အိန္ဒိယနိုင်ငံ၏ မာရသွန်ရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံးကို မဲပေးရွေးချယ်ရမည့် စူပါအင်္ဂါနေ့ (ဧပြီ ၂၃ ရက်) တွင် ဝန်ကြီးချုပ် နရင်ဒရာမိုဒီက မဲပေးခဲ့သည်။ ၎င်း၏မွေးရပ်မြေ ဂူဂျရတ်ပြည်နယ်၌ မဲထည့်ခဲ့ပြီးနောက် အမျိုးသားရေးဝါဒီခေါင်းဆောင်မိုဒီက မဲပေးမှုအား ဟိန္ဒူများက ဂင်္ဂါမြစ်တွင် ရေချိုးပြီး မကောင်းမှုများအား ဆေးကြောသန့်စင်မှုနှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်။
ဧပြီ ၂၃ ရက် ရွေးကောက်ပွဲတွင် ပြည်နယ် ၁၅ ခု၌ အမတ်နေရာ ၁၁၇ နေရာကို မဲပေးရွေးချယ်ကြမည်ဖြစ်ပြီး သီတင်းပတ်ခြောက်ပတ်ကျော် ကြာမြင့်သော ရွေးကောက်ပွဲတွင် မဲပေးမှုအဆင့်ခုနစ်ဆင့်အနက် အမတ်အရေအတွက် အများဆုံးကို မဲပေးမှုဖြစ်လာမည်ဖြစ်သည်။
မိုဒီသည် အသက် ၉၈ နှစ်ရှိပြီဖြစ်သော ၎င်း၏မိခင်နှင့် တွေ့ဆုံခဲ့ပြီးနောက် မဲပေးရန်အတွက် ဂူဂျရတ်၏ အဓိကမြို့ဖြစ်သည့် အာမက်ဒါဘတ်သို့ အမိုးဖွင့်ကားဖြင့် သွားရောက်စဉ် လမ်းတစ်လျှောက် ထောက်ခံသူများကို ဝှေ့ယမ်းနှုတ်ဆက်ခဲ့သည်။ အိန္ဒိယအနောက်ပိုင်း ဂူဂျရတ်ပြည်နယ်အား ဆယ်စုနှစ် တစ်ခုကျော်ကြာ အုပ်ချုပ်ခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသည့် မိုဒီက မဲဆန္ဒရှင်သန်း ၉၀၀ က မဲလာထည့်ကြရန် လိုအပ်ကြောင်း မဲဆွယ်မှုများ၌ အလေးပေးပြောကြားခဲ့သည်။ မဲပေးခြင်းဖြင့် Kumbh ပွဲတော်တွင် ရေချိုးပြီး သန့်စင်မှုရရှိခဲ့သည့် ခံစားမှုမျိုးရရှိကြောင်း မိုဒီက ဂင်္ဂါမြစ်တွင် ဟိန္ဒူအများအပြားက ရေချိုးသန့်စင်မှုနှင့် နှိုင်းယှဉ်ပြောကြားခဲ့သည်။
ရွေးကောက်ပွဲ မဲဆွယ်မှုတွင် အဓိကအ တိုက်အခံ ကွန်ဂရက်ပါတီက မိုဒီအစိုးရ၏ စီးပွားရေးကိုင်တွယ်မှုအား ဝေဖန်တိုက်ခိုက်နေချိန်၌ မိုဒီက နိုင်ငံလုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတို့အား အဓိကမဲဆွယ်ခဲ့သည်။ အထင်ကြီးလောက်ဖွယ် စီးပွားရေး တိုးတက်မှုရရှိခဲ့သော်လည်း မိုဒီ၏ ဟိန္ဒူအမျိုးသားရေးဝါဒီ BJP က အလုပ်အကိုင်များစွာ ဖန်တီးနိုင်ခဲ့ခြင်းမရှိချိန်တွင် ယခုရွေးကောက်ပွဲသည် မိုဒီ၏ ငါးနှစ်ကြာ အုပ်ချုပ်မှုအား ဆန္ဒခံယူပွဲအဖြစ် ရှုမြင်ခံရသည်။
ဂူဂျရတ်ပြည်နယ်မှ ဥပဒေပြုအမတ် ၂၆ ဦးအား အိန္ဒိယပါလီမန်အတွက် ရွေးချယ်ချိန်တွင် လက်ယာယိမ်း BJP ပါတီသည် ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲတွင် ထိုအမတ် နေရာအားလုံးကို အနိုင်ရခဲ့သည်။ မိုဒီက ၎င်း၏ အနီးကပ်လက်တွဲဖက်ဖြစ်သူ BJP ဥက္ကဋ္ဌနှင့် သြဇာရှိသူ အာမက်ရှာက ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင် မဲပေးခဲ့ခြင်းဖြစ်သည်။
အိန္ဒိယတောင်ပိုင်းသည် ပုံမှန်အားဖြင့် ဒေသဆိုင်ရာပါတီများ၏ ခြေကုပ်ဖြစ်သည်ဟု ယူဆခံထားရချိန်တွင် ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ရာဟူးဂန္ဒီသည် ကေရာလာပြည်နယ်၊ Wayanad မဲဆန္ဒနယ်၌ စွန့်စားပြီး ယှဉ်ပြိုင်ခဲ့သည်။ ယင်းကဲ့သို့ ယှဉ်ပြိုင်မှုသည် အိန္ဒိယတောင်ပိုင်းကို ကတိခံသည့်လက္ခဏာဖြစ်ကြောင်း ဂန္ဒီက ပြောကြားခဲ့သော်လည်း ၎င်းသည် အစဉ်အလာ မဲဆန္ဒနယ်ဖြစ်သော နိုင်ငံမြောက်ပိုင်း ဥတ္တရပရာဒေ့ရှ်ပြည်နယ်၌ ရှုံးနိမ့်မည်ကို စိုးရိမ်ခြင်းကြောင့် မယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု အတိုက်အခံများက ဝေဖန်ခဲ့ကြသည်။
အိန္ဒိယရွေးကောက်ပွဲဥပဒေအရ ကိုယ်စားလှယ်လောင်းများသည် မဲဆန္ဒနယ်နှစ်ခုအတွက် ယှဉ်ပြိုင်နိုင်သော်လည်း နှစ်ခုစလုံး၌ အနိုင်ရခဲ့လျှင် အမတ်နေရာတစ်ခုသာ ရရှိမည်ဖြစ်သည်။ ဂန္ဒီသည် ဥတ္တရပရာဒေ့ရှ်ပြည်နယ် အာမက်သီမဲဆန္ဒနယ်၌လည်း ယှဉ်ပြိုင်ခဲ့သည်။ ဧပြီ ၁၁ နှင့် ၁၈ ရက်တွင် ကျင်းပခဲ့သော ယခင်နှစ်ကျော့၌ မဲလာထည့်မှုသည် ရာခိုင်နှုန်း ၇၀ ခန့်ရှိခဲ့သည်။ Ref ; AFP
-
■ ရန်ကင်းမြို့နယ်ရှိ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ရန်အောင်၏ နေအိမ်ကို PDF အဖွဲ့က သတိပေးဖောက်ခွဲ တိုက်ခိုက်ခဲ့ဟုဆို
-
ဟုမ္မလင်းမြို့နယ်တွင် ကျေးရွာပေါင်း ၁၈၀ ကျော် အသုံးပြုနေသည့် ဥရုတံတား၏ ကမ်းကပ်ခုံမှာ ဥရုမြစ်ရေတိုက်စားမှုကြောင့် ပျက်စီးနိုင်သည့်အတွက် ကမ်းထိန်းနံရံ အမြန်ဆုံး တည်ဆောက်ပေးရန် စစ်ကိုင်းတိုင်းလွှတ်တော်တွင် မေးမြန်း
-
လင်းခေးခရိုင်အတွင်းရှိ သုံးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ရေနစ်မြုပ်
-
တာမွေမြို့နယ် NLD ပါတီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဓာတ်ပုံ အသုံးပြုမဲဆွယ်ခြင်းသည် ပြည်သူ့ဝန်ထမ်း အကူအညီ ရယူရာရောက်သည်ဟုဆိုကာ ကန့်ကွက်ထားမှုအပေါ် ပုံရိပ်ကို အသုံးပြုခြင်းသည် စပ်ဆိုင်မှုမရှိကြောင်း ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင
-
နိုဝင်ဘာ ၂၁ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်ကျောင်းများ ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၄ ရက်မှစ၍ ပိတ်ရက်မရှိ လက်ခံပေးမည်