ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများရှိ ရပ်/ ကျေး ရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ပထမအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၁၈ ရက်တွင် စတင်ကပ်ထားမည်ဟု ကြေညာထားခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်အရ ရပ်ဆိုင်းထားရကြောင်း ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။
အခု ပြည်ထောင်စုကော်မရှင်ကနေ မဲစာရင်းကပ်မယ့်ကိစ္စကို ရပ်ထားဦးလို့ ညွှန်ကြားလာတယ်။ ၁၈ ရက်နေ့မှာ ကပ်မယ်ဆိုတာကို ရပ်ထားဦး။ သူ့အကြောင်းနဲ့သူ ရှိတာပေါ့။ ကျွန်တော်တို့လည်း မသိဘူး။ အခု ၁၈ ရက်နေ့မှာတော့ မကပ်ကြနဲ့ဦး။ Ready ဖြစ်တဲ့တိုင်းတွေ စာရင်းပေးဆိုတော့ ကျွန်တော်တို့က တိုင်းက တကယ်လည်း Ready ဖြစ်နေပြီဆိုတော့ ပေးလိုက်တာပေါ့၊ ကျွန်တော်တို့တိုင်းက အသင့်ပါပဲပေါ့ဗျာ” ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။
လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်/ ကျေး ကော်မရှင်အချို့ထံ မြို့နယ်ကော်မရှင်များမှတစ်ဆင့် ဝေငှထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ယင်းမဲဆန္ဒရှင်စာရင်းများအား မူလ ထုတ်ပြန်ချက်များအရ ဇူလိုင် ၁၈ ရက်မှ ဇူ လိုင် ၃၁ ရက်အထိ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်ရုံးများတွင် မဲဆန္ဒရှင်ပြည်သူများ လာရောက်စစ်ဆေးနိုင်ရေးအတွက် ကပ်ထားပေးရန် စီစဉ်ဆောင်ရွက်ထားသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁၄ ရက် ညနေပိုင်းတွင် ညွှန်ကြားချက်အရ မူလသတ်မှတ်ထားသည့် ဇူလိုင် ၁၈ ရက်တွင် မဲဆန္ဒရှင်စာရင်းများအား ကပ်ထားခြင်းမပြုတော့ဘဲ မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာမည့်ရက်ကို ပြန်လည်အသိပေး အကြောင်းကြားသွားမည်ဟု တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံ အကြောင်းကြားခဲ့ကြောင်း ဦးအောင်မြင့်က ပြောကြားသည်။
“၁၈ ရက်နေ့ကျ ကပ်ပေးနိုင်ဖို့ စာရင်းတင်လိုက်ပြီ။ ဒါပေမဲ့ ဟိုက အခု ၁၈ ရက်နေ့မှာ မကပ်ပါနဲ့ဦး။ ရပ်ထားပါဦးဆိုတော့ ရပ်ထားပါတယ်။ ကပ်မယ့်နေ့ကို ထပ်မံအကြောင်းကြားမယ်။ ပြည်ထောင်စု ကော်မရှင်ကတော့ ပြီးတဲ့တိုင်းတွေစာရင်းကို တောင်းလို့ပေးလိုက်ပြီ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် တိုင်းဒေသကြီး၊ မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများအနေဖြင့် ရွေးကောက်ပွဲနှင့် ပတ်သက်သည့် အချက်အလက်များအား သတင်းဌာနများမှ မေးမြန်းမှုများရှိလာလျှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ ဖြေကြားခြင်းမပြုရန်၊ သတင်းဌာနများမှ မေးမြန်းသည့် မေးခွန်းများအား အဖြေနှင့်တကွ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံသို့ ပေးပို့အကြောင်းကြားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ရရှိမှ ဖြေကြားပေးရန် ညွှန်ကြားထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအချို့ထံမှ သတင်းရရှိသည်။
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား
-
ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
-
ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ
-
■ UEFA Nations League ပွဲကြိုသုံးသပ်ချက်