၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၁၅၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ရန်လျာထားကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ထံမှ သတင်းရရှိသည်။
SNLD ပါတီအနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် မြို့ပေါင်း ၅၀ နီးပါး၌ ကိုယ်စားလှယ်လောင်း ၁၅၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်သွားရန် လျာထားခြင်းဖြစ်ကြောင်း SNLD ပါတီ အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။
ပါတီအနေဖြင့် ပညာရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် မြေယာကဏ္ဍသုံးရပ်ကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်လိုသည့်အပြင် စီမံကိန်းလုပ်ငန်းကြီးများတွင် ဒေသခံတိုင်းရင်းသား အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင် မထိခိုက်စေရေးအတွက် လွှတ်တော်တွင်းနှင့် လွှတ်တော်ပြင်ပ၌ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးစိုင်းလိတ်က ဆိုသည်။
“ နိုင်ငံရေးရေချိန်အရဆိုရင် ဒေသခံတိုင်းရင်းသားပါတီအကုန်လုံးက အရင်ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲထက်ကို ပိုကောင်းမယ်လို့ မျှော်လင့်နေသလို ကြိုးစားနေတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် ကြိုးစားထားတယ်။ လှုပ်ရှားရုန်းကန်ထားတယ်။ နောက်ထပ်လည်း တိုးပြီး အောင်နိုင်စရာရှိတယ်။ အဲဒီလိုပဲ ယုံကြည်ထားပါတယ်။ ရှမ်းပြည်နယ်တစ်ခုလုံးမှာ မှီတင်းနေထိုင်နေတဲ့ တိုင်းရင်းသားအားလုံး တန်းတူညီမျှမှု ရှိတယ်။ ဥပဒေအရ အသိအမှတ်ပြုထားတဲ့ အာမခံချက်ပေးနိုင်တဲ့ အခွင့်အရေးမျိုးကို ကြိုးပမ်းဆောင်ရွက်သွားမှာပါပဲ။ ကျွန်တော်တို့ ပြုပြင်ရေးလုပ်ချင်တာ ပညာရေးရယ်၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနဲ့ မြေယာပေါ့။ သုံးခုအပြင်ပေ့ါ စီမံကိန်းလုပ်ငန်းကြီးတွေကို ဘယ်လိုရင်ဆိုင် ကျော်ဖြတ်ပြီးတော့ ဒေသခံတိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် အဲဒါကို တွန်းတွန်းတိုက်တိုက် လွှတ်တော်တွင်းရော လွှတ်တော်ပြင်ပရော ဆောင်ရွက်သွားပါမယ်။ COVID-19 အကြောင်းပြုပြီး ကော်မရှင်ကလည်း ဥပဒေတွေ တစ်မျိုးပြီးတစ်မျိုး ထုတ်ရတာပေါ့နော်။ ဒီနေ့ ဒီအချိန်အထိ မဲဆွယ်ကာလကို မသတ်မှတ်ရသေးဘူး။ ဘယ်လိုဘယ်ပုံနဲ့ မဲဆွယ်ရမလဲဆိုတာ တိတိကျကျ မပြဋ္ဌာန်းနိုင်သေးဘူးဆိုတော့ ဒီတစ်ခေါက်ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု တရားမျှတမှု ရှိမယ်ဆိုတာ ကျွန်တော်တို့က တော်တော်လေးကို ယုံကြည်နိုင်ဖို့အတွက် စွန့်စားရမယ်လို့ ပြောလိုပါတယ်။ ပြည်သူကို ပြောချင်တာက နိုင်ငံရေးပါတီထောင်တယ်ဆိုတာ လူထုအကျိုးကို သယ်ပိုးချင်လို့ပေါ့။ SNLD ဆိုရင် တိုင်းရင်းသားအကုန်လုံး တန်းတူညီမျှတဲ့ အခွင့်အရေးရရှိဖို့အတွက် နိုင်ငံရေးပါတီထောင်တယ်။ ကျွန်တော်တို့ချည်းပဲ သွားလို့မရဘူး လူထုကိုယ်တိုင်အားပေးမှ မဲထည့်မှ လူထု အကျိုးဆောင်ရွက်နိုင်မှာပါ။ အားလုံး တန်းတူညီမျှတဲ့ အခွင့်အရေးလိုချင်တယ်ဆိုရင် SNLD ကို မဲထည့်ကြဖို့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
၂၀၁၈ ခုနှစ် ဇွန်က ကျင်းပသည့် မြို့နယ်စုံညီအစည်းအဝေးတွင် ရပ်ကျေး၊ မြို့နယ်၊ ဌာနချုပ်အထိ အလုပ်အမှုဆောင် အဆင့်ဆင့်တွင် လူငယ်နှင့် အမျိုးသမီး ၃၀ ရာခိုင်နှုန်းစီ ပါဝင်ရေး ကြိုးစားဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပြီး လက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရာ၌ လူငယ်နှင့် အမျိုးသမီးများကို ဦးစားပေးရမည်ဟူသော မူဝါဒတစ်ရပ်ကို ချမှတ်ဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ရှမ်းပြည်နယ်တွင်းရှိ မြို့နယ်အသီးသီးတွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ခြင်းကို ဆောင်ရွက်နေကြောင်း၊ ဇူလိုင် ၁၅ ရက်တွင် မြို့နယ်အသီးသီးမှ ကိုယ်စားလှယ်စာရင်းများသည် ရှမ်းတောင်ရုံးခွဲ၊ ရှမ်းမြောက်ရုံးခွဲနှင့် ရှမ်းအရှေ့ရုံးခွဲတို့ထံ စာရင်းရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် ဗဟိုရုံးချုပ်ထံ ရောက်ရှိမည်ဖြစ်ကြောင်း၊ တောင်ကြီးမြို့နယ်တွင် တစ်နယ်လျှင်တစ်ဦးသာ စာရင်းပေးထားကြောင်း တောင်ကြီးမြို့နယ် SNLD ပါတီဥက္ကဋ္ဌ ဒေါ်နန်းမြဦးက ဆိုသည်။
-
တရုတ် – မြန်မာ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ အပြန်အလှန်ကူးလူးဖလှယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းကို ဆက်လက်တိုးမြှင့်မည်
-
နစက ဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ်တို့နှင့် တရုတ်တွင်တွေ့ဆုံ
-
ဗိုင်းရပ်ကာကွယ်ဆေးလိုအပ်ချက်ကို တရုတ်ကာကွယ်ဆေးက ဖြည့်ပေးဖို့ တကယ်ဖြစ်နိုင်မလား
-
စိတ်ကြည်နူးစရာဆိုတာ
-
သင်္ဘောအိုကြီးတွေပြတဲ့တရား