နိုင်ငံတော်၏ ဘဏ္ဍာငွေကို သုံးစွဲရမှုများဖြစ်သည့်အတွက် လက်ရှိစီစဉ်ဆောင်ရွက်ပေးနေသည့် CERP ၏ ကျန်သည့်ပန်းတိုင်များဆိုင်ရာ ထောက်ပံ့မှုများအား ဥပဒေနှင့်အညီဖြစ်စေရန် မည်ကဲ့သို့ ဥပဒေပြဋ္ဌာန်းချက်များနှင့် တည့်မတ်ဆောင်ရွက်သုံးစွဲမည်ကို ပြည်သူလူထုထံ လွှတ်တော်မှတစ်ဆင့် ရှင်းလင်းတင်ပြပေးစေလိုကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲနိုင်လွင်က ပြောကြားသည်။
ဇူလိုင် ၁၆ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၂၀) ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေဆိုင်ရာ အမိန့်နှင့် စပ်လျဉ်း၍ လွှတ်တော်၌ဆွေးနွေးရာတွင် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲနိုင်လွင်က အထက်ပါအတိုင်း ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“အခုဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်ဟာ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ အခွန်အခများ လျှော့ချခြင်း၊ လျှော်ပေးခြင်း၊ ရွှေ့ဆိုင်းခြင်းများနဲ့ပတ်သက်ပြီး ရငွေလျော့ကုန်ကျမှုစရိတ် ၄၈၅ ဘီလျံခန့်ကို တိုက်ရိုက်ပတ်သက်ပြီး ဥပဒေနဲ့အညီ ဖြစ်စေခဲ့တယ်လို့ ယူဆရမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကို သုံးစွဲရခြင်းများဖြစ်တဲ့အတွက် လက်ရှိစီစဉ်ဆောင်ရွက်ပေးနေတဲ့ CERP ရဲ့ ကျန်တဲ့ပန်းတိုင်များဆိုင်ရာ ထောက်ပံ့မှုများကိုလည်း ဥပဒေနဲ့အညီဖြစ်စေရေး ဘယ်လို ဥပဒေပြဋ္ဌာန်းချက်များနဲ့ တည့်မတ်ဆောင် ရွက်သုံးစွဲမယ်ဆိုတာကိုလည်း ပြည်သူလူထံ လွှတ်တော်ကတစ်ဆင့် ရှင်းလင်းတင်ပြပေးစေလိုပါတယ်” ဟု ဗိုလ်မှူးရဲနိုင်လွင်က ပြောကြားသည်။
ဇူလိုင် ၁၃ ရက်က CERP နှင့်ပတ်သက်သည့် ရှင်းလင်းတင်ပြချက်များအရ ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွက် CERP လုပ်ငန်းစဉ်၏ ငွေကြေးသုံးစွဲရမည့်လုပ်ငန်းများသည် ကျပ် ၂၃၆၄ ဘီလျံရှိပြီး အခွန်အခ လျော့ရပေးရခြင်းကြောင့် ရငွေလျော့နည်းမှု ကုန်ကျငွေသည် ကျပ် ၄၈၅ ဘီလျံရှိသည့်အတွက် စုစုပေါင်းကုန်ကျငွေ ၂၈၅၀ ဘီလျံခန့်ရှိပြီး RE ၏ GDP အရ ၂ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း၊ လာမည့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်တွင်လည်း ဆက်လက်အကောင်အထည်ဖော်ရန် ရှိနေသည်ဖြစ်ခြင်းကြောင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကျခံသုံးစွဲရမှု အနေအထားကိုလည်း မှန်းဆ၍ ရနိုင်ကြောင်း ဗိုလ်မှူးရဲနိုင်လွင်က ဆွေးနွေးခဲ့သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲနိုင်လွင်က “ပန်းတိုင် (၂) ဆိုင်ရာ လုပ်ငန်းအစီအစဉ်ကို အခုလိုဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေနဲ့အညီ ဥပဒေကြောင်းအရ ခိုင်မာမှုကို ဖြစ်စေခဲ့ပြီးရင်တော့ Pandemic ကာလမှာ Extraordinary Measures များကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်မှသာ ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုကို အကျိုးရှိရှိ ကုစားသွားနိုင်မှာဖြစ်ကြောင်း တင်ပြလိုပါတယ်” ဟု ပြောကြားသည်။
COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အား စတင်ရေးဆွဲစဉ်ကပင် ပွင့်လင်းမြင်သာမှု၊ ရှင်းလင်းမှု အားနည်ခဲ့ပြီး ပွင့်လင်းမြင်သာစွာ နိုင်ငံသားပြည်သူများကို ချပြရှင်း လင်းခဲ့ခြင်းမျိုးမရှိဘဲ တာဝန်ယူရေးဆွဲခဲ့သည့် ဝန်ကြီးဌာနနှင့် ရေးဆွဲခဲ့သူကိုယ်တိုင် ပြည်ထောင်စုလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပစဉ် ကာလအတွင်း ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းလင်းတင်ပြရန် နှောင့်နှေးခဲ့မှုကြောင့် လူမှုကွန်ရက် မီဒီယာများတွင် ဝေဖန်ထောက်ပြမှုများ မြင့်တက်လာခဲ့သလို လွှတ်တော်ကိုယ်စားလှယ်အချို့ကလည်း လွှတ်တော်တွင် လာရောက်ရှင်းလင်းရန် တိုက်တွန်းတောင်းဆိုခဲ့ကြကြောင်း တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးရဲတင့်အောင်က အထက်ပါအမိန့်နှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ပြည်ထောင်စုလွှတ်တော်သို့ တင်ပြခဲ့တာတွေနဲ့ မြေပြင်မှာ လုပ်ဆောင်နေရာတွေဟာ ရှေ့နောက် ညီညွှတ်မှုမရှိတာ၊ ခုတ်ရာတခြား ရှရာတစ်လွဲ ဖြစ်တာကိုထောက်ပြလိုပါတယ်။ ပြည်ထောင်စုလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပဆဲကာလမှာ မတင်ပြခဲ့ဘဲ တာဝန်ယူဆောင်ရွက်ရတဲ့ ဌာန၊ ပုဂ္ဂိုလ်တွေဟာ ပြည်ထောင်စုလွှတ်တော်ကို စောလျင်စွာတင်ပြဖို့ ပျက်ကွက်ခဲ့ပါတယ်။ လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့နေမှသာ ကျွန်တော်တို့ သိခဲ့ရပါတယ်။ ပွင့်လင်းမြင်သာမှုနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ မြင့်တက်ပြီး မရှူနိုင်မကယ်နိုင်ဖြစ်နေတဲ့ အနေအထားရောက်မှ ဖုတ်ပူမီးတိုက်နဲ့ အခုကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှသာ တင်ပြခဲ့တာကို တွေ့ရပါတယ်” ဟု ဗိုလ်မှူးရဲတင့်အောင်က ပြောကြားသည်။
ထို့ပြင် လပိုင်းအတွင်း၌ ဆောင်ရွက်နိုင်သည့် Short term Action Plans များကိုသာ ထည့်သွင်းရေးဆွဲထားသည့် COVID-19 ၏ စီးပွားရေးကုစားမှု အစီအစဉ်များနှင့် အညီအကောင်အထည်ဖော် ကုစားပေးနိုင်ရေးအတွက် ထုတ်ပြန်သည့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ကို ကြိုဆိုကြောင်းနှင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ၏ စီးပွားရေးဆိုးကျိုးသက်ရောက်မှုများ လျော့ပါးစေရန်၊ စီးပွားရေးကျဆင်းမှုကို အလျင်အမြန် ပြန်လည်ဦးမော့လာစေရန် သက်ဆိုင်ရာဌာနအားလုံးက တက်ညီလက်ညီနှင့် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ အချိန်နှင့်တစ်ပြေးညီ ကြိုစားဆောင်ရွက်ကြရန် ဗိုလ်မှူးရဲတင့်အောင်က ဆွေးနွေးခဲ့သည်။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား