ယူကရိန်းသမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ဧပြီ ၂၂ ရက် အစောပိုင်း၌ ရလဒ်အားလုံးနီးပါး တရားဝင်ထုတ်ပြန်ချိန်တွင် နိုင်ငံရေးအတွေ့အကြုံလုံးဝမရှိသော ဇာတ်မြူးသရုပ်ဆောင်တစ်ဦးက အပြတ်အသတ် အနိုင်ရခဲ့သည်။ နိုင်ငံရေးအတွေ့ အကြုံဆို၍ ရုပ်သံအစီအစဉ်တစ်ခုတွင် သမ္မတအဖြစ် သရုပ်ဆောင်ခဲ့မှုသာရှိသော ဗိုလော့မိုင်ယာဇယ်လင်စကီးသည် ထောက်ခံမဲ ၇၃.၂ ရာခိုင်နှုန်း ရရှိခဲ့ပြီး လက်ရှိသမ္မတ ပီထရိုပိုရိုရှင်ကိုအား အနိုင်ရခဲ့ခြင်းဖြစ်သည်။
ဧပြီ ၂၁ ရက် ရွေးကောက်ပွဲအပြီး မဲ ၈၅ ရာခိုင်နှုန်း ရေတွက်ပြီးချိန်၌ ပိုရိုရှင်ကိုသည် ထောက်ခံမဲ ၂၄.၄ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး အသက် ၄၁ နှစ်ရှိ ဇာတ်မြူးသရုပ်ဆောင် ဇယ်လင်စကီးကို ရှုံးနိမ့်ခဲ့သည်။ ယင်းရလဒ်သည် အစောပိုင်းတွင် ပြက်လုံးတစ်ခုဖြင့် စတင်ခဲ့သည့် ဇယ်လင်စကီး၏ မဲဆွယ်စည်းရုံးမှုအတွက် အလွန်အမင်း အံ့အားသင့်စရာကောင်းသည့် ရလဒ်ဖြစ်ခဲ့သည်။ ယူကရိန်းတွင် လူမှုရေးဆိုင်ရာ တရားမမျှတမှု၊ အကျင့်ပျက်ခြစားမှု၊ သေဆုံးသူ ၁၃၀၀၀ ခန့် ရှိလာပြီဖြစ်သည့် ယူကရိန်းအရှေ့ပိုင်းမှ ရုရှားကျောထောက်နောက်ခံပြုခွဲထွက်ရေး လှုပ်ရှားသူများနှင့် ယူကရိန်းအစိုးရကြား စစ်ပွဲတို့ကိုယူကရိန်းပြည်သူများက စိတ်ပျက်နေကြသည်။
Servant of the People ရုပ်သံဇာတ်လမ်းတွဲတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဇယ်လင်စကီးသည် ယခုအခါ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသော လူဦးရေ ၄၅ သန်းရှိသည့် နိုင်ငံကို ဦးဆောင်ရမည်ဖြစ်ပြီး မရေရာမှုများရှိနေသော နိုင်ငံရေးဆိုင်ရာ ပလက်ဖောင်းများကို လည်ပတ်ရမည်ဖြစ်သည်။ “ခင်ဗျားတို့ကို ဘယ်တော့မှ မဆုံးရှုံးစေရဘူး။ ဆိုဗီယက်ခေတ်လွန်နိုင်ငံတွေကို ပြောချင်ပါတယ်။ ဘယ်အရာမဆို ဖြစ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ကို ကြည့်ကြပါ” ဟု ဇယ်လင်စကီးက ၎င်း၏ မဲဆွယ်ဌာနချုပ်တွင် ထောက်ခံသူများကို ပြောကြားခဲ့သည်။
၎င်းင်း၏မှတ်ချက်များသည် အာဏာထိန်းချုပ်မှု နှစ်ပေါင်း ၂၀ ရှိလာပြီဖြစ်သော အိမ်နီးချင်းရုရှားမှ သမ္မတဗလာဒီမာပူတင်ကို ရည်ညွှန်းဖွယ်ရှိပြီး ယူကရိန်းရွေးကောက်ပွဲကို လူအများအပြားက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည်။ ယူကရိန်းသမ္မတအဖြစ် ရွေးချယ်ခံရသည့် ဇယ်လင်စကီးအား ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ပိုလန်သမ္မတ အင်ဒါဇက်ဒူဒါတို့အပါအဝင် ဥရောပနှင့် ယင်းကိုကျော်လွန်သော နိုင်ငံများမှ ဂုဏ်ပြုချီးကျူးမှုများ ပြုလုပ်ခဲ့ကြသည်။ ယူကရိန်းအား ဆက်လက်ထောက်ပံ့မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း နေတိုးအတွင်းရေးမှူးချုပ် ယန်းစတော်တင်ဘတ်နှင့် ဥရောပ ကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တက်တို့က ပြောကြားခဲ့ကြသည်။
မဲပေးပြီး ထွက်လာသူများအား မေးမြန်းထားသည့် စစ်တမ်းများအရ ဇယ်လင်စကီးသည် ယူကရိန်းအရှေ့ပိုင်းတွင် ထောက်ခံမဲ ၈၇ ရာခိုင်နှုန်း ရရှိခဲ့ပြီး လက်ရှိသမ္မတ ပိုရိုရှင်ကိုက အစဉ်အလာအရ ထောက်ခံမှု အားကောင်းသည့် နိုင်ငံအနောက်ပိုင်းတွင်ပင် အနိုင်ရခဲ့သည်။
အသက် ၅၃ နှစ်ရှိ ပိုရိုရှင်ကိုက ရွေးကောက်ပွဲရလဒ်များသည် ရှင်းလင်းပြတ်သားနေပြီး ၎င်း၏ ပြိုင်ဘက်အား ဂုဏ်ပြုရန် လုံလောက်ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာ အသိုင်းအဝိုင်းသည်လည်း ယူကရိန်း၏ အနောက်တိုင်းလိုလားသော လမ်းကြောင်းကို ထိန်းသိမ်းပေးမှုတွင် ကူညီရန် ၎င်းက တိုက်တွန်းခဲ့သည်။
Ref ; AFP
-
အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးကြိုး ပမ်းမှုများအပါအဝင် အခြားကိစ္စရပ်များကိုဆွေးနွေး
-
နှစ်ပေါင်း(၇၀)ရှိ အင်ဂျင်နီယာဘာသာရပ်ကို အဓိကထားသင်ကြားပို့ချလျက်ရှိသည့် ကူမင်းသိပ္ပံနှင့် နည်းပညာတက္ကသိုလ်ကို နစက ဥက္ကဋ္ဌသွားရောက်လေ့လာ
-
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့်ကူးလူးဆက်ဆံမှုရှိသည့် ယူနန်အသက်မွေးဝမ်းကျောင်းနှင့် စက်မှုလက်မှုနည်းပညာကောလိပ်
-
ကုန်စည်များ ဘက်စုံပို့ဆောင်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းကာ နိုင်ငံတော်၏ ကုန်သွယ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မည်
-
၄၅ နှစ်ကြာပြီးနောက် ကမ္ဘောဒီးယားနှင့် ထိုင်း နှစ်နိုင်ငံကြား ရထားလမ်း ပြန်လည်ဖွင့်လှစ်