Top News

အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဧရာဝတီတိုင်းအတွင်းရှိ နိုင်ငံရေးပါတီများနှင့် တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တွေ့ဆုံဆွေးနွေး
24htopnews | November 6, 2024 3:12 PM CST

၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများနှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲတို့ တွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၁၅ ရက်က တိုင်းဒေသကြီးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပါတီရုံးခွဲများဖွင့်လှစ်ထားရှိသည့် နိုင်ငံရေးပါတီ ၂၁ ပါတီမှ ပါတီကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲတွင် ကြုံတွေ့လာရနိုင်သည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ကြောင်း၊ တင်ပြဆွေးနွေးချက်များတွင် ပုသိမ်မြို့နှင့် အခြားသော မြို့များတွင်ရှိသော စက်ရုံများမှ အလုပ်သမားများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ကူညီလုပ်ဆောင်ပေးရန်၊ ကြိုတင်မဲများ ကောက်ခံချိန်တွင် ယခင်ရွေးကောက်ပွဲများကဲ့သို့ နိုင်ငံရေးပါတီတစ်ခုခုမှ လူစုလူဝေးများဖြင့် ကြိုတင်မဲကောက်ခံသည့်အဖွဲ့နှင့် လိုက်လံလှုံ့ဆော်ခြင်းများကို တားမြစ်ပေးရန်၊ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံများနှင့် ကိုက် ၅၀၀ အကွာတွင်ရှိသော နိုင်ငံရေးပါတီ ရုံးခွဲများကို ပိတ်ထားပေးရန် ဆွေးနွေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ပါတီတစ်ခုကတော့ ကော်မရှင်ကို ယုံကြည်မှုအားနည်းတယ်လို့ ပြောတယ်။ ကော်မရှင်အဆင့်ဆင့်ကို ယုံကြည်မှု အားနည်းတယ်လို့ပြောတာပေါ့နော်။ သူတို့ယုံကြည်အောင် ဘာလုပ်ပေးမလဲ အဲဒီလိုမေးတယ်။ ကျွန်တော်တို့ကတော့ ရှင်းပြတာပေါ့နော်။ ဘာလုပ်မလဲဆိုတော့ ကော်မရှင်ကို ပါတီတွေက မယုံမကြည် ဖြစ်နေတဲ့ကိစ္စတွေက ကြိုတင်မဲကိစ္စတွေပေါ့။ ရပ်ကျေးကော်မရှင်ကလုပ်တဲ့ ကြိုတင်မဲ မြို့နယ်ကော်မရှင်က လုပ်တဲ့ကြိုတင်မဲ၊ အဲဒီကိစ္စမျိုးတွေမှာပေါ့ဗျာ။ ကျွန်တော်တို့ကို ပုတ်ခတ်တာပေါ့ဗျာ။ အများကြီးပဲ ပုတ်ခတ်တာ၊ အဲဒါမျိုးပြောရင် သူတို့က ကော်မရှင်ကို အယုံအကြည်မရှိဘူး ဆိုတာမျိုးတွေ၊ အဲဒါနဲ့ပတ်သက်ရင် ရပ်ကျေးကော်မရှင်က ဘယ်လိုလုပ်တယ်။ သက်သေတွေက ဘယ်လိုရှိတယ်။ နောက်ပြီးတော့ မြို့နယ်ကော်မရှင်ကျရင် လုပ်ရတဲ့ ကြိုတင်မဲတွေရှိတယ်။ ဘယ်လိုလုပ်ရတယ်ဆိုတာ ရှင်းပြရတာပေါ့ဗျာ” ဟု  ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

ထို့ပြင် မဲပေးသည့်နေ့တွင် မဲရုံ၌ မဲရေတွက်ခြင်း၊ ရေတွက်ပြီးသည့်မဲများကို ပုံစံသွင်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ပါတီများ၏မဲရုံကိုယ်စားလှယ်နှင့် အကူကိုယ်စားလှယ်၊ စောင့်ကြည့်လေ့လာသူများ အားလုံးရှေ့တွင် လုပ်ဆောင်ခြင်းဖြစ်ပြီး မယုံကြည်စရာ အကြောင်းမရှိကြောင်း၊ သို့ရာတွင် ကော်မရှင်အား ပါတီများဘက်မှ မယုံကြည်ဟု ပြောဆိုနေခြင်းအပေါ် မတတ်နိုင်ကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ဘယ်လိုနေရာတွေမှာ ချို့ယွင်းချက်ရှိလဲ။ သူတို့ ဘယ်လိုနေရာတွေမှာ မယုံကြည်နိုင်လဲဆိုတာ ခန့်မှန်းလို့ရသလောက်ကိုတော့ ရှင်းပြပါတယ်။ ကြိုတင်မဲကိစ္စဆိုရင် အများရှေ့မှာ လုပ်တဲ့အတွက် ရေတွက်တာလည်း အများရှေ့မှာ ရေတယ်။ အများရှေ့မှာ မှတ်တမ်းတင်တယ်။ အဲဒါကိုမှ မယုံဘူးဆိုရင် ဘယ်လိုမှ မတတ်နိုင်ကြောင်း ပြောပြရတယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာ မဲဝယ်တဲ့ စနစ်တွေ ဖြစ်လာလိမ့်မယ်ဆိုပြီး ခိုင်ခိုင်လုံလုံ ကြားနေရတယ်လို့ ပါတီတစ်ခုက ပြောတယ်။ မဲဝယ်တယ်။ မဲရောင်းတယ်ဆိုတာ။ မဲရောင်းတာမဟုတ်ပါဘူးဗျာ။ မဲဝယ်တာတွေ ရှိလိမ့်မယ်။ ဘယ်လိုလုပ်မလဲဆိုတာမျိုး မေးတာတွေရှိတာပေါ့ဗျာ။ အဲဒါက ကောင်တာကြီးဖွင့်ပြီး ရောင်းနေတာ မဟုတ်တဲ့အတွက် ဝယ်နေတာ မဟုတ်တဲ့အတွက် အဲဒါမျိုးပြောလာတယ်။ ကျွန်တော်တို့က ပြောရရင်လည်း ကိုယ်လည်း မြင်ရတာမဟုတ်ဘူး။ မဲဝယ်တယ်ဆိုတဲ့ကိစ္စတွေက၊ အဲဒါမျိုး သေချာလို့ရှိရင် အဲဒါက တရားမဲ့ပြုကျင့်မှုထဲမှာ ပါသွားမှာပေါ့။ ကော်မရှင်ဥပဒေမှာ တရားမဲဲ့ပြုကျင့်မှုက အများကြီးပဲ အသေအချာပြဋ္ဌာန်းထားတယ်။ အဲဒီတရားမဲ့ ပြုကျင့်မှုထဲမှာ ပါသွားလိမ့်မယ်။ ခင်ဗျားတို့က အင်မတန်သေချာလို့ရှိရင် အဲဒီတရားမဲ့ ပြုကျင့်မှုထဲက ဘယ်သူတွေ ဘယ်လိုလုပ်လဲဆိုတာ အသေအချာ တိုင်လို့ရှိရင်တော့ ရတယ်လို့ ရှင်းပြရတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ပါတီရုံးခွဲများ ဖွင့်လှစ်ထားရှိသည့် နိုင်ငံရေးပါတီ ၂၁ ပါတီအနက် ပါတီ ၁၅ ခုနှင့်အထက်မှာ လာမည့်အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။             

 


READ NEXT
Cancel OK