဇာတ်မြစ်ကို အခက်အခဲများကြားမှ စုံစမ်းစစ်ဆေးရာတွင် ရှေ့ဆက်ဆောင်ရွက်ရမည့် နည်းလမ်းနှင့် ပတ်သက်၍ သီးခြားလွတ်လပ်သော စစ်ဆေး အကဲဖြတ်မှုပြုလုပ်ရန် ထိုအဖွဲ့ကို တာဝန်ပေးအပ်ထားသည်။

“ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဘယ်လိုပေါ် လာသလဲဆိုတာကို ပြည့်ပြည့်ဝဝနားလည်ရေးအတွက် မရနိုင်သေးတဲ့ အရေးပါတဲ့ အချက်အလက်တွေရှိနေပါတယ်”ဟု အစီရင် ခံစာတွင် ဖော်ပြထားပြီး မိမိတို့၏ အသိပညာ နယ်ပယ်တွင်ဖြစ်ပေါ်နေသော ကွာဟချက်အချို့နှင့်ပတ်သက်၍ လိုက်လံဆောင်ရွက်ရန် နောက်ထပ်လေ့လာချက်အများအပြားကို လုပ်ဆောင်ရန် လိုအပ်နေသည်ဟု ဖော်ပြခဲ့သည်။

ပညာရှင်များသည် လွန်ခဲ့သောနှစ်က ဆောင်ရွက်ခဲ့သည့် WHO နှင့် တရုတ်သိပ္ပံဆိုင်ရာမစ်ရှင်၏ ပူးတွဲတွေ့ရှိချက်များသာမက မကြာခင်က ထုတ်ပြန်ခဲ့သော လေ့လာ ချက်များနှင့် ထုတ်ပြန်ခြင်းမပြုရသေးသော လေ့လာချက်များအပါအဝင် လက်တလော လုပ်ဆောင်နေသည့် သုတေသနများကို လေ့လာဆန်းစစ်ခဲ့ကြသည်။

ဗိုင်းရပ်စ်သည် ကြားခံသတ္တဝါဖြစ်သည့် လင်းနို့များမှ လူထံကူးစက်သည့်  zoonotic transmission(တိရစ္ဆာန်တွင်ဖြစ်သောရောဂါ  လူကိုကူးစက်ခြင်း)ဖြစ်ရန် အလားအလာများကြောင်း ပူးတွဲမစ်ရှင်ကတွေ့ရှိခဲ့သည့် တွေ့ရှိချက်ကို ပညာရှင်များက ထောက်ခံထားပုံရသည်။

သို့ရာတွင် တိရစ္ဆာန်မှ တစ်ဆင့် လူကို ကူးစက်ရာ၌ ဗိုင်းရပ်စ်ကိုမူလလက်ခံကောင်နှင့်ပတ်သက်၍ ထုတ်ဖော် နိုင်ခြင်း မရှိသေးသော်လည်း “အခိုင်မာဆုံးအထောက်အထားကတော့ zoonotic transmission  ဖြစ်နေဆဲလို့ဆိုရမှာဖြစ်ပါတယ်”ဟု SAGO ဥက္ကဋ္ဌမာရတ်ဂျီဗန်တာက သတင်းထောက်များကိုပြောကြားခဲ့သည်။

ပူးတွဲမစ်ရှင်အနေဖြင့် ဓာတ်ခွဲခန်းမတော်တဆမှုကြောင့် ဗိုင်းရပ်စ်ထွက်လာနိုင်စရာရှိသည်ဆိုသော အပြိုင်သီအိုရီမှာ ဖြစ်နိုင်ခြေနည်းလွန်းနေသည်ဟု ယူဆထားပြီး အဆိုပါအယူအဆကို ထပ်မံစုံစမ်းစစ်ဆေးခြင်းမပြုရန် အဆိုပြုထားသည်ဟု SAGO အဖွဲ့က ဖော်ပြထားသည်။ SAGO ကမူ ထိုပြဿနာကို ထပ်မံလေ့လာရန် လိုအပ်မည်ဟု ဆိုသည်။    


READ NEXT
Cancel OK