ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ် ပန်ကျင်ကျေးရွာအနီးတွင် ဇွန် ၂၉ ရက်က ဖြစ်ပွားခဲ့သော တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့၏ တိုက်ပွဲအတွင်း လူသေဆုံးမှု ဖြစ်ပွားခဲ့သော ဖြစ်စဉ်အား စစ်ဆေးမည့် စစ်ဆေးရေးအဖွဲ့ကို RCSS အဖွဲ့က ဇူလိုင် ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇူလိုင် ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။
ပန်ကျင်ကျေးရွာအနီးတွင် ဇွန် ၂၉ ရက် နံနက်ပိုင်းက တပ်မတော်နှင့် RCSS တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း ပန်ကျင်ကျေးရွာနေ ဦးအိုက်စု (ခ) လုံးစု (၆၀ နှစ်) သည် လက်နက်ငယ်ကျည် ထိမှန်၍ သေဆုံးခဲ့ပြီး ဒေါ်ပါဆိုင်ယုံ (၅၅ နှစ်) နှင့် ဦးမောင်ခေ (၅၆ နှစ်) တို့သည် ဒဏ်ရာများ ရရှိခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ထိုသို့ ဒေသခံတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းသည် တပ်မတော်၏ ပစ်ခတ်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်ဟု အကြောင်းပြကာ ဇူလိုင် ၁၀ ရက်တွင် ကျောက်မဲမြို့နယ်အတွင်း၌ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်းကို သတင်းထုတ်ပြန်ပြီးဖြစ်ကြောင်းလည်း တပ်မတောာ်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါဖြစ်စဉ်အား မှန်ကန်မှုရှိ/ မရှိ စိစစ်ရန် တပ်မတော်မှ အရာရှိကြီးတစ်ဦး ဦးစီးပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ဆေးရေးအဖွဲ့သည် ဖြစ်စဉ်ဖြစ်ပွားသည့် ပန်ကျင်ကျေးရွာသို့ သွားရောက်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်စဉ် RCSS အဖွဲ့က ဇူလိုင် ၁၄ ရက်တွင် နောင်ပိန်ကျေးရွာနှင့် နမ့်မော်ဖိတ်ကျေးရွာအကြားတွင် တစ်ကြိမ်နှင့် ဟဲကွီးကျေးရွာအနီးတွင် တစ်ကြိမ် နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ထို့ပြင် RCS အဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဇူလိုင် ၁၅ ရက်တွင် နမ့်မော်ဖိတ်ကျေးရွာအနီးတွင် တစ်ကြိမ် ဟဲကွီးကျေးရွာနှင့် ပန်ကျင်ကျေးရွာအကြားတွင် တစ်ကြိမ်နှင့် ပန်ကျင်ကျေးရွာအနီးတွင် တစ်ကြိမ် နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ RCSS အဖွဲ့၏ နှောင့်ယှက်ပစ်ခတ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်ကလည်း ခုခံကာကွယ်သည့်အနေဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်းလည်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
RCSS အဖွဲ့က မည်သို့ပင် နှောင့်ယှက်ပစ်ခတ်သော်လည်း တပ်မတော်အနေဖြင့် ဖြစ်စဉ်မှန် ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာကျေးရွာအလိုက် ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
RCSS အဖွဲ့သည် ၂၀၁၅ ခုနှစ်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော်လည်း ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် တပ်မတော်နှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား
-
ဖိလစ်ပိုင်မြောက်ပိုင်းတွင် တိုင်ဖွန်းအူဆာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူပေါင်းထောင်နှင့်ချီ ဘေးလွတ်ရာရွှေ့ပြောင်း
-
ဆော်လမွန်ကျွန်းနိုင်ငံအနီးတွင် ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်း တွေ့ရှိ
-
■ UEFA Nations League ပွဲကြိုသုံးသပ်ချက်