Top News

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ဆောင်မည်ဖြစ်ပြီး မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းမျှ ဥပဒေအထက်တွင်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်ပြောကြား
24htopnews | November 6, 2024 3:12 PM CST

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ဆောင်မည်ဖြစ်ပြီး မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းမျှ ဥပဒေအထက်တွင်မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံးတွင် ဇူလိုင် ၁၅ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲတာဝန်များအား ကျေပွန်အောင်တာဝန်ထမ်းဆောင်နိုင်ရန်အတွက် ကော်မရှင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တွေ့ဆုံမှုအပြီး သတင်းစာရှင်းလင်းပွဲ၌ ၎င်းက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဥက္ကဋ္ဌကြီးကလည်း ပြောတယ်။ စံငါးချက်နဲ့အညီ လုပ်မယ်။ စံပြလုပ်မယ်။ ဟန်ပြမလုပ်ဘူး။ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ လုပ်မယ်။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းမှာမှ ဥပဒေအထက်မှာ မရှိစေရဘူး။ ကျွန်တော်တို့သည် ဘယ်ပါတီကို အနိုင်ရရှိရေးဆိုပြီး ဦးတည်ပြီး မလုပ်ဘူး။ ပြည်သူ့ဆန္ဒအမှန်ကို ဖော်ထုတ်ပေးဖို့။ ပြည်သူ့ဆန္ဒနဲ့ ရလဒ်တစ်ထပ်တည်းဖြစ်စေဖို့ ကျွန်တော်တို့ဆောင်ရွက်မယ်။ အာမခံတယ်။ အားလုံးကလည်း ပူးပေါင်းဆောင်ရွက်ကြဖို့ပေါ့” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် COVID-19 ရောဂါဖြစ်ပွားနေသည့် ကာလဖြစ်နေသည့်အတွက် လက်ရှိအာဏာရပါတီအနေဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး ပိုမိုရရှိနိုင်ပြီး ကျန်ပါတီများအနေဖြင့် COVID-19 ကန့်သတ်ချက်များရှိနေသည့်အတွက် ၎င်းတို့အနေဖြင့် နောက်ကောက်ကျနိုင်သည်ဟု ပြောဆိုမှုများ ရှိနေသည့်အပေါ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် မည်ကဲ့သို့ လုပ်ဆောင်ပေးနိုင်မည်နည်းဟု သတင်းထောက်တစ်ဦးကမေးမြန်းခဲ့သည်။

ယင်းသို့မေးမြန်းမှုအပေါ် ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က “ပြည်ထောင်စုရွေးကောက်ပွဲပုံစံ ကြေညာတဲ့အချိန်ကစပြီးတော့ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးလုပ်ငန်း ဆောင်ရွက်ခွင့်ရှိသည် ဆိုပြီးတော့။ အခု အာဏာရပါတီကနေပြီးတော့ မဲဆွယ်ခွင့်ရနေတယ်ဆိုတာ မဟုတ်ဘူးပေါ့့နော်။ မဟုတ်ဘူး။ ပါတီစည်းရုံးရေးနဲ့ နယ်မြေစည်းရုံးရေးက အခုမှရတာ။ ရွေးကောက်ပွဲကျင်းပမယ့်ရက် ကြေညာပြီးတဲ့အခါကျမှ အာဏာရပါတီတွေရဲ့ ခေါင်းဆောင်တွေက ကြေညာလိုက်မှ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးကို လုပ်လို့ရတာ” ဟု ပြန်လည်ဖြေကြားသည်။

အခြားပါတီများအနေဖြင့် ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေးများအား ရွေးကောက်ပွဲကျင်းပမည့်ရက် မကြေညာခင်ကတည်းက လုပ်ဆောင်မှုများရှိနေခဲ့ပြီး အာဏာရပါတီ၏ ခေါင်းဆောင်များအနေဖြင့် ကြေညာချက်ထွက်ရှိပြီးနောက် ဥပဒေကပေးအပ်ထားသည့် ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေးများအား စတင်လုပ်ဆောင်ရကြောင်း ဦးမြင့်နိုင်က ဆိုသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များအား အတည်ပြုကြေညာပြီးမှသာ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများ စတင်ဆောင်ရွက်ရမည်ဖြစ်ပြီး အာဏာရပါတီအပြင် ကျန်အခြားပါတီများအနေဖြင့်လည်း အခွင့်အရေးအတူတူရရှိ မည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ဆက်လက်ပြောကြားသည်။

၎င်းက “ကြေညာချက်ကို သေချာဖတ်ကြည့်ရင် အပိုဒ်သုံးမှာ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကျတော့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အတည်ပြုကြေညာပြီးတဲ့နောက်မှာမှ ကျွန်တော်တို့က သီးခြားထုတ်ပြန်ပေးမှာ။ အဲဒီကောက်ယူချက်က မှားတာပေါ့။ မဲဆွယ်စည်းရုံးရေးက အတူတူရတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အတည်ပြုပြီးမှ အရင်တုန်းက ရက်ပေါင်း ၆၀ ပေ့ါ။ အဲဒီမှာ မဲဆွယ်စည်းရုံးရေးက အတူတူပဲ။ ပါတီတိုင်းမှာ လွှတ်တော်ကိုယ်စားလှယ်တိုင်းမှာ အတူတူရတယ်။ ဘယ်သူ့မှ အသာမပေးဘူး” ဟု ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပြည်ထောင်စုသမ္မတနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ် ပုဒ်မ ၃၉၉ (က)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၄(ဂ)နှင့် နည်းဥပဒေ ၁၆ (က) တို့အရ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက် (တနင်္ဂနွေနေ့)တွင် လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း ဇူလိုင် ၁ ရက်က ကြေညာထားသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၁၆ ပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် (၁) လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်သည့်နေ့ရက်အား ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် ၂၀ ရက်၊ (၂) လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းနိုင်သည့် နောက်ဆုံးရက်အား ၂၀၂၀ ပြည့်နှစ်၊ သြဂုတ် ၇ ရက်၊ (၃) လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်အဖြစ် သြဂုတ် ၁၀ ရက်၊ (၄) လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများ စိစစ်မည့်နေ့ရက်ကို သြဂုတ် ၁၁ ရက်မှ ၁၇ ရက်အထိ သတ်မှတ်ထားကြောင်း ကြေညာထားသည်။

 


READ NEXT
Cancel OK