Top News

ပြည်တွင်းစစ်နှင့် အမျိုးသားရေးပဋိပက္ခကိုဖြစ်ပေါ်စေသော နိုင်ငံရေးပြဿနာများအား အဖြေရှာနေသော်လည်း စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရဟု KNU ၏ သဝဏ်လွှာတွင် ဖော်ပြ
24htopnews | November 6, 2024 3:12 PM CST

ပြည်တွင်းစစ်နှင့် အမျိုးသားရေးပဋိပက္ခကို ဖြစ်ပေါ်စေသော နိုင်ငံရေးပြဿနာများကို အဖြေရှာနေသော်လည်း စိန်ခေါ်မှု အမြောက်အများနှင့် ရင်ဆိုင်နေရကြောင်း ဇူလိုင် ၁၆ ရက်တွင် ကျရောက်သည့် (၇၃) နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့နေ့ အခမ်းအနားသို့ပေးပို့သော ကရင်အမျိုးသားအစည်းအရုံး KNU ၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ယခု မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေသည် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် နိုင်ငံရေး စကားဝိုင်းတွင် တွေ့ဆုံဆွေးနွေး အဖြေရှာနေခြင်းဖြစ်ပြီး ပြည်တွင်းစစ်နှင့် အမျိုးသားရေးပဋိပက္ခကို ဖြစ်ပေါ်စေသော နိုင်ငံရေးပြဿနာများကို အဖြေရှာနေခြင်းဖြစ်ကြောင်းနှင့် ထိုသို့ အဖြေရှာရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း KNU ၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ပြည်တွင်းစစ် ဖြစ်ပေါ်လာရသော အခြေခံအကြောင်းရင်းမှာ တိုင်းရင်းသားလူမျိုးများ၏ တန်းတူအခွင့်အရေး ဆုံးရှုံးခြင်းနှင့် ဒီမိုကရေစီပျက်သုဉ်းခြင်း၊ မဟာလူမျိုးကြီးဝါဒကို ကိုင်စွဲသော စစ်အာဏာရှင်စနစ်တို့ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်းလည်း KNU ၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ထိုသို့သော အခြေအနေတွင် KNU အနေဖြင့် အခြေအနေအရပ်ရပ်ကို သုံးသပ်ပြီး လက်ရှိနိုင်ငံရေး အခြေအနေနှင့် ကိုက်ညီသော နိုင်ငံရေးလုပ်ငန်းစဉ်များကို ချမှတ်လျက် ကရင်တစ်မျိုးသားလုံး၏ နိုင်ငံရေးဆန္ဒနှင့် အမျိုးသားများ၏ ရည်မှန်းချက်အတိုင်း ကြိုးပမ်းလုပ်ဆောင်နေကြောင်း KNU ၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် KNU အနေဖြင့် ကရင်အမျိုးသားများ မျှော်လင့်တောင့်တသော အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တိုက်ပွဲဝင် ကြိုးပမ်းလျက်ရှိရာ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့သည်လည်း KNU ၏ နိုင်ငံရေးဦးဆောင်မှုအောက်တွင် ခံယူချက်အပြည့်၊ ခိုင်မာတက်ကြွသော စိတ်ဓာတ်၊ သတ္တိရှိရှိ၊ စည်းစည်းလုံးလုံးဖြင့် ရှေ့ဆက်အတူတကွ လက်တွဲဆောင်ရွက်သွားကြရန် KNU က တိုက်တွန်းခဲ့သည်။

ကရင်အမျိုးသားသမိုင်းတွင် ကရင်လူမျိုးများသည် လူမျိုးတစ်မျိုး၏ အမျိုးသားအခွင့်အရေးတန်းတူရေး၊ လွတ်လပ်ရေး ရရှိရန်အတွက် ငြိမ်းချမ်းသော နိုင်ငံရေးနည်းလမ်းဖြင့် အကြိမ်ကြိမ် ကြိုးပမ်းခဲ့သော်လည်း ဖဆပလအစိုးရက ကရင်ခေါင်းဆောင်များ၏ တောင်းဆိုမှုကို လက်မခံသည့်အတွက်ကြောင့် နောက်ဆုံးတွင် ကရင်အမျိုးသား ခေါင်းဆောင်များအနေဖြင့် ဆွေးနွေးတိုင်ပင်ပြီး ကရင်အမျိုးသားများ အခွင့်အရေး၊ တန်းတူရေး၊ လွတ်လပ်ရေးရရှိရန်နှင့် ကရင်အမျိုးသားများကို ကာကွယ်ရန်အတွက် လက်နက်ကိုင်တော်လှန်ရေးကို စတင်ဆင်နွှဲရန်ဆုံးဖြတ်ခဲ့ကြောင်း KNU ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

စတင်ဖွဲ့စည်း တည်ထောင်စဉ်ကာလတွင် ကရင်အမျိုးသားများအား ကာကွယ်စောင့်ရှောက်ရေးအတွက် သက်သက်သာဖြစ်ကြောင်း၊ ကရင်ပြည်သူလူထုတစ်ရပ်လုံးကလည်း ၎င်းတို့၏ နေရပ်ဒေသအသီးသီးတွင် ပါဝင်ခဲ့ကြကာ ၎င်းတို့၏ ကျေးရွာများ၊ ပစ္စည်းဥစ္စာများနှင့် အသက်အန္တရာယ်များကို ကာကွယ်ခဲ့ကြောင်း၊ ထို့ကြောင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့သည် ကရင်အမျိုးသားများအတွက် သမိုင်းဝင်အဖွဲ့ဖြစ်ကြောင်း KNU ၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့သည် ယနေ့ထက်တိုင် KNU နှင့်အတူ မားမားမတ်မတ် ရပ်တည်၍ ကရင်အမျိုးသားများအတွက် အကာအကွယ်ပေးနေသော ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ကြောင်း၊ ထို့အတူ လာမည့် အနာဂတ်တွင်လည်း ကရင်အမျိုးသားများ၏ ကံကြမ္မာကို ဆက်လက်ကာကွယ်စောင့်ရှောက်နေမည်မှာ အမှန်ပင်ဖြစ်ကြောင်း KNU ၏ သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။

 


READ NEXT
Cancel OK