Top News

ဒေသခံအားလုံးကို ကိုဗစ်စစ်ဆေးရန် ရှန်ဟိုင်းမြို့ရှိ လူဦးရေ ၂.၇ သန်း နေထိုင်သည့် အရပ်ဒေသတစ်ခုကို လော့ဒေါင်းချမည်ဟု တရုတ်အာဏာပိုင်များ ပြောကြား
24htopnews | November 6, 2024 4:12 PM CST

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ လူဦးရေ ၂.၇ သန်း နေထိုင်သော အရပ်ဒေသတစ်ခုတွင် လူအများအပြားကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးရန်အတွက် ဇွန် ၁၁ ရက်၌ လော့ဒေါင်းချထားမည်ဟု ရှန်ဟိုင်းမြို့အာဏာပိုင်များက ကြေညာခဲ့သည်။

တရုတ်နိုင်ငံ၏ အဓိက မြို့ကြီးတစ်မြို့ ဖြစ်သော လူဦးရေ ၂၅ သန်း နေထိုင်ရာ ရှန်ဟိုင်းမြို့တွင် နှစ်နှစ်အတွင်း အဆိုးရွားဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကို ထိန်းချုပ်သည့်အနေဖြင့် မတ်လမှစတင်ကာ မြို့နေလူ ဦးရေ အများစုကို နေအိမ်၌သာ နေထိုင်ကြရန် ညွှန်ကြားခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်ထဲတွင် ကန့်သတ်ချက် အများစုကို အာဏာပိုင်များက ဖြေလျှော့ပေးခဲ့သည်။

သို့ရာတွင် လော့ဒေါင်းသတ်မှတ်မှုကို အပြည့်အဝ ရုပ်သိမ်းခဲ့ခြင်း မဟုတ်ဘဲ တရုတ်၏ အကြီးဆုံးမြို့ဖြစ်သော ရှန်ဟိုင်းမြို့မှ သိန်းနှင့်ချီသည့် မြို့ခံများကို ၎င်းတို့၏ နေအိမ်များ၊ အိမ်ရာအဆောက်အအုံဝင်းများ၌သာ နေထိုင်ရန် ညွှန်ကြားချက်အသစ်များ ထုတ်ပြန်ကာ ကန့်သတ်ထားဆဲဖြစ်သည်။

လူဦးရေ ၂.၇ သန်း နေထိုင်ရာ မင်ဟန် အရပ်ဒေသတွင် ဒေသခံအားလုံးကို ဆေးစစ်မည်ဖြစ်သည့်အတွက် ဇွန် ၁၁ ရက် နံနက်ပိုင်း တွင် လော့ဒေါင်းချထားမည်ဖြစ်ကြောင်း ဒေသန္တရ အာဏာပိုင်များက ဇွန် ၉ ရက်တွင် ကြေညာခဲ့သည်။

ဓာတ်ခွဲနမူနာများ ရယူပြီးနောက်တွင် လော့ဒေါင်း ပြန်ရုပ်သိမ်းမည်ဟုလည်း အာဏာပိုင်များက ပြောကြားခဲ့ပြီး အချိန်နှင့် ရက်အတိအကျကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။ ဒေသခံများတွင် ရောဂါပိုး တွေ့ရှိပါက မည်သို့သော အစီအမံများ ချမှတ်သွားမည်ကိုလည်း ကြေညာချက်တွင် ဖော်ပြခဲ့ခြင်း မရှိပေ။

တရုတ်အစိုးရ၏ စည်းကမ်းတင်းကျပ်သော ကိုဗစ်ကင်းစင်ရေး ဗဟာဗျူဟာအရ ရောဂါပိုးတွေ့ရှိသူအားလုံးကို သီးသန့်ခွဲထားကာ ၎င်းတို့နှင့် အနီးကပ် ထိတွေ့မိသူများကိုလည်း ကွာရန်တင်း ထားရှိခဲ့ပြီး ထိုသို့လုပ်ဆောင်ရာတွင် အဆောက်အအုံ တစ်ခုလုံး သို့မဟုတ် ရပ်ကွက်တစ်ခုလုံး အတိုင်းအတာဖြင့် ကွာရန်တင်းဝင်စေသည့် နည်းလမ်းကို ကျင့်သုံးခဲ့သည်။

ရှန်ဟိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ပြည်တွင်း ကူးစက်သူ ကိုးဦး ထပ်မံတွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့ပြီး လော့ဒေါင်းချမည့် မင်ဟန် အရပ်ဒေသတွင်မူ ကူးစက်သူ မတွေ့ရှိခဲ့ဟု သိရသည်။

ရောဂါကူးစက်သူများ တွေ့ရှိပါက လော့ဒေါင်းကာလမှာ ဇွန် ၁၁ ရက်ထက် ကျော်လွန် သွားနိုင်သည့်အပေါ် စိုးရိမ်မှုများ ရှိလာခဲ့သည်။ မြို့၏ ကျန်နေရာဒေသများကို အဆင့်လိုက် ထပ်မံလော့ဒေါင်းချမည်ဟူသော ကောလာဟလများကို မြူနီစီပယ် အစိုးရက ငြင်းဆန်ထားသည်။ လက်ရှိတွင် ရှန်ဟိုင်းမြို့သည် ပုံမှန်လူနေမှု ဘဝသို့ တဖြည်းဖြည်း ပြန်လည် ရောက်ရှိလာပြီဖြစ်သည်။

မြို့တော် ပေကျင်းတွင်မူ ယခင်လက ဗိုင်းရပ်စ်ကူးစက်မှုများကို ထိန်းချုပ်ရန် စားသောက်ဆိုင်များ၊ အားကစားရုံများနှင့် မြေအောက်ရထား ဘူတာရုံများကို ပိတ်ထားခဲ့ပြီးနောက် ပုံမှန်အခြေအနေသို့ ပိုမိုအဆင်ပြေ ချောမွေ့စွာ ကူးပြောင်းလျက်ရှိသည်။ သို့ရာတွင် ရောဂါကူးစက်မှု အချို့သည် ဖျော်ဖြေရေးရုံ အချို့နှင့် ဆက်နွှယ်နေကြောင်း တွေ့ရှိ ရပြီးနောက် နိုက်ကလပ်များနှင့် ဘားဆိုင်များကို ပိတ်ထားလိုက်ရပြီဖြစ်သည်။


READ NEXT
Cancel OK