Top News

သီရိလင်္ကာတွင် အစိုးရပိုင် ဓာတ်အားပေးဝေရေးလုပ်ငန်းမှ အင်ဂျင်နီယာများ သပိတ်မှောက်သဖြင့် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်
24htopnews | November 6, 2024 4:12 PM CST

သီရိလင်္ကာတွင် အစိုးရ၏ စည်းမျဉ်းသစ်များကို ဆန့်ကျင်သည့်အနေဖြင့် လျှပ်စစ်ဓာတ်အားလုပ်ငန်းမှ အင်ဂျင်နီယာသမဂ္ဂတစ်ခုက သပိတ်မှောက်ခဲ့ပြီးနောက် နိုင်ငံ၏နေရာဒေသတစ်ခွင်တွင် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

သို့ဖြစ်ရာ ကြီးမားသော စီးပွားရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းနေရသည့် သီရိလင်္ကာအတွက် စိန်ခေါ်မှုများ ပိုမိုကြီးထွားလာခဲ့သည်။

သီရိလင်္ကာ၏ အဓိကဓာတ်အားပေးဝေရေး ကုမ္ပဏီဖြစ်သည့် အစိုးရပိုင် Ceylon Electricity Board (CEB) မှ အင်ဂျင်နီယာ ၁,၁၀၀ ခန့်အနက်  ၉၀၀ ခန့်က ဇွန် ၈ ရက် ညသန်းခေါင်တွင် စတင်သပိတ်မှောက်ခဲ့သည့်အတွက် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံရှစ်ရုံ၌ လည်ပတ်မှုများ ရပ်ဆိုင်းသွားခဲ့သည်။ အဆိုပါ ဓာတ်အားပေး စက်ရုံများမှ မဂ္ဂါဝပ် တစ်ထောင်ခန့် ထုတ်လုပ်ပေးနေခြင်း ဖြစ်သည်။

သီရိလင်္ကာသည် ဆယ်စုနှစ် ခုနစ်ခုအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရကာ အရန်ထားရှိသော နိုင်ငံခြားငွေကြေး ပြတ်လပ်နေသည့်အတွက် စက်သုံးဆီ၊ ဆေးဝါး၊ မြေသြဇာကဲ့သို့ မရှိမဖြစ်လိုအပ်သော  ကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းနိုင်ခြင်း မရှိတော့ဘဲ နိုင်ငံသုံးငွေကြေး တန်ဖိုးကျဆင်းမှု၊ စံချိန်တင် ငွေကြေး ဖောင်းပွမှုတို့နှင့်လည်း ရင်ဆိုင်နေရပြီး လမ်းပေါ်ထွက် ဆန္ဒပြမှုများနှင့် အစိုးရ အပြောင်းအလဲတို့လည်း ဖြစ်ပေါ်ခဲ့သည်။

မတည်ငြိမ်သော အခြေအနေများကြားတွင် သီရိလင်္ကာ အနေဖြင့် စက်သုံးဆီ တင်သွင်းရန် ဒေါ်လာ ၃.၃ ဘီလျံ၊ စားသောက်ကုန် တင်သွင်းရန် ဒေါ်လာသန်း ၉၀၀ နှင့် မြေသြ ဇာတင်သွင်းရန် ဒေါ်လာ သန်း ၆၀၀ ထပ်မံ လိုအပ်နေသည်ဟု ဝန်ကြီးချုပ် ရာနေးလ် ဝစ်ကရီမီဆင်းဟီက လွှတ်တော်သို့ ပြောကြားခဲ့သည်။ ၂၀၂၂ တွင် သီရိလင်္ကာ၏ စီးပွားရေးသည် ၃.၅ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်းလည်း ဗဟိုဘဏ်က ခန့်မှန်းထားသည်။

CEB အင်ဂျင်နီယာများ သမဂ္ဂ၏ သပိတ်မှောက်မည့် အစီအစဉ်ကို တားဆီးရန်အတွက် သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာက လျှပ်စစ်ဓာတ်အားပေးဝေမှုသည် မရှိမဖြစ်လိုအပ်သော လုပ်ငန်းဖြစ်ကြောင်း ဇွန် ၈ ရက်နှောင်းပိုင်းတွင် အစိုးရ ပြန်တမ်းတစ်စောင် ထုတ်ပြန်ခဲ့ပြီး အင်ဂျင်နီယာများအနေဖြင့် အလုပ်သို့ မဖြစ်မနေ သတင်းပို့ကြရန် ညွှန်ကြားခဲ့သည်။

“မနေ့ညပိုင်းက သမ္မတ ရာဂျာပက်ဆာဟာ အင်ဂျင်နီယာ သမဂ္ဂခေါင်းဆောင်ဆီ ဖုန်းဆက်ခဲ့ပြီး ဓာတ်အားပေးဝေရေး ကွန်ရက်တစ်ခုလုံး ရပ်ဆိုင်းမသွားစေဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ မိမိတို့အနေနဲ့ ဆေးရုံတွေနဲ့ တခြားအရေးကြီးဌာနအဆောက်အအုံတွေမှာ ဓာတ်အားရရှိအောင် လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်ပြီးသပိတ်မှောက်သွားမှာပါ” ဟု အဆိုပါ သမဂ္ဂ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သူ အီရန်ဂါ ကူဒါဟီဝါက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

နိုင်ငံ၏ ဓာတ်အားပေးလုပ်ငန်းကဏ္ဍနှင့် သက်ဆိုင်သည့် ဥပဒေပြဋ္ဌာန်းချက်ကို ပြန်လည်ပြင်ဆင်မည့် အစိုးရ၏ အစီအစဉ်များအပေါ် ဆန့်ကျင်ကာ အဆိုပါ သမဂ္ဂက သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။ အစိုးရ၏ ဥပဒေ ပြင်ဆင်ရေး အစီအစဉ်တွင် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် စီမံကိန်းများအတွက် အပြိုင်အဆိုင် လေလံဆွဲဲခြင်းအပေါ် ကန့်သတ်ချက်များကို ရုပ်သိမ်းမည့် အချက်လည်း ပါဝင်သည်။

စီးပွားရေးမြို့တော် ကိုလံဘို၏ နေရာအချို့ အပါအဝင် ရေအားလျှပ်စစ်ဖြင့် ဓာတ်အားပေးဝေနေသည့် ဒေသများတွင် ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပြီး ဓာတ်အားပြန်လည် ပေးဝေနိုင်ရန် ကြိုးပမ်းနေသည် ဟုလည်း ပြောကြားခဲ့သည်။


READ NEXT
Cancel OK