ဧရာဝတီတိုင်းဒေသကြီး ၀ါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်အားလုံးကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရဟုဆိုကာ ပါတီတာဝန်များမှ ထုတ်ပယ်ခဲ့ပြီး မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးကိုမူ ပါတီဝင်အဖြစ်မှပါ ထုတ်ပယ်ခဲ့ကြောင်း သတင်းရရှိသည်။
၀ါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင် ၂၅ ဦးအား ဇူလိုင် ၂ ရက်တွင် ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ လက်ရှိပါတီတာဝန်များမှ ထုတ်ပယ်ခဲ့ပြီး မြို့နယ်အလုပ်မှုဆောင် အဖွဲ့အသစ် ပြန်လည်ဖွဲ့စည်းရေးအတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ ကြီးကြပ်မှုဖြင့် မကြာခင် ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အကြောင်းကြားစာ ရောက်ရှိနေကြောင်း မြို့နယ်အလုပ်အမှုဆောင် အဖွဲ့များထံ မြောင်းမြခရိုင် အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌက ဖုန်းဖြင့်အကြောင်းကြားခဲ့ကြောင်း၊ ယင်းအပြင် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအား ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခဲ့ကြောင်း၊ အကြောင်းကြားစာတွင် မည်သည့်ပြစ်မှုများ၊ တိုင်ကြားချက်များကြောင့် ယခုကဲ့သို့ ထုတ်ပယ်သည်ဆိုသည့် ရည်ညွှန်းချက် မပါဝင်ကြောင်း သိရသည်။
“ကျွန်တော်တို့ မြောင်းမြခရိုင် NLD အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဝင်းဆီက ဖုန်းနဲ့ပြောပါတယ်။ သူ့ဆီကို တိုင်းရုံးအဖွဲ့မှူးကနေတစ်ဆင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က စာကိုဗိုက်ဗာနဲ့ ပို့ပါတယ်။ ပို့တဲ့ရက်က ၂ ရက် ၇ လ ၂၀၂၀ ပြည့်နှစ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရဆိုပြီး ၇ ရက် ရက်စွဲနဲ့ထွက်တဲ့စာ ဖြစ်ပါတယ်။ ဒေါက်တာအောင်မိုးညို လက်မှတ်ထိုးပါတယ်။ အဲဒီမှာ ၀ါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ကို ရုပ်သိမ်းသည်၊ ဗဟိုနဲ့တိုင်းက မကြာခင် ပြန်လည်ဖွဲ့စည်းမည်ဆိုတဲ့ အဲဒီလို စာကြောင်းတိုတိုလေးပဲ ဖြစ်တယ်။ အတွင်းရေးမှူး ဦးအောင်ကြွယ်ကို ပါတီဝင်အဖြစ်က ရုပ်သိမ်းတယ်ဆိုတဲ့စာကို လက်ခံရရှိပါတယ်၊ ည ၉ နာရီလောက်မှာ။ လက်ခံရရှိပြီးတော့ ဇူလိုင် ၁၂ ရက် မနက် ၉ နာရီလောက်မှာပဲ ကျွန်တော်တို့ ခရိုင်ဥက္ကဋ္ဌ ဦးတင်ဝင်းထံမှတစ်ဆင့် ကျွန်တော်တို့မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ဝင် အားလုံးကို ပါတီက တာဝန်တွေ ရုပ်သိမ်းတယ်။ ပြန်လည်ဖွဲ့စည်းရေးကို တိုင်းဗဟိုကနေ ပြန်လည်ဖွဲ့စည်းမယ်လို့ ခရိုင်အလုပ်အမှုဆောင်အဖွဲ့ ဦးတင်ဝင်းကို ပေးပို့ပါတယ်။ ကျွန်တော်တို့ဆီကိုလည်း ဖုန်းနဲ့ဆက်သွယ်ပြီးတော့ ညွှန်ကြားချက် ပေးပို့ပါတယ်။ ခရိုင်ကစာက နှစ်ကြောင်းတည်း ကျွန်တော်တို့ကို ၂.၇.၂၀၂၀ ရက်နေ့ ပြုလုပ်တဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျွန်တော် အတွင်းရေးမှူးကို ပါတီဝင်အဖြစ်က ရုပ်သိမ်းတယ်။ နောက်တစ်စောင်က ကျွန်တော်တို့ ၀ါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ အားလုံးကို တာဝန်ကနေ ရုပ်သိမ်းသည်။ အဲဒါပဲ စာမှာပါတယ်။ ဒေါက်တာ အောင်မိုးညိုလက်မှတ်နဲ့ပဲ ဘာအကြောင်းပြချက်မှ မပါဘူး။ ကျွန်တော်တို့ကို ခေါ်ယူစစ်ဆေးတာလည်း မရှိဘူး။ ဘာမှန်းမသိဘဲနဲ့ အခုလို ထုတ်ပယ်လိုက်တာပါ။ ကျွန်တော်ဆိုရင် ၁၉၈၈ အပြီး ပါတီစတင်ထူထောင်အပြီး ငါးရက်အကြာတည်းက ပါတီဝင်ဖြစ်ခဲ့ပြီး ထောင်နှစ်ခါကျဖူးပါတယ်။ အခက်အခဲအများကြီး ကြုံခဲ့ပေမဲ့ အခုထိ ပါတီကိုယုံကြည်လို့ ဆက်လက်လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့လည်း တိုင်းအဆင့် ဗဟိုအဆင့်က မိတ်ဆွေတွေကို ဆက်သွယ်မေးမြန်းကြည့်တော့ သူတို့လည်း အရမ်းအံ့သြနေပါတယ်။ သူတို့ မကြားဖူးတာတွေ မမြင်ဖူးတာ ဖြစ်နေရပြီဆိုပြီးတော့ ပြောပါတယ်။ ကျွန်တော်တို့ကတော့ နိုင်ငံကိုချစ်လို့၊ ပါတီကိုချစ်လို့ နိုင်ငံရေးကိုတော့ ဆက်လုပ်နေမှာပါ။ အခုဆုံးဖြတ်ချက်ကိုလည်း အယူခံတင်ပါမယ်” ဟု ၀ါးခယ်မမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး တာဝန်အပြင် ပါတီဝင်အဖြစ်မှပါ ထုတ်ပယ်ခြင်းခံခဲ့ရသူ ဦးအောင်ကြွယ်က ဆိုသည်။
မြို့နယ်အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် တာဝန်မှရပ်နားခြင်းခံခဲ့ရသည့် ဦးသောင်းမြင့်ကလည်း “ကျွန်တော်တို့က ပါတီကိုချစ်လို့ နိုင်ငံကိုချစ်လို့ နိုင်ငံရေးလုပ်ခဲ့ကြတာ။ အခုချိန်မှာ ကျွန်တော်တို့ကို ခေါ်ယူစစ်ဆေးတာလည်း မရှိဘူး။ ဘာမှအတိုင်အတောခံရတယ်လို့လည်း မသိရဘူး။ ကျွန်တော်တို့ကို မေးမြန်းခြင်းလည်းမရှိ စုံစမ်းခြင်းလည်းမရှိဘဲ အခုလို လုပ်လိုက်တယ်ဆိုတော့ တော်တော်စိတ်မကောင်းဘူး။ ကျွန်တော်တို့ ဂုဏ်သိက္ခာလည်း ထိခိုက်တယ်။ လုပ်မှားကိုင်မှားရှိရင် လုပ်မှားကိုင်မှားကြောင့်ဆိုရင်လည်း တစ်မျိုးပေါ့။ အခုက ဘာအကြောင်းပြချက်မှမရှိဘဲ အခုလို ရုပ်သိမ်းလိုက်တယ်ဆိုတာကြီးက ကျွန်တော်တို့မြို့နယ်ရဲ့ ဂုဏ်သိက္ခာ၊ တစ်မြို့နယ်လုံး ဂုဏ်သိက္ခာကိုလည်း ထိခိုက်တဲ့သဘောလည်း ရှိတာပေါ့” ဟု ပြောကြားသည်။
မြို့နယ်အလုပ်အမှုဆောင်အဖွဲ့ တစ်ခုလုံးအား ပါတီတာဝန်မှ ထုတ်ပယ်ခဲ့သည့်အကြောင်းနှင့် ပတ်သက်၍ တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်ပြီး ၀ါးခယ်မမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်ထံ ဆက်သွယ်မေးမြန်းရာတွင် ဆက်သွယ်၍ မရခဲဲ့ပေ။
-
အင်းလေးကန် အရှေ့ဖက်ကမ်းရှိ Inle Princess Resort ဟိုတယ် မီးလောင်မှုဖြစ်ပွား
-
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေး သင်တန်းဆင်းပွဲများကျင်းပ
-
တန်ဆောင်မုန်းလပြည့်ည ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် စျေးရောင်းပွဲတော်နှင့် ဂီတပွဲတော်မြင်ကွင်းများ
-
ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ESM ခြေလှမ်းများ
-
ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်လုံးကျွတ် တန်ဆောင်တိုင်ဆွမ်းကြီးလောင်းပွဲနှင့် နိဗ္ဗာန်ဈေးအလှူပွဲ မြို့ခံပြည်သူများ၊ ဒေသခံပြည်သူများဖြင့် စည်ကား