မြောက်ကိုရီးယားသည် ဆင်းရဲမွဲတေသည့် ၎င်း၏ နိုင်ငံသားအားလုံးအတွက် COVID-19 ကာကွယ်ဆေးများဝယ်ယူရန်လုံလောက်သည့် ငွေကြေးပမာဏဖြစ်သည့် ဒေါ်လာ သန်း ၆၅၀ ခန့်ကို ယခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် ဒုံးကျည်စမ်းသပ်မှုများအတွက် အသုံးပြုခဲ့သည်ဟု တောင်ကိုရီးယားအစိုးရ နှင့် ပေါင်းစည်းထားသည့် ဆိုးလ်မြို့တော်အခြေစိုက် ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့က ဇွန် ၉ ရက်တွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်မှု ၁၈ ကြိမ်ခန့် စံချိန်တင်ပြုလုပ်ခဲ့ပြီး မေလအတွင်းက ၎င်းနိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုများရှိနေကြောင်း အတည်ပြုခဲ့ပြီး ဖျားနာသူပေါင်း လေးသန်းကျော်ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည့်တိုင် ဒုံးကျည်ပစ်လွှတ်မှုများကို ဆက်လက်လုပ်ဆောင်ခဲ့သည်။
ကင်ဂျုံအွန်၏ အစိုးရအဖွဲ့သည် ယခု နှစ်အတွင်း ပစ်လွှတ်ခဲ့သည့် ဒုံးကျည် ၃၃ စင်းအတွက် ထုတ်လုပ်မှုနှင့် စမ်းသပ်မှုများ အတွက် ဒေါ်လာ သန်း ၄၀၀ မှ သန်း ၆၅၀ အကြား သုံးစွဲခဲ့သည်ဟု ခန့်မှန်းရကြောင်း ကာကွယ်ရေး သရုပ်ခွဲမှုဆိုင်ရာ ကိုရီးယားအင်စတီကျု၏ ထုတ်ပြန်ချက်အရ သိရသည်။
ယင်းငွေကြေးပမာဏသည် ယခုနှစ်အတွင်း စားနပ်ရိက္ခာပြတ်လပ်မှုများအတွက် ဖြည့်တင်းရန် သို့မဟုတ် မြောက်ကိုရီးယား နိုင်ငံသားအားလုံးအတွက် COVID-19 ကာကွယ်ဆေး တစ်ကြိမ်စီထိုးနှံပေးရန် လုံလောက်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ မြောက်ကိုရီးယားသည် စားနပ်ရိက္ခာ ပြတ်လပ်မှုဖြင့် ရုန်းကန်နေရချိန်တွင် ၎င်း၏ လက်နက်စီမံကိန်းများကြောင့် နိုင်ငံတကာ၏ တင်းကျပ်သည့် ပိတ်ဆို့မှုများနှင့် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၎င်းင်း၏နယ်စပ်များ ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကတည်းက ပိတ်ခဲ့ရသည့် အခြေအနေတို့သည် စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။
မြောက်ကိုရီးယား၏ လူသိများသော နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရာနေရာဖြစ်သည့် Punggye-ri တွင် မကြာမီ နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်လာနိုင်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယား အရာရှိများက သီတင်းပတ်များစွာကြာ သတိပေးခဲ့သည်။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီ ရှာမန်ကမူ မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်မည်ဆိုပါက အမေရိကန်၊ တောင်ကိုရီးယားနှင့် အခြားကမ္ဘာ့နိုင်ငံများက ပြင်းပြင်းထန်ထန်နှင့် ပြတ်ပြတ်သားသား တုံ့ပြန်ကြလိမ့်မည်ဖြစ်ကြောင်း ဇွန် ၇ ရက်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ကိုဗစ်ကို ထိိန်းချုပ်နိုင်ပြီဟု ထုတ်ပြန်ခဲ့သော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကမူ မြောက်ကိုရီးယား၏ ကပ်ရောဂါအခြေအနေမှာ ပိုမိုဆိုးရွားလာသည်ဟု ယူဆရကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။ “အခြေအနေဟာ ပိုကောင်းမလာဘဲ ပိုမိုဆိုးရွားနေတယ်လို့ ကျွန်တော်တို့ယူဆပါတယ်”ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။ သတင်းအချက်အလက်များ လျှို့ဝှက်တတ်သော မြောက်ကိုရီးယားက အလွန်ကန့်သတ်ထားသော သတင်းအချက်အလက်များကိုသာပေးသည်ဟု WHO အရေးပေါ်ရောဂါများဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ်ရိုင်ယန်က ပြောကြားခဲ့သည်။
-
ကျူဟိုင်းလေကြောင်းပြပွဲကြီးတွင် ရေဒါရှောင်နိုင်သော တိုက်လေယာဉ်သစ် J-35A နှင့် တိုက်ခိုက်ရေး ဒရုန်းများကို တရုတ်နိုင်ငံက ထုတ်ဖော်ပြသ
-
နစကဥက္ကဋ္ဌ၏ တရုတ်ခရီးစဉ်အတွင်း ကားကုမ္ပဏီများ၊ ဒရုန်းကုမ္ပဏီနှင့် ဆက်သွယ်ရေးနည်းပညာ ကုမ္ပဏီ အပါအဝင် စက်ရုံ၊ အလုပ်များသို့ သွားရောက်လေ့လာခဲ့
-
ဂွါဒီယိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် ဆက်သွယ်ခြင်းမရှိဟု ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ငြင်းဆန်
-
■ နည်းပြသစ် အာမိုရင်မ် မန်ယူအသင်းသို့ ရောက်ရှိလာခဲ့ပြီး နစ္စတယ်ရွိုင်းအပါအဝင် အခြားနည်းပြအဖွဲ့ဝင်များ မန်ယူအသင်းနှင့် လမ်းခွဲ
-
■ ရိုးမားအသင်း နည်းပြသစ်အဖြစ် မန်ချီနီ၊ လမ်းပတ်၊ ပေါ်လိုဆိုဆာနှင့် တယ်ဇစ်တို့ ရေပန်းစားနေ