အာဖဂန်နစ္စတန်တွင် တာလီဘန်နှင့် အခြားသော သူပုန်အဖွဲ့များ၏ လက်ချက်ကြောင့် သေဆုံးရသည့် အာဖဂန်ပြည်သူအရေအတွက်ထက် အမေရိကန်နှင့် အာဖဂန်အစိုးရ လိုလားသော တပ်ဖွဲ့များကြောင့် သေဆုံးရသည့် ပြည်သူအရေအတွက်က ပိုများနေကြောင်း ဧပြီ ၂၄ ရက်က ထုတ်ပြန်သော ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြထားသည်။
တာလီဘန်အဖွဲ့နှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ရရှိရန် တွန်းအားပေး ဆောင်ရွက်နေချိန်၌ အမေရိကန်သည် အာဖဂန်နစ္စတန်တွင် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာနေစဉ် ကုလ၏ အစီရင်ခံစာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ တာလီဘန်အဖွဲ့သည် ၎င်းတို့တိုက်ထုတ်ခံရခဲ့သည့် ၂၀၀၁ ခုနှစ် ကာလများထက် ယခုအချိန်တွင် အာဖဂန်ရှိ ဒေသအများအပြားကို ပိုမိုလွှမ်းမိုးချုပ်ကိုင်ထားသည်။
၂၀၁၉ ခုနှစ် ပထမသုံးလအတွင်း သူပုန်အဖွဲ့များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူ ၂၂၇ ဦး သေဆုံးခဲ့သော်လည်း နိုင်ငံတကာတပ်ဖွဲ့နှင့် အာဖဂန်အစိုးရ လိုလားသောတပ်ဖွဲ့များ၏ သူပုန်နှိမ်နင်းရေး တိုက်ခိုက်မှုအတွင်း သေဆုံးရသော ပြည်သူအရေအတွက်မှာ ၃၀၅ ဦးထိ ရှိနေကြောင်း ကုလသမဂ္ဂ၏ အာဖဂန်နစ္စတန်အတွင်း အကူအညီပေးရေးအဖွဲ့UNAMA ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
လူသေဆုံးမှုကိုဖြစ်စေသော အဓိကအကြောင်းရင်းမှာ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများနှင့် အမေရိကန် ကျောထောက်နောက်ခံပြု အာဖဂန်တပ်ဖွဲ့မှ လုပ်ဆောင်သည့် မြေပြင်၌သူပုန်ရှာဖွေမှု စစ်ဆင်ရေးတို့ကြောင့်ဖြစ်ကြောင်း UNAMA က ဆိုသည်။ အခြားသောနိုင်ငံများက အာဖဂန်အား တပ်သားများနှင့် စစ်ဘက်နည်းပညာများ ပံ့ပိုးပေးနေချိန်တွင် အမေရိကန်၏ B52 ဗုံးကြဲလေယာဉ်များသည် အာဖဂန်ဝေဟင်၌ လေကြောင်းတိုက်ခိုက်မှုများကို အများဆုံး လုပ်ဆောင်နေကြောင်း သိရသည်။
အာဖဂန်အမျိုးသားလုံခြုံရေးတပ်ဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ လက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးနေမှု စွပ်စွဲချက်များကို စုံစမ်းလေ့လာမှုများပြုလုပ်ရန်၊ ၎င်းတို့ ရှာတွေ့ထားမှုများ၏ ရလဒ်များကို ထုတ်ဖော်ပြသရန်၊ သေဆုံးသွားသည့် အပြစ်မဲ့ပြည်သူများအား သင့်လျော်သော နစ်နာကြေးပေးအပ်ရန် UNAMA က တောင်းဆိုထားသည်။
၂၀၁၉ ခုနှစ် ပထမသုံးလအတွင်း သေဆုံးခဲ့သော အာဖဂန်ပြည်သူအရေအတွက်သည် ၂၀၁၈ ခုနှစ် ပထမသုံးလအတွင်း သေဆုံးသောအရေအတွက်ထက် ၂၃ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ လူသေဆုံးမှုနှုန်း လျော့ကျသွားခြင်းသည် အသေခံဗုံးခွဲ တိုက်ခိုက်မှု နည်းပါးသွားခြင်းကြောင့်ဖြစ်သော်လည်း တာလီဘန်နှင့် အမေရိကန် သံတမန်အဖွဲ့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွင်း တာလီဘန်တို့က အပြစ်မဲ့ပြည်သူများ တတ်နိုင်သမျှ သေဆုံးခြင်းမရှိစေရန် ကြိုးပမ်းခဲ့ခြင်းကြောင့် အရေအတွက် လျော့ကျသွားခြင်းလားဆိုသည်ကို UNAMA အဖွဲ့က သိရှိထားခြင်းမရှိပေ။
ပြီးခဲ့သည့်နှစ်သည် အာဖဂန်အတွင်း လူသေဆုံးမှုအများဆုံးနှစ်ဖြစ်ပြီး ပြည်သူ ၃၈၀၄ ဦး သေဆုံးခဲ့ကြောင်း UNAMA က ဆိုသည်။
-
သရုပ်ဆောင် မေမီကိုကိုရဲ့ ငယ်ဘဝအမှတ်တရ ဖြတ်သန်းရာ
-
မာဗယ်၏ ပထမဦးဆုံး ရုပ်ပြစာစောင်ကို လေလံတင်ရောင်းချရာ ဒေါ်လာ ၁.၃ သန်း ရရှိ
-
သရုပ်ဆောင် ခရစ္စတင်းဘဲလ်နှင့် အဆိုတော်၊ သရုပ်ဆောင် အဒီးနားမန်ဇယ်တို့ ဟောလိဝုဒ် Walk of Fame တွင် ကြယ်ပွင့်ဖြင့် ဂုဏ်ပြုခံရ
-
တစ်ရှိန်ထိုးအောင်မြင်လာသည့် ရက်ပ်အဆိုတော် လစ်ဇိုက (၆၂) ကြိမ်မြောက် ဂရမ်မီဆန်ခါတင်စာရင်းတွင် ဦးဆောင်
-
ပိုင်တံခွန် ပါဝင်ခွင့်ရရှိခဲ့သည့် ထိုင်းရုပ်သံအစီအစဉ် Farang Day ၏ Host ဖြစ်သူ Sunny Burns မြန်မာနိုင်ငံသို့ လာရောက်မည်